ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့အား ပါတီစည်းကမ်းပိုင်းအရ လိုအပ် ချက်ရှိနေသည့်အတွက် ပါတီ တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဧရာဝတီသို့ပြောသည်။
၎င်းတို့နှစ်ဦးအား သြဂုတ် ၂၅ ရက်နေ့ကပြုလုပ်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းဝေး ဆုံးဖြတ်ချက်အရ မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ်မှ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက် ခဲ့ခြင်းဖြစ်ပြီး ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမရှိကြောင်း NLD ထံက သိရသည်။
ဒေါက်တာမျိုးညွန့်က “ ပါတီဝင်တဦးက လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိပါတယ်၊ သို့သော်လည်း ပါတီအတွင်းစည်းထဲမှာပဲ ကွဲလွဲခွင့်ရှိတာပါခင်ဗျ၊ ပါတီကအတည်ပြုချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွန် ချက်တွေကိုတော့ ကွဲလွဲလုပ်ဆောင်ခွင့်မရှိပါဘူး၊ အဲ့ဒီနေရာမှာ လိုအပ်ချက်ရှိနေလို့ ပါတီစည်းကမ်း အရ အရေးယူအပြစ်ပေးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
NLD အနေဖြင့် ပါတီမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ မြို့နယ်ပါတီ များတွင် အလုပ်အမှု ဆောင်များအဖြစ် အသိအမှတ်ပြုကြောင်း စာထုတ်ပြန်ကာ ခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဒေါက်တာ သက်သက်ခိုင်က “ အလိုအလျောက်ရထားတဲ့ဟာ သူဟာသူပြုတ်သွားတာ၊ ကျမ တိုင်းပြည်အတွက်ပဲ အဓိကအလုပ်လုပ်ချင်တယ်၊ အခွင့်အရေးရသလောက် ကျမအလုပ်တွေ ဆက်လုပ်သွားမယ်” ဟု ပြောသည်။
၎င်းတို့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ပါတီတွင်း အစီအရင်ခံစာများတွင် ဖော်ပြထားချက် များရှိခဲ့ပြီး ဒေါ်သက်သက်ခိုင်အား ပါတီမှ ခေါ်ယူတွေ့ဆုံကာ နှုတ်ဖြင့်သတိပေးမှုများ ပြုလုပ်ခဲ့ ကြောင်း NLD တာဝန်ရှိသူများကပြောသည်။
ဦးကျော်ဇေယျက “ ဘာမှတော့ ပြောစရာမရှိပါဘူး၊ ကြိုတင်သတိပေးတာလည်း ကျနော့်ကို ဘာမပြောခဲ့ဘူး၊ ဘာမှတွေမှားနေလဲ ဆိုတာတော့ ကြိုတင်ပြောသင့်ပါတယ်” ဟု ပြောသည်။
ဒေါက်တာ သက်သက်ခိုင်သည် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် တဦးဖြစ်ပြီး ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီပွားရေးကော်မတီ ဝင်တဦးဖြစ်သည်။
၎င်းတို့နှစ်ဦးသည် သက်ဆိုင်ရာလွှတ်တော်များအတွင် အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြလေ့ရှိသူများဖြစ်သည့်အတွက် ထိုသို့ဝေဖန်မှုများကြောင့်ပင် ပါတီမှအရေးယူခံရခြင်းဖြစ်ကြောင်းလည်း ဝေဖန်ပြောဆိုမှုများရှိနေသည်။
ဒေါက်တာမျိုးညွန့်က “ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အရင်ထဲကိုက အစီအရင်ခံစာ တွေရှိနေပါတယ်၊ ပြုပြင်ပြောင်းလဲလာမလာလို့ စောင့်ဆိုင်းခဲ့ပေမယ့် ပြုပြင်ပြောင်းလဲလာမှုမရှိဘူးလို့ ယူဆတဲ့အတွက် တာဝန်တွေရပ်ဆိုင်လိုက်တာပါ” ဟုပြောသည်။
ပါတီဝင်များအနေဖြင့် လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ရှိသော်လည်း ပါတီကချမှတ်ထားသည် မူဝါဒ၊ လမ်ညွန်းချက် များအား ဝေဖန်းပြောဆိုခွင့်မရှိကြောင်း၊ အစိုးရများ၏ လုပ်ဆောင်ချက်များ မူမမှန်ပါကလည်း ပါတီတွင်း တင်ပြဆွေးနွေးနိုင်ကြောင်း NLD ပါတီတာဝန်ရှိသူတဦးက ပြောသည်။