ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းတရားမဝင် သစ်ထုတ်လုပ်မှုများဆက်တိုက် ဖြစ်ပွားနေသော်လည်း ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် ဖမ်းဆီးရမိသည့်အခါ ကြိုတင်သတင်းပေါက်ကြားမှုကြောင့် တရားခံကို မမိဘဲ ပိုင်ရှင်မဲ့သစ်များသာတွေ့ရှိရကြောင်း သတင်းရရှိသည်။
တာဝန်သိ ပြည်သူတဦး၏ သတင်းပေးပို့ချက်ကြောင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်က သစ်ခွဲသားအချောင်း ၁၅၀ ကျော်ကို ဂွမြို့အထွက် ၅ မိုင်ခန့်အကွာတွင် ဖမ်းဆီးရမိသော်လည်း သတင်းပေါက်ကြားမှုကြောင့် သစ်ခိုးထုတ်သူများမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများကဧရာဝတီသို့ ပြောသည်။
ဂွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင်က “သတင်းရတာနဲ့ ကျနော်တို့ကသွားတာပဲ။ တင်နေတယ်ဆိုပြီးသတင်းပို့တာမျိုးရှိတယ်။ ဒါပေမယ့် ညဘက်ကျတော့ အန္တရာယ်နည်းနည်းများတယ်။ လိုက်တဲ့အခါ ကားဘီးရာတို့၊ ဘာတို့တော့ ကျန်တယ်။ ကျနော်တို့ လိုက်လာပြီဆိုတာသတင်းရတော့ မသယ်နိုင်တော့ဘူး။ ကားမောင်းပြေးတယ်။ ကျန်ခဲ့တဲ့ဟာတွေ မိတယ်”ဟုပြောသည်။

သစ်ခိုးမှု သတင်းများကို ညပိုင်းတွင် လိုက်ရသည့်အခါ လုံခြုံရေးအရ အခက်အခဲများရှိကြောင်း၊ သစ်များကိုတောထဲတွင် ထားခဲ့ရာ နေ့လယ်နေ့ခင်းရောက်မှသာ သစ်တောဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့် သွားရောက် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဂွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင် က ရှင်းပြသည်။
သြဂုတ်လ ၃၁ ရက် ညပိုင်းကရရှိသည့် သတင်းကိုစက်တင်ဘာလ ၁ ရက်နေ့လယ်ပိုင်းတွင် အဖွဲ့စုံဖြင့် ရှာဖွေရာတွေ့ရှိသည့် သစ်များမှာ မြေပေါ်တွင် ၁၅၁ ချောင်း၊ ရေထဲတွင် အချောင်း ၃၀ ခန့် ရှိပြီးသစ်အမျိုးအစားများမှာ တောင်ပိန်းခွဲသား၊ ကညင်ခွဲသား၊ ကညောင်းခွဲသားနှင့် တောင်သရက် ခွဲသားတို့ ဖြစ်ကြောင်း ဂွမြို့နယ် ဒေသခံဦးစိုးမင်းအောင်က ပြောသည်။
ထို့ပြင် သတင်းရရချင်း မြို့နယ် အုပ်ချုပ်ရေးရုံးသို့ အကြောင်းကြားရာ မြို့နယ်အုပ်ချုပ်ရေးရုံးက သစ်တောဌာနသို့ အကြောင်းကြားကြောင်း၊ အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့က သစ်ဖမ်းရန် ရှေ့မှ ထွက်၍ ဒေသခံအဖွဲ့များက နောက်မှလိုက်စဉ်တွင် သတင်းပေါက်သွား၍ သစ်ကားမှာ ထွက်ပြေးသွားခဲ့သည်ဟုဆိုသည်။
ဦးစိုးမင်းအောင် က “အဲဒီအချိန်မှာပဲ ကျနော်တို့ သတင်းပေးက ပြောတယ်။ သတင်းပေါက်သွားပြီတဲ့။ သစ်ကားက ထွက်ပြေးသွားပြီလို့ ပြောတယ်။ ကျနော် တို့ ရောက်ခါနီး ၁၀ မိနစ်အလိုမှာပဲ သစ်ကားက ထွက်ပြေးတယ်။ ကျနော်တို့က နောက်ကနေလိုက်တယ်။ နောက်ဒီကားက ခုနကပြောတဲ့ ဗေဒါဂိတ်ကနေထွက်သွားတယ်။ မြို့နယ် အုပ်ချုပ်ချုပ်ရေးမှူးက ဗေဒါဂိတ်ကိုဝင်စစ်တယ်။ အဲဒီကား ဖြတ်သွားတယ်ဆိုတဲ့ စာရင်းမရှိဘူး။ ဘယ်ကားမှ မထွက်ဘူးလို့ ဂိတ်က ငြင်းတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ အရပ်သတင်းအရဆို ဂွမှာသစ်တွေကို ၂ ရက် တခါ၊ ၃ ရက်တခါ သယ်နေတာ ပွဲတော်လိုတင်နေကြတာ။ ဘယ်လို ဖြစ်နေလဲဆိုတော့ ဥပဒေစိုးမိုးမှု အားနည်းတာပေါ့။ ကျနော်တို့ ဂွမြို့ကနေ ပြည်မကို ဝင်တဲ့အခါ ရိုးပေါ်မှာဗေဒါဂိတ်ဆိုတာရှိတယ်။ မဖြတ်မနေ ဖြတ်ရတာပဲ။ တရားမဝင် ကိစ္စတွေ တားဆီးဖို့ အဲဒီဂိတ်ကိုထားတာ။ ဒါပေမယ့် အဲဒီဂိတ်မှာဖမ်းမိတယ်ဆိုတာ တခါမှ မကြားဖူးဘူး” ဟု ပြောသည်။
ယခုလပိုင်းအတွင်း သစ်ဖမ်းဆီးရမိမှု ၄ ကြိမ်ထက် မနည်းရှိရာသစ်ခိုးထုတ်ရာနေရာသည် ဂွမြို့နှင့် ဗေဒါဂိတ်အကြား ၃ မိုင်၊ ၅ မိုင်၊ ၁၁ မိုင်နှင့် ၁၄ မိုင်တို့တွင် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဦးစိုးမင်းအောင် က “ဒီလုပ်ငန်းကို လုပ်နေတဲ့သူတွေကလည်း သူတို့ဟာသူတို့ လုပ်နေတာမဟုတ်ဘူး။ သက်ဆိုင်ရာနဲ့ အပေးအယူအကုန် ရှိပြီးသား။ ကျနော်တို့ မနေ့က ဖမ်းခဲ့တဲ့ သစ်ကွင်းဆိုရင် ရွာနားမှာပဲ။ အိမ်တွေနားမှာပဲ ဖြစ်နေတာတွေ။ အနီးပတ်ဝန်းကျင်မှာပဲ ဖြစ်နေတာ။ ပြောင်ပြောင် တင်းတင်း ဖြစ်နေတာ။ ပြောချင်တာက ဗေဒါဂိတ်ဟာ ဥပဒေအရပေးထားတဲ့ တာဝန်တွေကိုကျေပွန်အောင် မထမ်းဆောင်နိုင်ဘူး” ဟု ပြောဆိုသည်။
ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေကမူ ၎င်းကိုယ်တိုင် သစ်ကားတစီးကို ဦးဆောင် ဖမ်းဆီးခဲ့ဖူးပြီးကား ၂ စီးနှင့် ပိုင်ရှင်မိသည့် ဖြစ်စဉ်များလည်း ရှိကြောင်း၊ ယခုအခါ ဂွမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူများ ရှိပြီးကားကို သိမ်းထားသော်လည်း လူကိုမူ ဖမ်းဆီးထားခြင်းမရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“တရားမဝင် သစ်ခိုးထုတ်တာတွေ ပပျောက်ရေး အတွက် ဒေသခံတွေကို အသိပညာပေးတာတွေ၊ လှုံ့ဆော်တာတွေ လုပ်ပေးနေတယ်။ တိုက်တွန်းတာတွေလည်း လုပ်ပေးသွားမယ်။ အခုလည်းစစ်ဆေးရေး ဂိတ်တွေက လွှတ်ပေးနေလို့ သူတို့ပါလို့ ဒီလိုတွေ ဖြစ်နေတာ။ ဖမ်းထားတာ သစ်ချောင်းရေ ၃၀၀ ကျော်သွားပြီ။ သစ်တွေကို ဧရာဝတီတိုင်းဘက်ကို ထုတ်သွားတာ။ ဘယ်မြို့အထိ ရောက်နေလဲတော့ မသိဘူး” ဟု ဦးမြင့်ဝေက ရှင်းပြသည်။

သစ်တောဦးစီးဌာနကမူ သစ်ကွင်း၊ သစ်ပုံများကို ဖမ်းမိပါက ၎င်းတို့တွင် ယင်းသစ်များကိုရွေ့ပြောင်းရမည့် စရိတ်ကို နိုင်ငံတော်မှ ပေးမထားသဖြင့် သစ်ဖမ်းရန် အခက်အခဲများရှိနေသောကြောင့် သစ်တင်ကားကိုသာ ဖမ်းချင်သည်ဟု ပြောကြောင်း ဒေသခံများက ပြန်လည် ပြောပြကြသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေထံမှ ရရှိသည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ၁၂ ဘီးကားတစီးဖြင့် တောင်သရက်ခွဲသား ၄၁ ချောင်း၊ ဇူလိုင်လ ၂၄ ရက်တွင် ၆ ဘီးကားတစီးဖြင့် တောင်သရက်ခွဲသား ၁၆ ချောင်း၊ သြဂုတ်လ ၂၅ ရက်တွင် ပိုင်ရှင်မဲ့သစ် တောင်သရက်ခွဲသား ၁၁၈ ချောင်း၊ စက်တင်ဘာလ ၁ ရက်တွင် သစ်မျိုးစုံခွဲသား ၁၅၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုများမှာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး ဖမ်းမိပါကလည်း ပိုင်ရှင်မဲ့သာ များလေ့ရှိသလို ယခင်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် သစ်ခိုးထုတ်မှု အများဆုံးဒေသများ ဖြစ်ခဲ့ကြောင်းသိရသည်။