သတင်း

Air Mandalay လေကြောင်းပြေးဆွဲမှု ယာယီရပ်ဆိုင်း

ပြည်တွင်းခရီးစဉ်များနှင့် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုများ ဆောင်ရွက်လျှက်ရှိသည့် ၂၄ နှစ်ကြာ သက်တမ်းရှိသော Air Mandalay လေကြောင်းလိုင်းသည် ၎င်းတို့၏ လေယာဉ်ပျံသန်းပြေးဆွဲမှုအား စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Air Mandalay လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသန္တာဝင်း က “ဒီနေ့ကစပြီး ရပ်ဆိုင်းလိုက်တာပါ။ ယာယီရပ်ဆိုင်းရတာလည်း လုပ်ငန်းပြန်လည်ဖွဲ့စည်းတာတွေ ဘာတွေ ရေးဆွဲတာလုပ်ဖို့အတွက် ဖြစ်ပါတယ်။ အဲကြောင့်မို့ အဓိကခေတ္တ ခဏရပ်ဆိုင်းတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

Air Mandalay လေကြောင်းလိုင်းမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် နောက်ပိုင်း ခရီးစဉ်များအတွက် ကြိုတင် ဝယ်ယူထားသော ခရီးသည်များကို လေယာဉ်လက်မှတ်ခများကို အရောင်းကိုယ်စားလှယ်များမှတဆင့် ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ ပြည်တွင်း၌ လေကြောင်းလိုင်း လုပ်ငန်းလိုင်စင်အသစ်များကို ခွင့်ပြုပေးခဲ့ခြင်း ကြောင့် အကျိုးဆက်အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများစွာ ပေါ်ထွက်လာခဲ့ပြီး ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာခဲ့သည်ဟု ဆိုသည်။

ဒေါ်မေသန္တာဝင်း က “လုပ်ငန်းလည်ပတ်ရတာ စရိတ်စက ကြီးမြင့်တယ်။ နောက်တခုကကျတော့ ၂၀၁၁ ခုနှစ်ကပြီးတော့ ပြည်တွင်းမှာ လေကြောင်းလိုင်း လိုင်စင်သစ်တွေ အများကြီး ခွင့်ပြုချထားပေးတဲ့ အတွက်ကြောင့် ဝယ်လိုအားထက် ရောင်းလိုအားက ပိုများတယ်။ အဲတော့ ဈေးကွက် ယှဉ်ပြိုင်မှုက တအားများတဲ့ အခါကျတော့ အရူံးပေါ်တယ်။ ဒါကြောင့် လေကြောင်းလိုင်းတွေ ရပ်ဆိုင်းရတယ်လို့ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ နိုင်ငံ၏ လေကြောင်းလိုင်းကဏ္ဍတွင် စိန်ခေါ်မှုများ ပိုမိုများပြားလျက်ရှိနေပြီး Air Mandalay အနေဖြင့် လေကြောင်းလိုင်းများနှင့် လေကြောင်းကဏ္ဍတခုလုံး ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရနှင့် အနီးကပ်ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

Air Mandalay အနေဖြင့် လေကြောင်းလုပ်ငန်း ပြန်လည်ဖွဲ့စည်းမည့် အစီအစဉ်ရေးဆွဲခြင်းများ ဆောင်ရွက်ပြီးစီးပြီး အနာဂတ် ဈေးကွက် အခြေအနေ တိုးတက်ကောင်းမွန်လာသည့် အချိန်တွင် ပြန်လည်ပြေးဆွဲသွားမည်ဟုလည်း လေကြောင်း မှ ထုတ်ပြန်ထားသည်။

Air Mandalay လီမိတက်ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက (ပြည်ပ) အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် နိုင်ငံတော်ဖက်စပ်လေကြောင်းလိုင်းတခုအဖြစ် ဖွဲ့စည်းခဲ့ပြီး အဲမန္တလေးကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၆ ရက်ကတွင် စတင်တည်ထောင်ခဲ့သည်။

ပြီးခဲ့သည် ဇူလိူင်လ ၂၁ ရက်မှ စတင်၍ FMI လေကြောင်းလိုင်းပျံသန်းပြေးဆွဲမှု ရပ်နားခဲ့ရသလို Apex Airline နှင့် Air Bagan လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့၏ လေကြောင်းလိုင်း AOC ကို ပြည်တွင်းလေကြောင်း ဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့ရသည်။

Loading