ဖာပွန်ခရိုင်၊ ကန်ညီနောင် ကျေးရွာအနီး ဖြစ်ပွားသည့် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့၏ တိုက်ပွဲများကြောင့် ဒေသခံ ၂၅၀ ကျော် အိုးအိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်ဟု သတင်းရရှိသည်။
လက်ရှိတွင် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော်မှာ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကန်ညီနောင်ကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်သည်။
မြိုင်ကြီးငူဒေသသို့ ထွက်ပြေးလာသည့် ဦးစောလု က “ကျနော်တို့ တိုက်ပွဲဖြစ်နေတုန်း သြဂုတ်လ ၂၉ ရက်က သံလွင်မြစ် အတိုင်း စက်လှေနဲ့ ပြေးလာတာ။ လက်ရှိမှာတော့ ကျနော်တို့က မြိုင်ကြီးငူက နီးစပ်ရာဆွေမျိုးအိမ်တွေမှာပဲ ခွဲနေနေကြတယ်။ စစ်ဘေးရှောင်စခန်းတွေမှာတော့ သွားမနေဘူး” ဟု ပြောသည်။
မြိုင်ကြီးငူဒေသသို့ ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၂၅၀ ကျော်အနက် အချို့မှာ မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေပြီး အချို့မှာလည်း နီးစပ်ရာဆွေမျိုး အသိမိတ်ဆွေများအိမ်တွင် ခိုလှုံနေကြခြင်းဖြစ်သည်။
ဦးစောလု က “ကျနော်တို့ အိမ်ကိုတော့ မပြန်သေးဘူး။ ရွာမှာအခြေအနေက ဘယ်လိုမှန်းမသိဘူး။ ထပ်ဖြစ်ရင် ပိတ်မိနေမှာကို ကျနော်တို့ စိုးရိမ်တယ်။ လောလောဆယ် စားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက်ခက်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခဒေသများတွင် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန် ၁၉၉၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး အီရတ်၊ ဆူဒန် နိုင်ငံများရှိ စစ်မြေပြင်များအထိ အကူအညီပေးမှုများ ပြုလုပ်နေသည့် Free Burma Rangerအဖွဲ့၏ စက်တင်ဘာလ ၁ ရက်၊ သတင်းထုတ်ပြန်ချက်တွင်လည်း ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကန်ညီနောင် ကျေးရွာအနီး တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀ ကျော်မှာ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ပြေးနေရသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
ဖာပွန်ခရိုင်ဒေသ အရေးပေါ်ကူညီရေး အဖွဲ့ (MEAT) မှ ဦးစောစိုးဒိုက “ရွာသားတွေနဲ့ ကျနော်တို့စကားပြော ဖြစ်တယ်။ သူတို့ပြောပြတာက သူတို့ပြေးလာတုန်းက လက်နက်ကြီးတွေ ပစ်နေတုန်းပဲတဲ့။ အခုတော့ပစ်လား မပစ်လားဆိုတာ သူတို့လည်းမသိဘူး။ သူတို့အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ” ဟု ပြောသည်။
ထိုစစ်ဘေးရှောင်ဒုက္ခသည်များ၏ နေရပ်ရင်း ကန်ညီနောင်ကျေးရွာအနီးတွင် တပ်မတော်၏ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းနှင့် KNLA ၏ တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း ၁၀၂ တို့သည် သြဂုတ်လ၂၈ ရက်မှ သြဂုတ်လ၂၉ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားထားသည်။
KNLA မှ တပ်မှူးတဦး က “တိုက်ပွဲတွေ ဖြစ်ပြီးနောက်မှာ ကန်ညီနောင်ဘက်ကို အစိုးရစစ်တပ်ဘက်က ဆက်တိုက် ၂ ရက်လောက် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာသားတွေလည်း ထွက်ပြေးကုန်တယ်။ ရွာအနီးအနားမှာ စစ်တပ်က စခန်း လာထိုင်ထားတယ်။ လက်ရှိအခြေအနေက အဲ့တာပါပဲ” ဟု ပြောသည်။
တိုက်ပွဲများ ဖြစ်ပြီးနောက် တပ်မတော်၏ တပ်မ ၄၄ ဘက်မှ စခန်းဝင်ထိုင်ထားသည့် နေရာမှာ KNLA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း ၁၀၂ ၏ နယ်မြေဖြစ်ကြောင်း၊ လက်ရှိတွင်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ထိုတပ်မှူးက ပြောသည်။
ဆက်လက်၍ ၎င်းက “သူတို့ရဲ့ရည်ရွယ်ချက်က ရေကာတာ (ဟတ်ကြီးရေကာတာ) အနီးအနားမှာ စိုးမိုးနယ်မြေရဖို့ ရည်ရွယ်တဲ့ သဘောလို့ ကျနော်တို့ သုံးသပ်လို့ ရတယ်။ အဲ့အပေါ်မှာရွာသားတွေကို ရှင်းထုတ်လိုက်တဲ့ သဘောလည်းဆောင်တယ်။ ဒီအခြေအနေအောက်မှာ ကျနော်တို့ ညှိနှိုင်းလို့ အဆင်မပြေရင် တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အလားအလာရှိတယ်” ဟုလည်း ဆိုသည်။
တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော် သတင်းပြန်ကြားရေးဘက်သို့ ဧရာဝတီက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
သြဂုတ်လ၂၉ ရက်ကလည်း KNU/KNLA အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ကန်ညီနောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်မှ KNLA တပ်မဟာ (၅) နယ်မြေထဲသို့ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် ဖြစ်ကြောင်း၊ မြေပြင် ပဋိပက္ခများ ပြေလည်နိုင်ရန် နှစ်ဖက်တပ်များ ဆက်သွယ် ညှိနှိုင်းရမည် ဖြစ်ကြောင်း ဧရာဝတီကိုပြောဆိုထားသည်။
KNU/KNLA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံအစည်းအဝေးများတွင် ပါဝင်ဆွေးနွေးလျက် ရှိသည်။
၂၀၁၈ ခုနှစ်၊ မတ်လတွင် KNLA ၏ တပ်မဟာ (၅) နယ်မြေဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းတပ်မတော် က ဝင်ရောက် လမ်းဖောက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားထားပြီးဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးရကာ စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေဆဲ ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း နေပြည်တော်တွင် ၂၁ ရာစုပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေးကျင်းပနေစဉ် ဖာပွန်ခရိုင်အတွင်း KNLA နှင့် တပ်မတော်တို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
NCA ထိုးပြီးနောက် ပြန်လည်ဖြစ်ပွားသည့် ပဋိပက္ခများကို ဖြေရှင်းရန် ဖွဲ့ထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်မှာလည်း တပ်မတော်နှင့် KNLA တို့ အကြား ဖြစ်ပွားသည့် ပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းများမရှိပါ။
KNU အထွထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက အပစ်ရပ်စာချုပ် ချုပ်ပြီးနောက် တပ်နေရာချထားရေးများ သတ်မှတ်ရမည် ဖြစ်ပြီး NCA အခန်း (၃) အရထိပ်တိုက်ထိတွေ့မှုများ ရှောင်ရှားနိုင်ရန် တပ်ပိုင်းဆိုင်ရာ တွေ့ဆုံညှိနှိုင်းမှုများ လိုအပ်ကြောင်း၊ လက်ရှိတွင် ထိုအရာများမရှိသဖြင့် ပဋိပက္ခများ ပြန်ဖြစ်ပြီး JMC ကလည်းအလုပ်မဖြစ်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။