ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကြား တိုက်ပွဲ ဖြစ်နေရာ ဒေသခံ ၂ ထောင် ဝန်းကျင် တိုက်ပွဲ ရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့များက ပြောသည်။
နမ္မတူမြို့နယ် ပန်လုံ ကျေးရွာ၌ RCSS နှင့် TNLA တို့ စက်တင်ဘာ ၁ ရက်မှ စတင်၍ တိုက်ပွဲဖြစ်လျက်ရှိရာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၂၀၀၀ ဝန်းကျင်သည် မန်လီ – ပန်သပြေ (နမ္မတူမြို့နယ်)ကျေးရွာ အပါအဝင် သီပေါမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။
တိုက်ပွဲရှောင်များကို ကူညီပေးနေသော သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက“ပန်လုံဘက်မှာ တိုက်ပွဲဖြစ်လို့ ဒီလ ၁ ရက်ကစပြီး လာခဲ့ကြတယ်။ သီပေါ ဘိုးတော်ကျောင်းမှာတော့ ၃၀၀ ကျော် ရှိတယ်။ ရွာသားတွေ အတွက်က ဒီအချိန် က စိုက်ပျိုးချိန် ဖြစ်တဲ့ အခါကျတော့ ဒီအချိန်လေးမှာ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ရင်တော့ ကောင်းတာပေါ့။ မြန်မြန် ငြိမ်းချမ်းစေချင်တယ်”ဟု ပြောသည်။
သီပေါမြို့ ဘိုးတော်ကျောင်းတွင် ပန်လုံ၊ မန်ဆာ၊ မန်ကယ် ကျေးရွာများမှ တိုက်ပွဲရှောင် ဒေသခံ ၃၀၀ ကျော်အား ရှမ်းယဉ် ကျေးမှု အဖွဲ့များက ကူညီထောက်ပံ့မှုများ ပေးနေကြောင်း ၎င်းက ဆိုသည်။
လက်ရှိ၌ RCSS နှင့် TNLA ကြား ပန်ကိုင် (ပန်လုံကျေးရွာ အထက်)ဘက်တွင် စက်တင်ဘာ ၄ ရက် နံနက်က တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကိုမျိုးက ပြောဆိုသည်။
စက်တင်ဘာ ၁ ရက်က ပန်လုံကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပန်လုံဒေသခံ ၂ ဦး သေနတ်မှန်ခဲ့ပြီး သီပေါ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြရကြောင်းလည်း သိရသည်။
“နှစ်ယောက် စလုံးကတော့ အခု လောလောဆယ် သီပေါဆေးရုံ တင်ထားရတယ်။ ဒီက အခြေအနေ ကောင်းပြီဆိုမှ မန္တလေးကို လွှဲမယ်။ ရင်ဘတ်ကို မှန်တဲ့လူက အသက် ၆၀ ဝန်းကျင်လောက် ရှိမယ်။ ကျည်ဆန်က ထုတ်မရသေးဘူး။ လက်ကို မှန်တာက ၃၀ နှစ် ဝန်းကျင်ပေါ့”ဟု ကိုမျိုး က ပြောပြသည်။
ထို့ပြင် နမ္မတူမြို့နယ် မန်လီအုပ်စု မန်လီကျေးရွာမှ မန်လီဘုန်းကြီးကျောင်းနှင့် ပန်သပြေ ကျေးရွာရှိ ပန်သပြေ ဘုန်းကြီး ကျောင်းတွင် မန်မိန်း၊ ကောင်းဟုန်း၊ ဆန်ခါ၊ နားပုံ၊ နမ့်ဆီလင်း၊ ပန်လုံ၊ ပန်ဟတ်၊ နားဟုတ်နောင်ငင်း စသည့် ကျေးရွာများ မှ ဒေသခံများ တိုက်ပွဲ ရှောင်နေရသည်ဟု နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီရေး ကော်မတီမှ ဦးစိုင်းဘဉာဏ် ကလည်း ပြောသည်။
“အခုတော့ ရွာသားတွေ အကုန်လုံး တိမ်းရှောင်နေကြတယ်။ အခုထိ နယ်မြေ မငြိမ်သေးဘူး၊ တိုက်ပွဲ ဒီနေ့ ဖြစ်သလား တော့ မသိဘူး။ ဒါပေမယ့် စစ်ရေး တင်းမာနေတုန်းပဲ။ ရွာသားတွေ မပြန်သေးဘူး။ ၁ ရက်ကစပြီး တိုက်ပွဲ ရှောင်လာ ကြ တယ်။ တနေ့ပြီး တနေ့ ရှောင်လာကြတာ အခု ၂ ထောင်လောက် ရှိသွားပြီဆိုတော့ အခက်အခဲ နည်းနည်း ရှိတယ်”ဟု ၎င်းက ပြောပြသည်။
မန်လီနှင့် ပန်သပြေ ကျေးရွာများရှိ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲရှောင် ၁ ထောင်ကျော်ရှိပြီး သီပေါမြို့ ဘိုးတော်ကျောင်း တွင် တိုက်ပွဲရှောင် ၃၀၀ ကျော် ရှိကြောင်း ထိုတိုက်ပွဲရှောင်များကို ပရဟိတ အဖွဲ့များနှင့် ရှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့များ၊ ရပ်ရွာ တာဝန်ရှိသူများက ကူညီပေးနေကြောင်း သိရသည်။
ဦးစိုင်းဘဉာဏ်က“နမ္မတူမြို့နယ်ထဲက တိုက်ပွဲရှောင်တွေကိုတော့ ပရဟိတ အဖွဲ့တွေက ကျွေးထားတယ်။ တိုက်ပွဲ ရှည် သွားမယ်ဆိုရင် စားနပ်ရိက္ခာ အတွက် လိုအပ်မယ်။ တကိုယ်ရေသုံး ပစ္စည်းတွေ လိုအပ်မယ်”ဟု ပြောသည်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာ အနီး ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး RCSS ၊ TNLA တို့မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖြေကြားခြင်း မရှိပေ။
TNLA နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ စစ်ရေး ပူးပေါင်းလှုပ်ရှားရာ နယ်မြေဖြစ်သည့် နမ္မတူမြို့နယ် မန်ဆာကျေးရွာ အနီးတွင် စက်တင် ဘာလ ၁ ရက် ညနေပိုင်းက TNLA-SSPP/SSA ပူးပေါင်း တပ်ဖွဲ့တို့က RCSS တပ်ဖွဲ့စခန်းများကို နယ်မြေ ရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် TNLA-SSPP/SSA ပူးပေါင်း တပ်ဖွဲ့နှင့် RCSS တို့ သြဂုတ် ၁၅ ရက်က ပန်လုံကျေးရွာ အနီး တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွား ခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် နမ့်ဆီလင်း ကျေးရွာ အနီး တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ဆိုထားသည်။
RCSS နှင့် ဖြစ်ပွားနေသော တိုက်ပွဲတွင် TNLA က TNLA-SSPP ပူးပေါင်း တပ်ဖွဲ့ဟု ပြောနေသော်လည်း SSPP ဘက်က ပါဝင် တိုက်ခိုက်ပေးနေမူ ရှိ မရှိကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။