လူသေဆုံးခြင်း၊ နေအိမ်နှင့် လမ်းတံတားပျက်စီးမှုများ အထိ ဖြစ်ပေါ်ခဲ့သည့် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းတမံကို ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ နှစ်စဉ် ပုံမှန် ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပေါ် မေးခွန်းထုတ်ခဲ့သည်။
စက်တင်ဘာလ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့်အချက်များနှင့် ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးခေတ္တရပ်နားစဉ် ၎င်းက မီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ မကြာခင်ကပဲ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပြိုကျခဲ့တဲ့ကိစ္စ ဖြစ်ပွားခဲ့တယ်။ ဒီလိုမျိုးရေပိုလွှဲက အဲဒီနေ့အခြေအနေအရ ၁ ပေခွဲကျော်လောက်ပဲ ရေကျော်တဲ့အချိန်မှာ ဒီတမံက ဒီလိုမျိုးအဖြစ်ဆိုးနဲ့ ကြုံရတယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စလို့ ရှုမြင်သုံးသပ်မိတယ်။ ဒီဖြစ်စဉ်က ဘာကို သက်သေထူလိုက်တာလည်းဆိုရင် ဒီတာတမံနဲ့ ပတ်သက်ပြီးတော့ နှစ်စဉ်လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင်ထိန်းသိမ်းမှု ပုံမှန် မလုပ်ခဲ့ဘူးလို့ ပေါ်လွင်စေတယ်” ဟု ဦးတင်ထွန်းနိုင်က လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
ဆည်မြောင်းတာတမံနှင့် ပတ်သက်သည့် အသုံးစားရိတ်တွင် လည်း တနိုင်ငံလုံး ရှိသော ဆည်မြောင်းတာတမံများ ပြုပြင်ထိန်းသိမ်းစရိတ်အတွက် ဘီလီယံ ၇၀ ကျော် ကို နှစ်စဉ် ခွင့်ပြုပေးနေပြီး လက်ရှိစိစစ်ဆဲ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက်လည်း ၆၉ ဘီလီယံလောက် ခွင့်ပြုပေးထားသည်ကို တွေ့ရကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။
“လက်ရှိ ဆွာတာတမံမှာ ဒီလို ဖြစ်ပျက်သွားတယ်ဆိုတော့ ဒီသုံးစွဲမှုတွေက ငွေကုန်ပြီး အကျိုးဖြစ်ထွန်းမှုရှိနေသလားပေါ့။ ကုန်သလောက်ရော တကယ်ရော မှန်မှန်ကန်ကန် သုံးစွဲနေသလားပေါ့။ ဒါမှမဟုတ် သုံးစွဲသင့် သုံးစွဲထိုက်တဲ့ နေရာမှာ မသုံးစွဲဘဲနဲ့ မသုံးစွဲသင့် မသုံးစွဲထိုက်တဲ့နေရာတွေမှာများ သုံးနေသလားဆိုတဲ့ မေးခွန်း အကြီးကြီး ပေါ်လာတယ်” ဟု ဦးတင်ထွန်းနိုင်က ဆက်လက်ပြောသည်။
အဆိုပါကိစ္စနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးမျိုးတင့်ထွန်းက ဆွာချောင်းတမံအား တာဝန်ရှိသူများက ပုံမှန်စစ်ဆေးမှုများပြုလုပ်သော်လည်း ရေပိုလွှဲ၏ ကြံ့ခိုင်မှုနှင့် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုအခြေအနေကြောင့် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
“အခုဖြစ်သွားတဲ့ကိစ္စကတော့ မမျှော်လင့်ဘဲနဲ့ ရေပိုလွှဲရဲ့ ကြံ့ခိုင်မှု အင်အားပေ့ါနော်။ သူ့အပေါ်မှာ ရေကလည်း ပုံမှန် ခါတိုင်းနှစ်တွေမှာ ဒီလိုမကျော်ဘဲနဲ့ ဒီနှစ်ကျမှ တပေကျော် နှစ်ပေနီးပါးလောက် ရေကျော်တာကိုး။ ဒီဝိတ်အပေါ်မှာ မခံနိုင်လို့ ပဲ့ကျတဲ့သဘောပေါ့နော်။ စိစစ်တာကတော့ ဆည်မြောင်းဦးစီးဌာနအနေနဲ့ အဲဒီမှာ ထိန်းသိမ်းရေးတာဝန်ခံတွေ ရှိပါတယ်။ သူတို့ကလည်း ပုံမှန်စစ်ဆေးတာ ရှိပါတယ်။ ဒါပေမယ့်လည်း တခုရှိတာက မမျှော်လင့်တဲ့ မိုးကြောင့် ဒီလိုဖြစ်လာတဲ့အချိန်မှာတော့ ဖြစ်နိုင်ခြေရှိ၊ မရှိ ဆိုတာ ကြိုတင်ခန့်မှန်းရတာ နည်းနည်းခက်တာပေါ့လေ” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဧရာဝတီသို့ ပြောကြားသည်။
၂၀၁၈ခုနှစ်၊ သြဂုတ်လ ၃၁ ရက်အထိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကောက်ယူထားသော စာရင်းများအရ ဆွာချောင်းတမံကျိုးပေါက်မှုနှင့် စစ်တောင်းမြစ်ရေ တက်မှုကြောင့် ရေတာရှည်မြို့နယ်အပါအဝင် တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ပျောက်ဆုံးသူ ၃ ဦး၊ ရေဘေးသင့်ပြည်သူ ၅သောင်းကျော် ရှိခဲ့ကြောင်း သိရသည်။
ဆွာချောင်းတမံကျိုးပေါက်မှုကြောင့် ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသော ရေတာရှည်မြို့နယ်တွင် နေအိမ် ၁၈၅ လုံး လုံးဝပျက်စီးခဲ့ပြီး တစိတ်တပိုင်းပျက်စီးမှုအနေဖြင့် နေအိမ် ၃၂၂ လုံးနှင့် ဘုန်းကြီးကျောင်း ၁၀ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီးရှိ ဆွာချောင်းတံတား ရေလည်တိုင်နိမ့်ကျခြင်း၊ ရန်ကုန်မန္တလေးလမ်းဟောင်း လမ်းပိုင်းပျက်စီးခြင်းနှင့် မီးရထားလမ်းများ ပျက်စီးခြင်းတို့လည်း ဖြစ်ပွားခဲ့ပြီး ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရသည်။
အဆိုပါ ဆွာချောင်းတမံကျိုးပေါက်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရန် အခြေအနေရှိ၊ မရှိမေးမြန်းရာတွင်လည်း လတ်တလောတွင် သတင်းစာရှင်းလင်းခြင်း၊ သတင်းထုတ်ပြန်ခြင်းများပြုလုပ်ရန် မရှိသေးကြောင်းနှင့် ထပ်မံသိရှိလိုပါက သက်ဆိုင်သော ဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းရန် ဦးမျိုုးတင့်ထွန်းက ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဆွာချောင်းတမံနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနအနေဖြင့် နှစ်စဉ်သုံးစွဲခဲ့သည့် ဘဏ္ဍာရေးနှစ် ငါးနှစ်စာ ပမာဏကို သိလိုကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် သုံးနှစ်အတွင်း အသုံးပြုခဲ့သည့် ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ခွဲဝေသုံးစွဲသည့် လုပ်ငန်းစီမံကိန်းများကို သိလိုကြောင်းလည်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
“ဒါတွေကို သိရရင် တကယ်ကို မှန်မှန်ကန်ကန်သုံးစွဲနေလား ဒါမှမဟုတ် လေလွင့်ဆုံးရှုံးနေလား၊ သုံးစွဲမှုတွေက တကယ် ထိရောက်အကျိုးရှိမှုရှိလား မရှိဘူးလားဆိုတာ ကောင်းကောင်းမွန်မွန် သုံးသပ်နိုင်မှာ ဖြစ်တယ်။ နောင် ဆွာတမံလို အဖြစ်မျိုး မဖြစ်ပေါ်အောင် ကာကွယ်တားဆီးနိုင်မှာလည်း ဖြစ်တယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
၂၀၁၈-၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုပြီးစီးပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ဖြေကြားမည်ဖြစ်ကြောင်း သိရသည်။