အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အလုပ်အမှုဆောင် အဖြစ်မှ တာဝန်များ ရပ်ဆိုင်းလိုက်သည့် အပေါ် အယူခံဝင်ရန် အစီအစဉ် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင် က ပြောသည်။
ယင်းသို့ တာဝန်မှ ရပ်နားခြင်းခံရသည့် အပေါ် အယူခံဝင်၍ ရသည်ဟု ဆိုသော်လည်း ၎င်းအနေဖြင့် အယူခံဝင်ရန် အစီအစဉ် မရှိကြောင်းကို ယနေ့ ပြည်ထောင်စု လွှတ်တော် အတွင်း မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။
ဒေါက်တာ သက်သက်ခိုင်က “ပါတီကတော့ မထုတ်သေးပါဘူး။ ပါတီက မထုတ်မချင်းတော့ နေသွားမှာပါ။ ကျမက တော့ ဒီနေ့ အထိတော့ မသိဘူး၊ ပါတီ စည်းကမ်း ဖောက်ဖျက်တယ်လို့ပဲ ပြောတယ်။ ကျမကိုလည်း မဆက်သွယ်ဘူး။ အယူခံ ဝင်လို့ ရတယ်လို့လည်း ပြောတယ်။ ကျမလည်း ဘာမှ မမေးပါဘူး။ မီဒီယာတွေထဲမှာတော့ မြို့နယ်ရဲ့ အလုပ် အမှုဆောင် ကော်မတီကနေ ရပ်နားတာ ဖြစ်တယ်။ ပါတီဝင် ဆက်ဖြစ်တယ်။ လွှတ်တော် ဆက်တက်ရမယ်လို့ ပြောပါ တယ်”ဟု ပြောသည်။
၎င်းအနေဖြင့် ရှေ့ဆက်၍ တိုင်းပြည် အတွက် လွှတ်တော်တွင်းမှသာ ရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ပြီး လွှတ်တော် ဥပဒေ အရ အလုပ်လုပ်ကိုင်ရခြင်း ဖြစ်သဖြင့် အဆင်ပြေ လွတ်လပ်မှု ရှိကြောင်း ပြောဆိုသည်။
သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့သည့် ပါတီ ဗဟို အလုပ် အမှုဆောင် အစည်းဝေး(CEC) ဆုံးဖြတ်ချက်အရ မြို့နယ် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ အဖြစ်မှ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ပြီး ပါတီဝင် အဖြစ်က ထုတ်ပယ်ခြင်း မရှိ ကြောင်း NLD ထံက သိရသည်။
ဒေါက်တာ သက်သက်ခိုင်က “ဒီလိုလုပ်တာ ကျမ အပေါ်မှာ လေးကြိမ်မြောက်ပေ့ါနော်။ ပထမ သုံးကြိမ်တုန်းက ကျမ သိတာကတော့ ပါတီမှာ တည်ဆောက်ရေးတွေ လုပ်ရဦးမယ်။ ပါတီမှာ ပြုပြင်ပြောင်းလဲရေးတွေ လိုနေသေးတယ်။ အဲဒါ တော့ ကျမ ပြောချင်ပါတယ်” ဟု ပြောသည်။
ဒေါက်တာ သက်သက်ခိုင်နှင့် အတူ ဦးကျော်ဇေယျ သည်လည်း ပါတီ တာဝန်မှ ရပ်ဆိုင်းခြင်း ခံရသူ ဖြစ်သည်။
ဒေါက်တာ သက်သက်ခိုင်သည် ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် တဦး ဖြစ်သလို၊ ဒဂုံ မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်ပြီး ဦးကျော် ဇေယျသည် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စီပွားရေး ကော်မတီဝင်တဦး ဖြစ်ကြောင်း သိရသည်။
NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက“ဒီလိုကိစ္စတွေက ပါတီမှာ ဖြစ်နေကျပဲလေ။ သူတို့က နာမည်ကြီးတော့ မီဒီယာမှာ ပိုပြီးတော့ သတိထားမိတာပါ။ ကျန်တဲ့ ကိုယ်စားလှယ်တွေလည်း အများကြီး ရှိပါတယ်။ သူ့တယောက်တည်းကိုမှ ရွေးပြီးလုပ်တာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ ပါတီ တာဝန်များကို ရပ်နားလိုက်ခြင်းကြောင့် ပြည်သူနှင့် တိုင်းပြည်အပေါ်တွင် ထိရောက်သည့် ကိစ္စမျိုး မဟုတ်ကြောင်း၊ ပါတီ၏ ခေါင်းဆောင် ပြောနေကျ ဖြစ်သည့် ဒီမိုကရေစီ အပြည့်အဝ မရရှိသေးသဖြင့် အဆိုပါ ကိစ္စရပ် များအပေါ် နားလည်မှု အပြည့်ရှိရန်နှင့် ရှေ့ပိုင်းတွင်လည်း ယင်းကဲ့သို့ အရေးယူထားသည့်သူ အများအပြား ရှိကြောင်း လည်း ဦးအောင်လှိုင်ဝင်း က ပြောသည်။
အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ် ပါတီ (NUD) မအူပင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဒေါက်တာ သက်သက်ခိုင်သည် လွှတ်တော် အတွင်း ဆွေးနွေးမှုများ ပြုလုပ်သည့် အခါ၌ ယေဘုယျ မဆန်ဘဲ လက်တွေ့ ကျသည့် အချက်များကို ထောက်ပြ ဆွေးနွေးကြောင်း၊ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲ စေချင်သည့် ရည်ရွယ် ချက်ဖြင့် ထောက်ပြ ဆွေးနွေးရာတွင် တိုက်ဆိုင်မှုရှိပါက ပြုပြင်စရာ ကိစ္စရပ်များအား ပြင်ဆင်သင့်ကြောင်း ပြောဆို သည်။
၎င်းက“အခုလိုမျိုး ပါတီကနေပြီး တာဝန် ရပ်စဲလိုက်တယ် ဆိုတော့ မကောင်းပါဘူး။ ကျနော်လည်း NLD ကနေ တချိန် တုန်းက ဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ သူ့ကို ကိုယ်ချင်းစာတယ်။ သူဟာ အရည်အချင်းရှိတဲ့ သူတယောက်ပါ။ အခု လို တာဝန်က ရပ်နားတာတော့ တိုင်းပြည်အတွက် အများကြီး နစ်နာတယ်လို့ ဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်”ဟု ဧရာဝတီ သို့ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ၎င်းတို့၏ လုပ်ဆောင်ချက်များအား အစီရင်ခံစာများ ရှိနေပြီး ပြုပြင်ပြောင်းလဲလာမည်ဟု စောင့်ဆိုင်းခဲ့သော်လည်း ပြောင်းလဲမှုမရှိဟု ယူဆသည့် အတွက် တာဝန်မှ ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားထားသည်။
ဒေါက်တာ မျိုးညွန့်က “ပါတီဝင်တဦးက လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်၊ သို့သော်လည်း ပါတီအတွင်း စည်း ထဲ မှာပဲ ကွဲလွဲခွင့် ရှိတာပါခင်ဗျ၊ ပါတီက အတည်ပြု ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွန်ချက်တွေကိုတော့ ကွဲလွဲ လုပ်ဆောင်ခွင့် မရှိပါဘူး၊ အဲ့ဒီနေရာမှာ လိုအပ်ချက်ရှိနေလို့ ပါတီစည်းကမ်းအရ အရေးယူ အပြစ်ပေးရခြင်းဖြစ်ပါ တယ်”ဟု ပြောသည်။