နေပြည်တော် ကောင်စီနယ်မြေ အတွင်း ဆင်းရဲနွမ်းပါးသူများ အနေဖြင့် ဥပဒေဆိုင်ရာ တရားရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ တန်းတူ အခွင့်ရေးရရှိရန် အတွက် အခမဲ့ ကူညီဆောင်ရွက်ပေးမည့် တရားမျှတမှု စင်တာ (Justice Centre) ကို ယနေ့ နေပြည်တော်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
တရားမျှတမှု စင်တာဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဆင်းရဲချို့သူများ ကိုယ်ပိုင်ရှေ့နေငှား ရမ်းရန် ေငွေကြေးမတတ်နိုင်သည့် စွပ်စွဲခံရသူ မည်သူမဆို၊ အသက် ၁၈ နှစ်အောက် စွပ်စွဲခံရသူ မည်သူမဆို၊ တန်းတူညီမျှမှု မရှိသူများ ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ လိင်တူချစ်မြတ်နိုးသူ၊ ဘာသာ စကားအားဖြင့် လူနည်းစုများ၊ ကိုယ်ခန္ဓာ မသန်စွမ်းသူများအပါအဝင် စွပ်စွဲခံရသူ မည်သူ မဆိုကို အခမဲ့ ဝန်ဆောင်မှု ပေးမည့် အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။
ယနေ့ နေပြည်တော်တွင် ဖွင့်လှစ်လိုက်သည့် စင်တာမှာ ၆ ခုမြောက်ဖြစ်ပြီး၊ European Union ၏အကူအညီဖြင့် International Bridges To Justice( IBJ) မှတာဝန်ယူကာ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံ ၊ ကလောတို့တွင်လည်း တရားမျှတမှု စင်တာဟူ၍ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။
IBJ အဖွဲ့အစည်းမှ ပရိုဂရမ် ဒါရိုက်တာ ဖြစ်သူ Mr. Jim Taylor က “ ဒီအဖွဲ့အစည်းကို ဥရောပသမဂ္ဂ က ကူညီထောင်ပံ့ပေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဖွဲ့တာက ဒက္ခိဏခရိုင် တရားရုံးလည်း ရှိတဲ့ အတွက် ဆင်းရဲသား ပြည်သူတွေကို အထောက်အကူပြုဖို့ အတွက် ဖွင့်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းစင်တာ ဖွင့်ပွဲ မပြုလုပ်ခင် နေပြည်တော် အတွင်း ဝန်ဆောင်မှု ပေးနေသည့် အမှုပေါင်း ၂၃ မှု ရှိနေပြီဖြစ်ကြောင်း၊ ယင်း အမှုများမှာ မုဒိမ်းမှု ၊ မူးယစ်ဆေးဝါးမှု ၊ လူသတ်မှု ၊ ဓားပြမှုများ ပါဝင် ကြောင်း ၊ တရားမ အမှုကြီးများဖြစ်ပါက ဝန်ဆောင်မှု ပေးခြင်း မရှိသော်လည်း လုပ်သင့် လုပ်ထိုက် သည့် ကိစ္စရပ်များအား အကူအညီနှင့် အကြံဉာဏ်များ ပေးကြောင်း ဒေါ်ဝင့်ဝင့်အေးက ပြောသည်။
“ပြစ်မှုနဲ့ စွပ်စွဲခံရသူ တရားခံတွေက ဆင်းရဲလို့ ရှေ့နေ မငှားနိုင်ဘူးဆိုရင် ကျမတို့ဆီကို အကူအညီ လာတောင်းရင် အမှု အစ ကနေ အဆုံး အခမဲ့ လိုက်ပေးပါတယ်။ ဘာစာရွက် စာတမ်းကြေးမှ ကုန်စရာမလိုပါဘူး” ဟု ၎င်းကပြောသည်။
စင်တာအနေဖြင့် ဆင်းရဲနွမ်းပါသူဟု သတ်မှတ်ရာတွင် အကူအညီလာရောက်တောင်းခံသူ၏ မိသားစု တွင် မိသားစုဝင် အရေအတွက်များကောက်ယူခြင်း၊ မိသားစု ဝင်ငွေမည်မျှရှိသည်ကို ကောက်ယူခြင်း၊ မိသားစု အားလုံး၏ ဝင်ငွေမှာ ၁ သိန်း ၂ သောင်း အောက် ကျဆင်းနေပါက ဆင်းရဲနွမ်းပါးသည့် မိသားစု အဖြစ် သတ်မှတ်၍ အခမဲ့ ဝန်ဆောင်မှုများ ပေးသည်ဟု သိရသည်။
အဆိုပါ IBJ အဖွဲ့အစည်းကို ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာဒီးယား၊ အာဖရိကနိုင်ငံ အများစုဖြစ်သည့် စုစုပေါင်း ၁၄ နိုင်ငံတွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ စွပ်စွဲခံရသူများမှာ ခုခံချေပခွင့် ဟူသည့် အခွင့်ရေး ရရှိပြီး၊ ရှေ့နေများ နှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း ၊ ရှေ့နေများ၏ အကူအညီကို ရယူခွင့်ရရှိရန် အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း IBJ အဖွဲ့အစည်းမှ ပရိုဂရမ် ဒါရိုက်တာ ဖြစ်သူ Mr. Jim Taylor က ရှင်းပြသည်။
နေပြည်တော်ရှိ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က “ တလကို ၁ သိန်း ၂ သောင်းအောက် ဝင်ငွေရှိတဲ့သူ ဆင်းရဲတဲ့သူဆို တော့ တရက်ကို ၄ ထောင်အောက် ဝင်ငွေ ရှိတဲ့သူတွေကိုသာ လိုက်ပေး မယ်အဖွဲ့အစည်းပေါ့။ သူက တရားခံဘက်ကပဲ လိုက်မှာ၊ တရားလိုဘက်က မလိုက်ပေးဘူး။ ဘာပဲ ပြောပြော ရည်မှန်းချက်ကတော့ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဖွင့်လှစ်လိုက်သည့်နေရာမှာ အမှတ် (၈၂) အောင်သုခ ကျေးရွာ၊ နယ်မြေ ၉ ၊ ပုဗ္ဗသီရိ မြို့နယ်အတွင်း၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းစင်တာသို့ ဆက်သွယ်ရန် ဖုန်န့ပါတ်မှာ ၀၉- ၈၉၇၁၈၂၀၀၂ ဖြစ်ပြီး အီးမေးလ်ဖြင့် ဆက်သွယ်လိုပါက [email protected] ဖြစ်သည်။