သတင်း

မူးယစ်ဆေးနှင့် အကြမ်းဖက်မှုကို နှိမ်နင်းမည်ဟု သမ္မတဦးဝင်းမြင့် ပြော

Want create site? Find Free WordPress Themes and plugins.

ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှု နှိမ်နင်းရေးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နီပေါနိုင်ငံ ခတ္တမန္တူမြို့တော်တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်္ဂလား ပင်လယ်အော် ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဘင်းစတက်) – BIMSTEC ညီလာခံတွင် သမ္မတ ဦးဝင်းမြင့် ပြောကြားလိုက်သည်။

“ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ထိုထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန်ခွန်းတွင်ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အလေးထားပြီး ဘင်းစတက် မူဘောင်အောက်တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ ဘင်းစတက် သဘောတူညီချက်ကို ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဘင်းစတက်သည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နှင့် နီပေါ စသည့် နိုင်ငံ ၇ နိုင်ငံပါဝင်သော အဖွဲ့အစည်းဖြစ်ပြီး ထိုဒေသများ၏ လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်း ရှိသည်။

အလျှင်အမြန်ကြီးထွားနေသော လူဦးရေအတွက် အစားအစာနှင့် အာဟာရ လုံလောက်မှု အတွက် ကမ္ဘာကြီးသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟုလည်း မြန်မာသမ္မတက ပြောသည်။

ထိုသို့ပေါ်ပေါက်နေသော စိန်ခေါ်မှုများအတွက် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ ဘင်းစတက် ဝန်ကြီးအဆင့် ပထမ အကြိမ် အစည်းအဝေးကို ယခုဘာဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည်ဟု သမ္မတ ဦးဝင်းမြင့က ပြောသည်။

အဖွဲ့ဝင် နိုင်ငံများအကြားတွင် ရိက္ခာဖူလုံရေး၊ စွမ်းအင်ကုန်သွယ်မှု၊ လူမှုစီးပွားတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဦးဝင်းမြင့်က တိုက်တွန်းသည်။

“ အဖွဲ့ဝင် နိုင်ငံတွေမှာ ကြီးမားတဲ့တိုးတက်မှုတွေ ရနေပေမယ့်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဟာ ကျနော်တို့ အားလုံးအတွက် စိန်ခေါ်မှု ဖြစ်နေသေးတယ်” ဟု သူက ဆိုသည်။

ဘဏ္ဍာရေးနှင့် ရင်းမြစ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးသည် ဘင်းစတက်အတွက် လက်တွေ့မကျနိုင်တော့သောကြောင့် ဒေသတွင်း ဦးစားပေး စီမံကိန်းများ အကောင်အထည်ဖေါ်ရာတွင် ထိရောက်၊ စွမ်းဆောင်ရည်ရှိသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဦးဝင်းမြင့်က အလေးထားပြောသည်။

နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအပြီး သြဂုတ်လ ၃၁ ရက်နေ့တွင် အဖွဲ့ဝင် နိုင်ငံများသည် လျှပ်စစ်ဓါတ်အား ကုန်သွယ်ရေးအတွက် ဘင်းစတက် မဟာဓါတ်အားလိုင်းတည်ထောင်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading