စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အပိုင် မင်းကုန်း(ဂ)ကျေးရွာရှိ မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ နတ်တလူ သာသနာပြုစခန်းမှ ဦးပဉ္စင်းတပါးက ကျေးလက်နေ အမျိုးသမီးငယ်တဦးအပေါ် ကာမလိမ်လည်ရယူကာ ကိုယ် ဝန်ရှိလာသည့်အခါ အခြားတဦးဖြင့် အတင်းအဓမ္မ လက်ထပ်ခိုင်းစေခြင်းများပြုလုပ်ခဲ့မှုကို အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း နှောင့်နှေးကြန့်ကြာနေလျက်ရှိကြောင်း အဆိုပါ အမျိုးသမီးငယ်မှ ပြောပြသည်။
အဆိုပါ အမျိုးသမီးငယ်ကို အသက် ၅၀ ဝန်းကျင်အရွယ် ဦးဝရဉာဏ၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကို ခံခဲ့ရသဖြင့် ယခုအခါ သားလေးတဦးကို မွေးဖွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ဆိပ်ခွန်မှာ ကျမ ရက်ကန်းအလုပ်လုပ်နေတဲ့အချိန်မှာ ရွာကအမေက စောင်ထည့်ပေးလိုက်တယ်ဆိုပြီး လိမ်ပြီးတော့ ခေါ်ပါတယ်၊ ကျမက တကယ်ပဲ စောင်ထည့်ပေးလိုက်တယ် ထင်ပြီး စောင်သွားယူတယ်၊ အဲဒီလို သွားယူတဲ့အချိန်မှာ အခန်းတခု ထဲခေါ်သွားပြီး မတရားအဓမ္မပြုကျင့်ခံခဲ့ရတာပါ”ဟု အမျိုးသမီးက သြဂုတ် ၃၀ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈လမ်း၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ ကွန်မြူနတီစင်တာ(လူထုနေရာ)တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုချက်အရ အမျိုးသမီးသည် ၂၀၁၅ခုနှစ်အတွင်း ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ကျေးရွာတွင် ရက်ကန်းပညာ သွားရောက်သင်ကြားနေစဉ် ဒီဇင်ဘာလတွင် မိဘများနှင့် ဆရာ-ဒကာ ဆက်ဆံရေး ရှိသည့် ဦးဝရဉာဏက ဖုန်းဆက်လာသဖြင့် ရက်ကန်း သင်နေသည့်ရွာမှ ရွှေဘိုမြို့ပေါ်ရှိ ချိန်းထားသည့်နေရာသို့ သွားရောက်ခဲ့ကြောင်း ပြောပြသည်။
“စောင်သွားယူတော့ သူ့ကို လူဝတ်ကြီးနဲ့တွေ့ရတယ်၊ ဘောင်းဘီအရှည်နဲ့မျက်မှန်နဲ့ဖြစ်နေတာကို တွေ့ရလို့ လူထွက်တာလားလို့ မေးတော့ မဟုတ်ဘူး ဖိုးခွားက ဆိုင်ကယ်ကို မြို့ထဲမကျွမ်းလို့ ငါ လူလို ခဏလဲလာတာလို့ ပြောပါတယ်၊ ကျမသိတာတော့ ရွာက ဘုန်းကြီးပဲဆိုပြီး ဘာမှ ဆက်မမေးတော့ဘဲ စောင်က ဖိုးခွားဆီမယ် စောင်သွားယူရအောင်ဆိုပြီး တော့ ကျမကို တနေရာကို ခေါ်သွားပြီး အိမ်တအိမ်ထဲကို ဝင်သွားပါတယ်”ဟု အမျိုးသမီးက ဆက်လက်ပြောသည်။
ဦးဝရဉာဏသည် သူ့အား ဘူတာတစ်ခုအနီးရှိ ဒကာ၊ ဒကာမများအိမ်ဟုဆိုသော တည်းခိုးခန်းတခုသို့ခေါ်သွားပြီး အခန်းထဲလိုက်ခဲ့ဟု ခေါ်ဆောင်သွားပြီးနောက် ခြုံစောင်လူကြုံပေးလိုက်သည် ဆိုသည်မှာ လိမ်ပြောခြင်း ဖြစ်ကြောင်း၊ ဦးဝရဉာဏက သူနှင့်အိပ်ရမည်၊ မအိပ်လျှင် ပြန်မပို့ဘူး၊ သတ်ပြစ်ခဲ့လည်း ဘယ်သူမှမသိဘူးဟု ခြိမ်းခြောက်ကြောင်း ဆက်လက် ပြောဆိုသည်။
“ကျမကလည်း ရွှေဘိုမှာ သူ့ရဟန်းဒကာမတွေရှိနေတယ်ဆိုတာ သိတော့ သူ့ဒကာမ အိမ်ကိုပဲ ဝင်သွားလား ဆိုပြီးတော့ လိုက်သွားမိပါတယ်၊ အခန်းထဲရောက်တော့ သူက အခန်းကိုပိတ်လိုက်ပါတယ်၊ နင့်အမေက စောင်ပေးခိုင်းတာလည်း မဟုတ်ဘူး၊ နင်ငါနဲ့အိပ်ရမှာ ငါနဲ့မအိပ်လို့ရှိရင် ပြန်မပို့ဘူး၊ ဒီအခန်းထဲမှာ သတ်ပစ်ထားလည်း မသိဘူးလို့ ပြောပါတယ်၊ ကျမ သူ့ကို ငိုယိုပြီးတော့အကြိမ်ကြိမ် တောင်းပန်ပါတယ်၊ တောင်းပန်လို့မရတော့ အော်ပါတယ်”ဟု ပြောသည်။
သူ့အနေဖြင့် ငိုယိုတောင်းပန်ပြီး အော်ဟစ်အကူအညီတောင်းခံခဲ့သော်လည်း ဦးဝရဉာဏမှ “နင်အခုရောက်နေတဲ့နေရာက ကုလားတည်းခိုခန်းထဲ ရောက်နေတာ၊ နင့်ကို ဘယ်သူမှ အကူအညီပေးမှာ မဟုတ်ဘူး”ဟု ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်ပြီးနောက် တဦးတယောက်ကို ပြောပြလျှင် သတ်ပစ်မည်ဟု ထပ်မံခြိမ်းခြောက် ပြောဆိုမှုများကို ပြုလုပ်ခဲ့ရာ ကြောက်လန့်ပြီး မည်သူကိုမှ ပြန်မပြောဘဲ နေခဲ့သည်ဟု ပြောပြသည်။
ဦးဝရဉာဏသည် သားမယားပြုကျင့်ပြီးနောက် ဆေးနှစ်လုံးတိုက်ကာ ရက်ကန်းသင်နေသည့် ရွာသို့ ပြန်ပို့ ပေးခဲ့သည်ဟု ဆိုသည်။
၂၀၁၆ ခုနှစ် မေလတွင် မင်းကုန်းရွာသို့ ပြန်လာခဲ့ပြီး ရက်ကန်း ရက်ကြောင်း၊ ယင်းနှစ် နိုဝင်ဘာလခန့်တွင် ဦးဝရဉာဏသည် အမျိုးသမီး အိမ်မှာ တဦးတည်း ရှိနေစဉ် အိမ်ပေါ်သို့ တက်လာပြီး ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ခဲ့ပြန်သည်။
“အဲဒီလိုဖြစ်တာကြောင့် ဆိပ်ခွန်မှာမနေရဲတော့ဘဲ အိမ်ကိုပြန်ပြီး ရက်ကန်းစင် ခွဲခတ်နေပါတယ်၊ တရက်မှာ အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ကျမစောင်ခြုံပြီး အိပ်နေတုန်းမှာ ဦးဝရဉာဏရောက်လာပြီး စောင်ကို ဆွဲဖွင့်မှ သူမှန်းသိခဲ့တယ်၊ အဲဒီ အချိန်မှာ ကျမကို မလုပ်ပါနဲ့ဘုရားလို့ တောင်းပန်ခဲ့ပေမယ့် ကျမလက်ကို လိမ်ချိုးတယ်၊ ကျမအော်တဲ့အချိန်မှာ ကျမပါးစပ်ထဲကို စောင်စထိုးထည့်ပြီးတော့ သူရဲ့အဓမ္မပြုကျင့်မှုကို ဒုတိယအကြိမ် ခံခဲ့ရပါတယ်”ဟု အမျိုးသမီးက ပြောသည်။
အဆိုပါကဲ့သို့ ဒုတိယအကြိမ်ကျူးလွန်မှုတွင်လည်း ဦးဝရဉာဏက လူကြီးတွေကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်မှုများကြောင့် မြိုသိပ်ထားခဲ့သည်ဟု ဆိုသည်။
ဒုတိယအကြိမ်ကျူးလွန်ပြီးနောက် တလခန့်အကြာတွင် နတ်တလူ သာသနာပြုစခန်းအနီး လယ်တောတွင် ကောက်လှိုင်းတိုက် သွားရောက်စဉ် ဦးဝရဉာဏရောက်ရှိလာပြီး လယ်တောရှိ တဲအတွင်း၌ တတိယအကြိမ်မြောက်ကျူးလွန်ခဲ့ကြောင်း ပြောသည်။
“ဦးဝရဉာဏရဲ့မတရားပြုကျင့်မှုကို ခံရတဲ့အချိန်တိုင်းမှာလည်း ကျမရဲ့ ဆန္ဒမပါပဲ ကျမ ရုန်းကန်ငြင်းဆန်ခဲ့ပါတယ်၊ ကျမမှာ ဦးဝရဉာဏရဲ့ မတရားပြုကျင့်မှုကြောင့် ကျမမှာ ကိုယ်ဝန်ရခဲ့ပါတယ်”ဟု အမျိုးသမီးက ဆိုသည်။
အဆိုပါကဲ့သို့ တတိယအကြိမ်မြောက် ကျူးလွန်ပြီးနောက် ဦးဝရဉာဏက လူထွက်၍ လက်ထပ်ယူပါမည်ဟု ပြောကြားခဲ့ရာ သူမ၏ အပျိုဘဝပျက်ဆီးခဲ့မှုကြောင့် ဦးဝရဉာဏအပေါ် ယုံကြည်ခဲ့မိကြောင်း၊ ကိုယ်ဝန်ရှိလာချိန်၌ ဦးဝရဉာဏအား ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆက်သွယ်ခဲ့ကြောင်း၊ ထိုနေ့ညနေတွင် ဦးဝရဉာဏသည် အခြားလူ သုံး၊ လေးဦးနှင့်အတူ ကားဖြင့် ရွှေဘိုမြို့သို့ လိုက်သွားခိုင်းခဲ့ပြီး မဟာဗောဓိမြိုင် ဆရာတော်အား လှူထားသောကားဖြင့် ဦးဝရဉာဏကိုယ်တိုင် နတ်တလူကျောင်းမှ ရွှေဘိုသို့ ထိုညတွင် လိုက်လာခဲ့သည်ဟု ဆိုသည်။
အဆိုပါကဲ့သို့ ခေါ်ဆောင်သွားခြင်းမှာ ရှိနေသည့် ကိုယ်ဝန်ဖျက်ချရန်အတွက်ဆိုသည်ကို ရောက်ရှိပြီးမှ သိခဲ့ရပြီး ကိုယ်ဝန်မှာ လရင့်နေသောကြောင့် လက်သည်မှ ဖျက်ချမပေးခဲ့ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတာကြောင့် ကျမကိုယ်ဝန်ရလာတဲ့အချိန်မှာ ကျန်းမာရေးဆေးစစ်ပေးမယ်ဆိုပြီတော့ ခေါ် သွားပြီးတော့ လက်သည်နဲ့ဖျက်ချဖို့ လုပ်ခဲ့ပါတယ်၊ ကျမ သဘောမတူဘဲ ငြင်းဆန်တဲ့အတွက် ကျမကို တောထဲက အိမ်တအိမ်ရဲ့ အခန်းတခန်းထဲမှာ ပိတ်လှောင်ထားတယ်”ဟု ပြောသည်။
အဆိုပါကဲ့သို့ ပိတ်လှောင်ထားပြီးနောက် တကြိမ်တခါမှ မမြင်ဘူး၊ မတွေ့ဘူးသည့် အောင်ဖြိုးဝေဆိုသူနှင့် အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်ထပ်စာချုပ်၌ လက်မှတ်ထိုးခိုင်းပြီး လက်ထပ်ခိုင်းခဲ့ကြောင်း၊ အောင်ဖြိုးဝေဆိုသူမှာ ဦးဝရဉာဏနှင့် ညီအကိုဝမ်းကွဲတော်စပ်ပြီး ဟန်ဆောင်လက်ထပ်ပေးသဖြင့် ဆိုင်ကယ်တစီးနှင့် ကျပ်သုံးသိန်း ဦးဝရဉာဏထံမှ ရကြောင်း ပြောဆိုသည်။
“အောင်ဖြိုးဝေနဲ့ လူသိရှင်ကြား ရွာမှာ လက်ထပ်မယ်ဆိုရင် ရွာပြန်ပို့ပေးမယ်၊ လက်မထပ်ရင် ပြန်မပို့ပေးဘူးတဲ့၊ ကျမလည်း ကိုယ်ဘယ်ရောက်နေမှန်းတောင် မသိတဲ့အပြင် ‘နင့်ကို ရောင်းစားပစ်လိုက်လို့ရတယ်’လို့ ပြောတယ်၊ ကိုယ်ဝန်လည်း ရင့်ပြီဆိုတော့ တခုခု လုပ်လိုက်မှာ စိုးရိမ်တာကြောင့် လက်ခံခဲ့ရတယ်၊ လက်ထပ်ခိုင်းပြီး ကျမအမေဆီမှာ ဟန်ပြပြီးတော့ ညကြီးမိုးချုပ် ကန်တော့ခိုင်းပါတယ်၊ သူနဲ့လက်ထပ်ခဲ့ပေမယ့် ပေါင်းသင်းခဲ့တာမျိုး မရှိခဲ့ပါဘူး”ဟု အမျိုးသမီးက ပြောပြသည်။
အဆိုပါကဲ့သို့ လက်ထပ်ပြီးနောက် မိတ္ထီလာမြို့နယ်ရှိ ညောင်ပင်သာရွာသို့ အောင်ဖြိုးဝေက သူ့ကိုခေါ်သွားပြီး ၎င်း၏ မိဘများအိမ်တွင် ထားခဲ့ပြီး ညောင်ပင်သာရွာမှာပင် သားယောက်ျားလေးကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်ဟု အမျိုးသမီးက ပြောသည်။
“အောင်ဖြိုးဝေက ညောင်ပင်သာကို ပို့ပြီးပြီးချင်း နယ်မှာအလုပ်ရှိလို့ဆိုပြီး ထွက်သွားတယ်၊ညောင်ပင်သာဆိုတဲ့ ရွာလေး မှာ ကျမ ကိုယ်ဝန်ကြီးနဲ့ မျက်စိသူငယ် နားသူငယ်နဲ့ ကလေးကို မွေးဖွားခဲ့ရပါတယ်၊ ကလေး နှစ်လသားရှိမှ အောင်ဖြိုးဝေ ပြန်ရောက်လာပြီး ကျမကို ရွာပြန်ပို့ဖို့ စီစဉ်ပြီး ရွာပြန်ရောက်တော့ နှစ်ရက်နေပြီး သူက မန္တလေးပြန်သွားတယ်”ဟု ဆိုသည်။
အမျိုးသမီး၏ မိသားစုဝင်များက အောင်ဖြိုးဝေနှင့် အမှန်တကယ် လင်မယား ဟုတ်မဟုတ် သင်္ကာမကင်း ဖြစ်ပြီး မေးမြန်းရာမှ ဆွေမျိုးသားချင်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နတ်တလူ သာသနာပြုစခန်း ဂေါပကအဖွဲ့များကို ဦးဝရဉာဏနှင့်ပက်သက်ခဲ့သမျှကို ပြောပြခဲ့ပြီးနောက်တွင် ကာမလိမ်လည်မှုဖြင့် ဇီးကုန်းရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါကဲ့သို့ ဇီးကုန်းရဲစခန်းမှ တရားရုံးသို့ စေလွှတ်သဖြင့် ကန့်ဘလူမြို့နယ် တရားရုံးတွင် ၂၀၁၈ ခုနှစ် မေလ ၂၇ ရက်နေ့ က ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးမှ လက်ခံခဲ့ပြီး ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ အမှုအား စစ်ဆေး၍ ခိုင်မာအောင် တည်ဆောက်ပေးရန် ဇီးကုန်းနယ်မြေရဲစခန်းသို့ ပြန်လည်ချထားပေးခဲ့ကြောင်း သိရသည်။
“တရားရုံးကနေ စခန်းကို ပြန်ချပေးတာကြောင့် ကျမကို စခန်းကလည်း စစ်ပြီးပါပြီ၊ အဲဒီလို စစ်ပြီးတာကို တရားရုံးကို အခု အချိန်အထိ ပြန်မတင်ပေးသေးပါဘူး၊ ကျမကတော့ အခု စိတ်ဒဏ်ရာလည်း ရနေပါတယ်၊ ကျမကတော့ အလျော်ရခြင်းတွေ ဘာတွေမရှိပါဘူး၊ ဥပဒေအရသာ ထိထိရောက်ရောက် အရေးယူစေချင်တာပါပဲ”ဟု အမျိုးသမီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
အဆိုပါအမှုကို ကိုင်တွယ်နေသည့် ဇီးကုန်းနယ်မြေရဲစခန်းမှ အမှုစစ် ယာယီစခန်းမှူး ဒုရဲအုပ်နေမိုးကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ “ကျနော်တို့က ဒီမှာ အဲဒီကိစ္စကို လုပ်နေပါတယ်။ သူတို့က မစောင့်နိုင်ကြတာပေါ့ဗျာ။ လက်ရှိမှာကို တော် တော်များများကို စစ်ပြီးနေပါပြီ။ သူတို့က ကြာလို့သာ ပြောနေတာပါ။ ဘာမှလိုက်မလုပ်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ ကောင်မလေးကိုတောင် စစ်ပြီးသွားပါပြီ”ဟု ပြောသည်။
အဆိုပါအမှုတွင် ကျူးလွန်သည်ဟု အစွပ်စွဲခံရသူသည် ရဟန်းသံဃာဖြစ်နေသဖြင့် မြို့နယ်သံဃနာယကအဖွဲ့မှ တည်ဆဲ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားရန်ဆိုသည့် စာထွက်ပေးထားသော်လည်း အမှုအခင်းကိစ္စရပ်များတွင် မြို့နယ်သံဃနာယကနှင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဆုံးဖြတ်ပြီးမှသာ ရဲတပ်ဖွဲ့အနေဖြင့် ပေါင်းစပ်လုပ်ဆောင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးထားကြောင်း သိရသည်။
“အချို့ကိစ္စတွေက ကျနော်တို့ရဲတပ်ဖွဲ့က လုပ်လို့မရတဲ့ ကိစ္စတွေရှိတယ်။ ရဟန်းသံဃာကို စစ်ရမှာတွေရှိတယ်။ အဲဒီလို စစ်ဖို့ဆိုရင် သံဃာတွေပေါင်းစစ်မှ ရမှာ။ အဲဒါကြောင့် ကျနော်တို့က ခရိုင်သာသနာရေးကို စာတင်ထားတယ်။ အစောဆုံး သာသနာရေးအဖွဲ့တွေက ချိန်းပေးလိမ့်မယ်။ အဲဒီမှာ ကျနော်တို့က စစ်မယ်။ စစ်ပြီးရင် ကျန်တဲ့ဆောင်ရွက်စရာတွေရှိတာ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဒုရဲအုပ်နေမိုးက ဆက်လက်ပြောသည်။
အဆိုပါအမှုတွင် စွပ်စွဲခံရသူ ဦးဝရဉာဏသည် ရဟန်းဝါ ၂၀ ကျော်ရှိနေပြီဖြစ်သလို မင်းကုန်းရွာဇာတိဖြစ်သည့် မဟာဗောဓိ မြိုင်ဆရာတော်ကြီးနှင့် တရွာတည်းသားဖြစ်ပြီး ဆရာတော်ကြီး ရွာတွင်ရှိစဉ်အခါက ရဟန်းဘောင်ဝင်ခဲ့ပြီး ဆရာတော် ကြီး တောရဆောက်တည်စဉ်မှ စကာ နတ်တလူ သာသနာပြုစခန်း၏ ကျောင်းစောင့်ဖြစ်လာခဲ့သူဟု သိရသည်။
နတ်တလူ သာသနာပြုစခန်းကို ၁၉၉၇ ခုနှစ်ခန့်က မဟာဗောဓိမြိုင်ဆရာတော်ကြီးက တည်ထောင်တော်မူခဲ့ပြီး အဆိုပါ သာသနာပြုစခန်းအတွက် မဟာဗောဓိမြိုင်ဆရာတော်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့သည့် နတ်တလူ သာသနာပြုအသင်း အမည်ဖြင့် ဂေါပကတဖွဲ့ရှိသည်။ နတ်တလူ သာသနာပြုစခန်းသို့ နှစ်စဉ် ဘုရားဖူး ၆သောင်းခန့် လာရောက်လေ့ရှိပြီး နတ်တလူ စခန်း၏ တပေါင်းပွဲတော်ကာလအတွင်း လွန်ခဲ့သည့်ငါးနှစ်ခန့်မှ စပြီး ဦးဝရဉာဏက တရားဟောဆရာတော်များအတွက်ဟု အကြောင်းပြကာ ဘုရားဖူးများထံမှ အလှူငွေကောက်ခဲ့သဖြင့် ဦးဝရဉာဏနှင့် ဂေါပကအဖွဲ့ အဆင်မပြေမှုများ စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စရပ်များနှင့်ပက်သက်၍ စွပ်စွဲခံရသူ ဦးဝရဉာဏအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “ရဲစခန်းမှာရော သူတို့အမှုဖွင့်ထားကြတာ၊ ဦးဇင်းကို ဘာမှလုပ်မရလို့၊ သူ့လင်နဲ့ သူသားရှိနေပါလျက် လုပ်ကြံဖန်တီးနေတာပဲ။ ဂေါပက အဖွဲ့က ဦးဇင်းကို နတ်တလူကျောင်းကနေ ထွက်သွားဖို့ အဓိက လုပ်နေကြတာ။ အဓိကဂေါပကတွေက တရားခံတွေပဲ။ ဦးဇင်းအထင်တော့ ဂေါပကကငွေပေးပြီးတော့ လုပ်နေတယ်လို့ ထင်တာပဲ။ အဲဒီကောင်မလေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရော၊ ခရိုင်ရော၊ မြို့နယ်ရောကို ငွေပေးပြီးတော့ စွဲချက်တင်ဖို့ လုပ်နေကြတယ်လို့ထင်တာပဲ။ အဲဒီကိစ္စတွေနဲ့ ဦးဇင်းက လုံးဝမပတ်သက်ပါဘူး။ မပတ်သက်ဘူးဆိုတာက အဲဒီကိစ္စကို သူတို့ဘာသူတို့ လုပ်ကြံဖန်တီးပြီးလုပ်နေကြတာ၊ အဲဒီတော့ ကောင်မလေးကို အတင်းအဓမ္မပြုကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု မိန့်သည်။
ယခုဖြစ်စဉ်ကို ကျူးလွန်ခံရသူ နတ်တလူသာသနာပြုအသင်းမှ သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့သို့ သွားရောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ Myanmar Now ၊ The Voice၊ မစ္ဇျိမသတင်းဌာနများတွင် သတင်းပါရှိလာမှုကြောင့် ဦးဝရဉာဏမှ နတ်တလူသာသနာ့နယ်မြေအတွင်း၌ သြဂုတ်၂၁ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေး ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဝရဉာဏကို မြို့နယ်သံဃနာယကကလည်း ခေါ်မေးမြန်းခဲ့သော်လည်း ယနေ့အချိန်အထိ ဓမ္မစက်၊ အာဏာစက်တို့ဖြင့် အရေးယူမခံရသေးဘဲ နတ်တလူကျောင်း၌ပင် သီတင်းသုံးနေလျက်ရှိသည့်အပြင် ဂေါပကအဖွဲ့ဝင် ၂၂ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် အမှုပြန်ဖွင့်ခဲ့ခြင်းကြောင့် ဂေါပကအဖွဲ့ဝင်များသည် အာမခံဖြင့် တရားရင်ဆိုင် နေကြရသည်ဟု နတ်တလူသာသနာပြုအသင်းမှ သိရသည်။
“သာသနာ့ပြုစခန်းနဲ့ပတ်သက်ပြီး အမှုအခင်းပြဿနာတွေကတော့ ၈ မှုလောက်အထိ ဖြစ်နေပါတယ်။ ဒီအပေါ်မှာ မြို့နယ် သံဃနာယကဆရာတော်များကိုလည်း အကူအညီတောင်းလျှောက်ထားပါတယ်။ မြို့နယ်သံဃနာယက ဆရာတော်များကလည်း ဒီအပေါ်မှာ သူတို့လုပ်လို့ရတဲ့ ဘောင်အတွင်းကနေပြီတော့ အားလုံး လုပ်ကိုင်ဆောင်ရွက်ပေးပြီးပြီလို့ မိန့်ကြားထားပါတယ်။ နယ်မြေရဲတပ်ဖွဲ့ကလည်း မေးမြန်းစစ်ဆေးမှုတွေကို ဆောင်ရွက်ထားတယ်လို့ သိရတယ်။ အခုဖြစ်စဉ်အပေါ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများကိုလည်း အကူအညီတောင်းခံထားပါတယ်။ နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းတရားရေးဆိုင်ရာပုဂ္ဂိုလ်တွေဆီကိုလည်း အကူအညီတောင်းထားပါတယ်။ အကူအညီတောင်းခံရတာက မှုခင်း ပြဿနာတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်နဲ့ပြီးသွားစေချင်လို့ပါ”ဟု နတ်တလူသာသနာပြုအသင်း ဥက္ကဌ ဒေါက်တာလှထွန်းဝင်းက ပြောသည်။
နတ်တလူ သာသနာပြုစခန်း၌ ယခုကဲ့သို့ အမှုအခင်းကိစ္စရပ်များ ဖြစ်ပေါ်လာမှုကြောင့် နေရာအနှံ့ တောရဆောက်တည်ကာ တပါးတည်း တရားဓမ္မကျင့်ကြံနေသည့် မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ၎င်း၏ တပည့်ဖြစ်သူ ဦးဝရဉာဏ အရှုပ်အထွေးကိစ္စ ကြားသိရသည့်အခါ မြို့နယ်သံဃနာယကထံသို့ လက်ရေးဖြင့် စာတစောင် ဆက်ကပ်ခဲ့ရာ “ယခု ဘုရားတပည့်တော်များထံ ရောက်ရှိလာသည့် အမှုနှင့်ပတ်သက်လျှင် အမှုထင်ရှားပါက ဓမ္မစက် အာဏာစက်တို့ဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ပါသည် အရှင်မြတ်ဘုရား”ဟု ထိုစာတွင် ဖော်ပြထားသည်။
အမှုအပေါ် လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့မှ အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားသူ မဝါဝါက “ကျမပြောချင်တာက ဥပဒေအထက်မှာ မည်သူမှ မရှိပါဘူး။ အဲဒီလိုရှိနေတာကို သံဃာမို့လို့ လုပ်ကိုင်ရခက်တယ်ဆိုရင် ပြစ်မှုကျုးလွန်တဲ့သူတွေက သံဃာအသွင်ယူပြီး ကျုးလွန်မယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန် ရင်လေးစရာကောင်းပါတယ်။ လက်ရှိမှာတော့ အစွပ်စွဲခံရတယ်ပေါ့။ အမှန်အမှားဆိုတာက တရားရုံးကပဲဆုံးဖြတ်မှာပါ။ အခုလိုဖြစ်စဉ်ကြောင့် သာသနာတော်ကို အများပြည်သူက အထင်မြင်လွဲမှားမှုတွေလည်း မဖြစ်စေချင်လို့ ဒီအတွက် ဆောင်ရွက်ရမယ့် ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လျင်လျင်မြန်မြန်ဆောင်ရွက်မှသာ ပြဿနာက မကြီးထွားလာဘဲနဲ့ အမှန်တရားပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။
ယခုအခါ အမျိုးသမီးသည် ၎င်း၏သားငယ်၊ မိခင်ဖြစ်သူတို့နှင့်အတူ ဦးလေး ဝမ်းကွဲအိမ်တွင် နေထိုင်နေကြရာ ဦးဝရဉာဏ၏ ညီဝမ်းကွဲဟုဆိုသူ အောင်ဖြိုးဝေက မယားခိုးမှုဖြင့် အမှုဖွင့်ပေးရန် တိုင်တန်းထားသေးသည်။