သြစတြေးလျရုပ်သံ ABC အင်တာနက်စာမျက်နှာကို ဘေဂျင်း၏ အင်တာနက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်သည်ဟုဆိုကာ တရုတ်အစိုးရက ပိတ်ပစ်ခဲ့ကြောင်း ABC က တနင်္လာနေ့တွင် ပြောသည်။
သြစတြေးလျရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်းက တရုတ်ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးပြီး တနှစ်အကြာတွင် ပိတ်ပစ်ခံရခြင်းဖြစ်သည်။
သြဂုတ်လ ၂၂ ရက်မှစတင်၍ ဝက်ဘ်ဆိုက်နှင့် မိုဘိုင်း apps တို့မှာ ပိတ်ပင်ခံရခြင်းဖြစ်ပြီး အကြောင်း ရင်းကို ရှာဖွေနေဆဲ ဖြစ်ကြောင်း ABC က ဆိုသည်။
ယင်းကိစ္စရှင်းလင်းပေးပါရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးနောက် တရုတ်အစိုးရ ဗဟိုအင်တာနက် ရေးရာကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ABC ရုပ်သံဌာနထံသို့ တုံ့ပြန်လာခဲ့သည်။
“တရုတ်ပြည်ကို Netizen တွေအဖြစ် သတင်းအချက်အလက်ကောင်းတွေ ပံ့ပိုးပေးနေတဲ့ ကမ္ဘာ တလွှားမှ အင်တာနက် လုပ်ငန်းများကို ကျနော်တို့ ကြိုဆိုပါတယ်၊“ဒါပေမယ့် နိုင်ငံတော်အင်တာနက် အချုပ်အခြာအာဏာအခွင့်အရေးကို ထိန်း တဲ့အနေနဲ့ တရုတ်ဥပဒေ၊ စည်းမျဉ်းချိုးဖောက်တဲ့ နိုင်ငံခြားဝက်ဘ်ဆိုက်တို့ကို တားဆီးရမှာဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ တရုတ်အစိုးရ တာဝန်ရှိသူတဦးက ဆိုကြောင်း ABC သတင်းအရ သိရသည်။
ကောလာဟလများ၊ ညစ်ညမ်းသတင်းအချက်အလက်များ၊ လောင်းကစားကိစ္စများ၊ အကြမ်းဖက်မှုလှုံ့ဆော်ရေးများနှင့် အခြားတရားမဝင်သတင်းအချက်အလက်များပါဝင်သည့် ဝက်ဘ်ဆိုက်များကို နိုင်ငံ့ဂုဏ်သိက္ခာနှင့်လုံခြုံရေးအတွက် အန္တရာယ်ရှိလာစေကြောင်း အဆိုပါတရုတ်တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
မည်သည့်ဥပဒေချိုးဖောက်မိကြောင်းနှင့် မည်သည့်အကြောင်းက တားဆီးပိတ်ပင်ခြင်းငှာ ထိုက် ကြောင်းကိုမူ ၎င်းက ထည့်သွင်းပြောဆိုသွားခြင်းမရှိဟု ABC က ဆိုသည်။
သို့ရာတွင် ကင်ဘာရာနှင့် ဘေဂျင်းတို့သည် မကြာသေးမီကပင် သြစတြေးလျပြည်တွင်းရေးကို တရုတ်က ဝင်စွက်ဖက်ကြောင်းစွပ်စွဲချက်နှင့် အလှူငွေများသုံးစွဲမှုကိစ္စတို့ကြောင့် ဆက်ဆံရေးတင်းမာနေကြသည်။
ပိစိဖိတ်ဒေသကို တရုတ်က အပျော့စားသံခင်းတမန်ခင်းဖြင့် တွန်းအားပေးနေကြောင်း ABC ရုပ်သံမှ မကြာသေးမီက သတင်းဖော်ပြခဲ့ပြီး ယင်းသတင်းတွင် သြစတြေးလျနှင့်နယူးဇီလန်တို့က ဒေသတွင်းမဟာဗျူဟာချိန်ခွင်လျှာ ကမောက်ကမဖြစ်နိုင်သည့်အလားအလာအပေါ် စိုးရိမ်ပူပန်နေရကြောင်း ထည့်သွင်းဖော်ပြခဲ့ဖူးသည်။