နိုင်ငံရပ်ခြားတိုင်းပြည်မှာ အထူးသဖြင့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ၊ ရင်းနှီးမြှပ်နှံသူများအား ပိုမိုဆွဲ ဆောင် ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကားတကားကို စတင်ရိုက်ကူးနေ ပြီဖြစ်သည်ဟု Khmer Times သတင်းကဆိုသည်။
“ကမ္ဘောဒီးယားမှ ချစ်မေတ္တာ”(Love in Cambodia) အမည်ရှိ ယင်းဇာတ်ကားအတွက် စရိတ်ကို Prince Real Estate အုပ်စုမှ ကျခံမည်ဖြစ်ပြီး ဖနွမ်ပင်မြို့၊ ဆီအမ်ရိရှိ အန်ကောဝပ်ရှေးဟောင်း ကျောင်း၊ ပရက်ချ်စီဟန်နော့ရှိ ကိုရွန်ကျွန်း၊ ကမ်ပေါ့ရှိ ဘိုကော်တောင်၊ ခမာနန်းတော်ရာရှိ အခြားအထိမ်းအမှတ်နေရာများတွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသသည်။
ယင်းဇာတ်ကား၏ ဇတ်ဝင်ခန်းတချို့ကို တရုတ်နိုင်ငံတွင်လည်း ရိုက်ကူးမည်ဖြစ်ပြီး အထူးသဖြင့် ယူနန်ပြည်နယ်၊ ကူမင်း၌ ရိုက်ကူးမည်ဟု ဆိုသည်။
ဇာတ်ကူးရိုက်ကူးရေးကို ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု၊ အနုပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ သန်း(ဘတ် ၆၅ သန်း) ရှိမည်ဖြစ်သည်။ ရိုက်ကူးမှုမှာ ယခုနှစ်အကုန်ပိုင်းတွင် အပြီးသတ်မည်ဟု မျှော်မှန်းရသည်။
ယင်းဇာတ်ကားကို ရိုက်ကူးစီစဉ်ဖြစ်ခြင်းမှာ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံကြား သံတမန် ဆက်ဆံရေးထူထောင်မှု နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယားပြည်သူများထံ လက်ဆောင်အနေဖြင့် တင်ဆက်ခြင်းဖြစ်ကြောင်း Prince Real Estate အုပ်စု၏ ဥက္ကဋ္ဌ လီမင်းက ပြောသည်။
“ကမ္ဘောဒီးယားမှ ချစ်ခြင်းမေတ္တာ” ရုပ်ရှင်ရိုက်ကူးဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘောဒီးယားရဲ့ အသည်းနှလုံးဖြစ်တဲ့ အန်ကောဝပ်ယဉ်ကျေးမှုအကြောင်း ပျံနှံ့စေဖို့ အထောက်အကူဖြစ်စေချင်တာ ရယ်၊ တိုင်းပြည်ရဲ့စီးပွားရေး အောင်မြင်မှု တွေကို တရုတ်ပြည်နဲ့ တကမ္ဘာလုံးကို ပြချင်တာရယ်၊ ကမ္ဘောဒီးယားတိုးတက်လာဖို့ ဒီဇာတ်ကားက အကျိုးပြုမှာပါ” ဟု သူက ပြောသည်။
ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး သွန်ခွန်ကလည်း ယင်းဇာတ်ကားသည် မိမိနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူများကို ပိုမိုဆွဲဆောင်လာစေရန် ပံ့ပိုးနိုင်မည်ဟု ပြောသည်။
“ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ခြင်းအားဖြင့် တရုတ်ပြည်သူတွေကလည်း ကမ္ဘောဒီးယားအကြောင်း ပိုသိလာမယ့် အထူးသဖြင့် ရင်းနှီးမြှပ်နှံသူတွေ ပိုသိလာဖို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဇာတ်ကား စတင်ရိုက်ကူးသည့် အခမ်းအနားကို စနေနေ့က စီဟန်နော့ဗီလီတွင် ကျင်းပရာ ခွန်က ထည့်သွင်း ပြောကြားသည်။
အဆိုပါဇာတ်ကားကို တရုတ်နိုင်ငံတွင် လာမည့်နှစ်အစောပိုင်း၌ ရုံတင်မည်ဖြစ်ပြီး ဧပြီလမှာ ကျင်းပမည့် ကမ္ဘာ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။