အသက် ၅၆နှစ်အရွယ်ရှိ ထိုင်းအလုပ်ရှင်ကို သတ်ဖြတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားသည့် အမှုနှင့် ပတ်သက်၍ သံသယရှိသူ ၅ဦးကို ဗုဒ္ဒဟူးနေ့က ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၂ဦး ပါဝင်ကြောင်း Bangkok Post သတင်းကဆို သည်။
လူသတ်မှုမှာ ကန်ချဘူရီ ပြည်နယ် ဆိုင်ယွက်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံသား ဖုဖာသွန် ဖသွန်ခန်း(၃၆နှစ်)၊ နက်သဖွန်(၂၇နှစ်)၊ မွန်ထရီ ဆွန်ခမ်း(၂၂နှစ်)၊ မြန်မာနိုင်ငံသားများဖြစ်သည့် ဆိုနီ (၂၅နှစ်)၊ နွယ်အောင် (၃၆)နှစ်တို့ကို လူသတ်ရန် ကြိုတင်ကြံစည်မှု၊ လူသတ်မှု အလောင်းဖျောက်ဖျက် မှုဖြင့် ဖမ်းဆီးထားကြောင်း ရဲဗိုလ်မှူးကြီး ဖူမင်း ဖွမ်ဖန်မြောင်က ဆိုသည်။
အသတ်ခံရသူမှာ နဝါပေါင် ဆက်ချ်သမ် ဖိဝပ် ဖြစ်ပြီး၊ ၎င်း၏ ဇနီးနှင့် လူသတ်မှုဖြင့် သံသယရှိသည့် ဖုဖာသွန်တို့ ဖောက်ပြန်နေသည်ကို တွေ့မြင်ပြီးနောက် ရန်ငြိုး ရန်စရှိကာ သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ရဲအရာရှိ ဖူမင်းက ပြောသည်။
ဖုဖာသွန်နှင့် မြန်မာနိုင်ငံသား ဆိုနီတို့မှာ သေဆုံးသူ နဝါပေါင် ဆက်ချ်သမ် ဖိဝပ်ထံမှ အလုပ်လုပ် ကိုင်နေသူများ ဖြစ်ပြီး အခြားသံသယတရားခံနှစ်ဦးမှာလည်း ဆိုနီ၏ သူငယ်ချင်းများဖြစ်ကြ ဖြစ်ကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သည့်နေ့က မြန်မာ ၂ဦးဖြစ်သည့် ဆိုနီနှင့် နွယ်အောင်တို့ ၂ဦးမှာ ဆိုင်ယောက်ခရိုင် ရှိ သေဆုံးသူ နဝါပေါင် ဆက်ချ်သမ် ဖိဝပ်၏နေအိမ်သို့ သွားရောက်ကာ ဆိုနီက နေအိမ်အတွင်းသို့ ဝင်၍ စားသောက်ပြီး ဟန်မပျက် နေထိုင်ခဲ့ကြောင်း၊ နွယ်အောင်ကမူ အိမ်အပြင်တွင် စောင့်ဆိုင်းနေ ကြောင်း၊ ထို့နောက် အိမ်တွင် ကြိုတင်ရောက်ရှိနေသည့် ဖုဖာသွန်က အလုပ်ရှင် နဝါပေါင် ဆက်ချ်သမ် ဖိဝပ် အား ဓားဖြင့်ထိုးသကဲ့သို့ နွယ်အောင်ကလည်း ရိုက်နှက်ခဲ့ကြောင်း ထွက်ဆိုသည်။
ထို့နောက် နွယ်အောင်က သေဆုံးသူ၏ ပစ်ကပ်ကားကို မောင်း၍ အလောင်းရွှေ့ရန် မွန်ထရီနှင့် နက်သဖွန်တို့ကို သွားခေါ် ခဲ့ကြောင်း၊ အလောင်းကို အခင်းဖြစ်ပွားသည့်နေရာမှ ၁၀ ကီလိုမီတာဝေး သော ပီလောပီနံစိုက်ခင်းတခင်းထဲသို့ မီးရှို့ အစ ဖျောက်ရန် သယ်သွားပြီးနောက် သေဆုံးသူ၏ မွေ့ယာကို အသုံးပြု၍ ကားတာယာအဟောင်းနှင့်ဓာတ်ဆီဖျန်းကာ အလောင်းကို မီးတင်ရှို့ခဲ့ကြောင်း၊ သို့သော် မီးသိပ်မလောင်သဖြင့် ကျင်းတူးကာ တစိတ်တပိုင်းမီးလောင်နေသော အလောင်းကို မြှပ်နှံခဲ့ကြကြောင်း ရဲမှူးဖူမင်းက ပြောသည်။
အလောင်းကို ကျင်းထဲ မမြှပ်နှံမီ ဆိုနီက အလောင်း၏ဦးခေါင်းပိုင်းကို တူရွင်းဖြင့် ရိုက်ခဲ့သေးကြောင်း ရဲမှူးက ဆက်ပြော သည်။
သုံးရက်အကြာတွင် ဆိုနီသည် အလောင်းမြှပ်ထားသောနေရာသို့ ပြန်လာပြီး မြစ်ထဲသို့မျော၍ အစမဖျောက်မီ အလောင်း ဦးခေါင်းပိုင်းကို တူး၍ မီးရှို့ခဲ့ကြောင်းသိရသည်။
သတ်ဖြတ်မှုတွင် သံသယရှိသူ ဖုဖာသွန်က ပိုင်ဆိုင်မှုအတွက် အလုပ်ရှင်ကို သတ်ဖြတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုပြီး ထိုသို့ သတ်ဖြတ်ရန် တလကြာ စီစဉ်ခဲ့ရသည်ဟု ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
မြန်မာနိုင်ငံသား ဆိုနီကမူ သေဆုံးသူကို ၎င်းအနေဖြင့် အမှန်တကယ်လေးစားပါသော်လည်း သေဆုံးသူသည် မှော် အတတ်လက်တွေ့ တတ်မြောက်နေသည်ဟု လှည့်စားအယုံသွင်း ခံခဲ့ရခြင်းကြောင့် သတ်ဖြတ်မိခြင်းဖြစ်ကြောင်း၊ ယင်းမှော်အတတ်သည် ၎င်းမိသားစုကို ကံဆိုးမိုးမှောင်ကျစေခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုသည်ဟု သိရသည်။
ယင်းတို့ ၅ ဦးကို မဖမ်းဆီးနိုင်မီ သေဆုံးသူ၏သားဖြစ်သူ ဖိဆက်က ဖခင်ပျောက်ဆုံးမှုအတွက် သြဂုတ်လက ရဲတိုင်ချက် ဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနှင့် ဖုဖာသွန်မှာ ၎င်းတို့အား ဒုက္ခပေးမည်ကို သံသယရှိ ကြောင်း တိုင်ချက်တွင် ထည့်သွင်းဖွင့်ခဲ့သည်။
ဖုဖာသွန်ကို ဖခင်ဖြစ်သူက ၂၀၁၂ ခုနှစ်မှစတင်၍ လယ်အလုပ်အတွက် ငှားရမ်းစေခိုင်းခဲ့ကြောင်း၊ မိခင်ဖြစ်သူနှင့် စုံတွဲခုတ်သည်မှာ လွန်ခဲ့သည့်တနှစ်က ဖြစ်ကြောင်းလည်း ဖိဆက်က ရဲကို ပြောခဲ့သည်။