မန္တလေးမြို့ပေါ်တွင် ပြည်သူလူထု သတင်းမှန်ရရှိရေး အတွက် သတင်းမီဒီယာသမားများ အပါအဝင် အလွှာအသီးသီးက ပါဝင်မည့် သတင်းလွတ်လပ်ခွင့် တောင်းဆိုလှုပ်ရှားမှုတရပ်ကို မကြာခင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Reuters သတင်းထောက်၂ ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာလ ၃ ရက်တွင် နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေ ၃၊ ၁(ဂ) ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ယင်းလှုပ်ရှားမှုပြုလုပ်ရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မန္တလေးမီဒီယာစင်တာရုံး တာဝန်ခံ ကိုလင်းလင်းထွန်း က “လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်၊ သတင်းသိပိုင်ခွင့်တွေကိုပိတ်ပင် တားဆီးနေတာကို ကျနော်တို့ ဆက်လက်ပြီးတော့ ဆန့်ကျင်တိုက်ပွဲဝင်နေရမယ်လို့ မြင်မိပါတယ်။ အခြားလှုပ်ရှားမှုတွေအနေနဲ့ သတင်းမီဒီယာ သမားတွေအပါအဝင် စာရေးသားနေကြတဲ့ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေကိုပါ တတ်နိုင်သလောက် ထိတွေ့ ဖိတ်ခေါ်ပြီးတော့ ဒီထက်ထိရောက်တဲ့ လှုပ်ရှားတခုကို ဆက်လုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို ယခုတပတ်အတွင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် လက်မှတ် ကောက်ခံသည့် ကမ်ပိန်းများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါလက်မှတ်ထိုး တောင်းဆိုမှုများကိုလည်း သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မီဒီယာအခန်းကဏ္ဍသည် ခေတ်အဆက်ဆက် ဖိနှိပ်ခြင်းခံခဲ့ရပြီး ပြည်သူက ရွေးချယ်တင်မြှောက်သည့် လက်ရှိအစိုးရ လက်ထက်၌လည်း သတင်းထောက်များကို တရားစွဲဆို၊ ထောင်ချခံရမှုသည် ယခင်အစိုးရ လက်ထက်ကထက် ပိုမိုများပြားလာကြောင်း သတင်းသမားများက ပြောဆိုသည်။
Reuters သတင်းဌာနမှ သတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ထောင် ၇ နှစ် ချမှတ်ခြင်းအပေါ် အမြန်ဆုံး ပြန်လွှတ်ပေးရေး အတွက် မန္တလေးမြို့ခံသတင်းထောက်များ စုပေါင်း၍ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် ဘုရားရင်ပြင်တော်တွင် စက်တင်ဘာ ၃ ရက်၊ ညနေ ၃ နာရီခွဲက ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။
ထိုကဲ့သို့ထောင်ဒဏ်ချမှုမှာ သတင်းမီဒီယာသမားများအပေါ် ဖိနှိပ်မှု ဖြစ်သလို၊ လွပ်လပ်စွာ ပြောဆိုရေးသားခွင့်အပေါ် ချုပ်ချယ်ရာ ရောက်နေကြောင်း၊ တရားစီရင်မှုနှင့် ပြစ်ဒဏ်ချမှတ်မှုတို့သည် မျှတမှုမရှိခြင်းကြောင့် ယခုကဲ့သို့ ဆုတောင်းပွဲကို ပြုလုပ်ရခြင်းဟုသိရသည်။
သတင်းထောက် ကိုနေမျိုးလင်း က “ကိုဝလုံးတို့ ကိုကျော်စိုးဦးတို့ဆိုတာက ရခိုင်ပြည်နယ်က သတင်းတွေကို ရေးသားတဲ့နေရာမှာ အဖြစ်မှန်တွေကိုသာ တင်ပြ၊ ရေးသားတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော် လျို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်တာလည်း မဟုတ်ပါဘူး။ ဒီသတင်းအပေါ် အခြေခံပြီးတော့ တပ်မတော်ကလည်း သူတို့အရာရှိတွေကို အရေးယူပြီးသားလည်း ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ဟာ လုံးဝတရားမျှတမှု မရှိဘူး။ နိုင်ငံတော်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကလည်း ကိုဝလုံးတို့ကို အပြစ်လုပ်သလိုလို ပြောတဲ့အတွက် တရားဥပဒေဟာ သတင်းမီဒီယာသမားတွေကို ဖိနှိပ်သလို ဖြစ်ပြီးတော့ ဒီလိုစီရင်ချက် ချခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းဆုတောင်းပွဲ၌ မဇျ္စိမသတင်းဌာန၏ သတင်းထောက် တဦးဖြစ်သည့် ကိုအောင်ကိုဦးက သတင်းလွတ်လပ်ခွင့်မရှိသည့်အပေါ် ကင်မရာပေါက်ခွဲ၍ သရုပ်ပြသကာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာသတင်းရယူခွင့် တို့ကိုတောင်းဆိုခဲ့ကြသည်။
ကိုနေမျိုးလင်း က“ဒီအစိုးရတက်လာမှ သတင်းလွတ်လပ်ခွင့်ဟာ ပိုပြီးတော့ကျနေပါတယ်။ အရင်အစိုးရထက်ကို ပိုကျသွားပါတယ်။ ဒါဟာ စိတ်မကောင်းစရာပါ။ ပြည်သူတင်ထားတဲ့ အစိုးရလက်ထက်မှာ လွပ်လပ်စွာပြောဆို ရေးသားခွင့်တွေ ချုပ်ချယ်မယ်လို့ မမျှော်လင့်ခဲ့လို့ မဲပေးခဲ့တာပါ။ ဒါကြောင့် အစိုးရအနေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
Reuters သတင်းထောက် ၂ ဦးသည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက် သည့် အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဆိုကာ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းကမင်္ဂလာဒုံ မြို့နယ် ထောက်ကြံ့ ရဲစခန်းက ဖမ်းဆီးခဲ့ဲခြင်းဖြစ်သည်။