အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား ၁၃၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့မှာ ပြိုင်ပွဲများ ပြီးဆုံးချိန်တွင် ကြေးတံဆိပ် ၂ ခုသာ ရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ပလန်ဘန်းမြို့တို့တွင် သြဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၈ မျိုး၌ မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်နှင့် ဝူရှူးပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကိုက ကြေးတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအားကစား အဖွဲ့မှာ ကြေးတံဆိပ် ၂ ခုသာရသည့်အတွက် ဆုတံဆိပ်ရသည့်နိုင်ငံများအလိုက် အဆင့်ရပ်တည်မှု တွင် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိသည့်အနက် အဆင့် ၃၅ ရရှိခဲ့သည်။ မြန်မာအသင်းအထက် အဆင့် ၃၄ တွင် ပါကစ္စတန်နိုင်ငံ ရှိနေပြီး မြန်မာနှင့် အာဖဂန်နစ္စတန်မှာ အဆင့် ၃၅ တွင် ပူးတွဲရပ်တည်နေခြင်း ဖြစ်သည်။ မြန်မာအသင်း အောက်တွင် ဆီးရီးယားနိုင်ငံက အဆင့် ၃၆ ဖြင့် တန်းစီဇယားအောက်ဆုံးတွင် ရှိနေသည်။
ထို့ပြင် အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယားနှင့် လာအိုအသင်းများအားလုံးမှာ မြန်မာအသင်းအထက်တွင် ရပ်တည်နေပြီး ယင်းအခြေအနေမှာ ၁၉၉၄ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနောက်ပိုင်း အဆိုးဝါးဆုံး အခြေအနေအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အနီးစပ်ဆုံးဖြစ်သည့် ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင်ကျင်းပသည့် ၁၆ ကြိမ်မြောက်နှင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ၂၀၁၄ ခုနှစ်က ကျင်းပသည့် ၁၇ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တို့တွင် ရွှေ၊ ငွေနှင့် ကြေးတံဆိပ်များ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအဖွဲ့မှာ ၂၀၁၈ အင်ဒိုနီးရှား အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု သာ ရရှိခဲ့သည်အထိ အောင်မြင်မှုရလာဒ်များ ကျဆင်းခဲ့သည်။
“ဒီရလာဒ်ဟာ အင်မတန်ရှက်စရာကောင်းတယ်။ ဆုတံဆိပ်ဇယားမှာကြည့်လိုက်ရင် မြန်မာအထက်မှာ အာဖဂန်နစ္စတန်၊ မြန်မာအောက်မှာ ဆီးရီးယားပဲ ရှိတော့တယ်။ အဲတော့ အားကစားကဏ္ဍမှာ တာဝန်ရှိသူတဲ့သူတွေ ရှက်ရကောင်းမှန်းသိရဲ့လားလို့ မေးချင်တယ်။ အားကစားဆိုတာ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာပဲ။ လက်ရှိ တိုင်းပြည်က စီးပွားရေးမကောင်း၊ အဘက်ဘက်က ယိုယွင်းနေတဲ့အချိန်မှာ အားကစားကဏ္ဍအပေါ်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဂရုတစိုက် မရှိလို့ အခုလို ရှက်စရာကောင်းတဲ့အခြေအနေတွေ ဖြစ်လာတယ် ထင်တယ်”ဟု အားကစားကလောင်ရှင် ချစ်ဝင်းမောင်က ဝေဖန်ပြောဆိုသည်။
မြန်မာနိုင်ငံ၏အားကစားကဏ္ဍအသီးသီး တိုးတက်မြင့်မားရေးနှင့် ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရေးအတွက် မြန်မာနိုင်ငံအိုလံပစ်ကောင်စီက တာဝန်ယူ ဆောင်ရွက်နေပြီး ယင်းကောင်စီဥက္ကဋ္ဌအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက တာဝန်ယူ ဆောင်ရွက် နေသည်။