ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပြစ်ဒဏ်မှလွတ်မြောက်ရေးအတွက် အယူခံခြင်းအပါအဝင် လုပ်နိုင်သမျှ အားလုံးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ယနေ့နေ့လည်ပိုင်းက မြောက်ပိုင်းခရိုင်းတရားရုံးတွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ ဒီနေ့စီရင်ချက်က အင်မတန်မှ စိတ်ပျက်စရာကောင်းပါတယ်၊ လက်ရှိ ဒီမိုကရေစီကို သွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေအနေတွေက ဆိုးဝါးနေပြီဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
သတင်းထောက်နှစ်ဦးထံက ဖမ်းဆီးရမိသည်ဆိုသည့် စာရွက်စာတမ်းများသည် အများပြည်သူသိရှိပြီး အကြောင်းအရာများ ဖြစ်ကြောင်း ရိုက်တာရှေ့နေများက တရားခွင်အတွင်း အကြိမ်ကြိမ် လျှောက်လဲတင်ပြခဲ့ပြီး ယခုချမှတ်ခဲ့သည့် ပြစ်ဒဏ်သည် အရမ်း စိတ်ပျက်စရာကောင်းကြောင်း ရှေ့နေတဦးဖြစ်သည့် ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။
တရားရုံး၏ အမိန့်နှင့်ပတ်သက်၍ ကာယကံရှင်ဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က စိတ်ပျက်စရာကောင်းတဲ့ အမိန့်သာဖြစ်ကြောင်းနှင့် ၎င်းတို့သည် မည်သည့်အမှားမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ရုံးချိန်းအပြီးတွင် ပြောခဲ့သည်။
ရိုက်တာသတင်းထောက် နှစ်ဦးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညကတည်းက ထောက်ကြံ့မြို့နယ်တွင် အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတပ်ကြပ်နိုင်လင်းနှင့် သွားရောက်တွေ့ဆုံပြီးအပြန်တွင် ရခိုင်အရေး လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။
အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမိုးရန်နိုင်က ရဲမှူးချုပ် တင်ကိုကိုအနေဖြင့် ဒုတပ်ကြပ်နိုင်လင်းအား သတင်းထောက်နှစ်ဦးထံ စာရွက်သွားရောက် ပေးအပ်စေကာ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း တရားခွင်တွင် ဖွင့်ချထွက်ဆိုခဲ့သည်။
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် ဥပဒေကို ချိုးဖေါက်သောကြောင့် Reuters သတင်းထောက် နှစ်ဦးကို ထောင် ၇ နှစ်စီ ချမှတ်လိုက်သည့် ချမှတ်သော မြန်မာတရားသူကြီး၏ စီရင်ချက်သည် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းကြောင်း အမေရိကန် သံအမတ်က ပြောသည်။
“ကျနော် ဝလုံး၊ ကျော်စိုးဦးနဲ့ သူတို့မိသားစုတွေအတွက် သာမက မြန်မာနိုင်ငံအတွက်ပါ ဝမ်းနည်းမိတယ်” ဟု သံအမတ် စကော့မာစီယယ်က ပြောသည်။
“ဒါဟာ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်အတွက် အပြင်းအထန်ကြိုးစားနေတဲ့ သူတွေအတွက်လည်း အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်။ ဒီလိုလုပ်လိုက်တာဟာ သူတို့ရဲ့ တရားရေးစနစ်အပေါ် မြန်မာပြည်သူတွေထားရှိတဲ့ ယုံကြည်မှုကို တိုးလာစေမလား၊ လျှော့သွားစေမလား လို့ မေးခွန်းထုတ်စရာရှိတယ်လို့ ကျနော်ထင်တယ်” ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကလည်း ထိုတရားရုံး ဆုံးဖြတ်ချက်ကြောင့် လွန်စွာ စိတ်ပျက်သည်ဟု ပြောသည်။
“လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ တရားဥပဒေစိုးမိုးရေးဟာ ဒီမိုကရေစီနိုင်ငံတခုရဲ့ အခြေခံတွေပဲ။ ဒီနေ့တော့ ဒီအမှုက အဲဒီအခြေခံ နှစ်ခုလုံးရဲ့ အပေါ်မှာ ရှည်လျှားတဲ့ အရိပ်မည်းကြီး ထိုးလိုက်ပြီ” ဟု ဗြိတိန်သံအမတ် ဒန် ချပ် ကပြောသည်။ “တရားသူကြီးဟာ အထောက်အထားတွေနဲ့ မြန်မာနိုင်ငံတရား ဥပဒေကို လျှစ်လျှူရှုထားပုံရတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးရေးကို အကြီးအကျယ်ထိုးနှက်လိုက်တာပဲ” ဟုလည်း ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းကမူ ကိုလိုနီခေတ်ကတည်းက ပြဌာန်းခဲ့သော ဥပဒေများစွာရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့် မရနိုင်သေးကြောင်း ပြောသည်။
ဒုဝန်ကြီး ဦးအောင်လှထွန်းက “စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတော့ ရှိမယ်၊ သူတို့အတွက် မျှော်လင့်ချက်ရှိပါသေးတယ်၊ ဒီဟာ ဂိတ်ဆုံးမဟုတ်သေးဘူး၊ ဥပဒေအရ ထွက်ပေါက်ရှိပါသေးတယ်၊ အယူခံရှိပါသေးတယ်၊ ဘာမှတော့ ကြောက်လှန့်စရာမလို ပါဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပါ” ဟုပြောသည်။
မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်က “ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ ဆိတ် သုန်းသွားပြီ။ သတင်းလွတ်လပ်ခွင့် မရှိတော့ဘူး၊ အခုတက်နေတဲ့ NLD အစိုးရဟာ အာဏာရှင်အတိုင်းဖြစ်သွားပြီဆိုတာ ပေါ်လွင်တာပေါ့၊ သူတို့ကိုယ်တိုင် သတင်းလွတ်လပ်ခွင့်တွေကို မလေးစားတော့ဘူး” ဟု ဝေဖန်ခဲ့သည်။