သတင်း

အမြန်လမ်း ယာဉ်မတော်တဆမှု ၈ လအတွင်း ၆၀ ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တလျှောက် ယာဉ်မတော်တဆမှုများကြောင့် ၈ လအတွင်း ၆၀ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းရရှိသည်။

ယာဉ်တိုက်မှုကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ အမှုပေါင်း၂၉၇ မှု ဖြစ်ပွားခဲ့ပြီး ၆၀ ဦးသေဆုံးကာ ၅၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စိုးဝင်းက ပြောသည်။

ရဲအုပ် စိုးဝင်း က “အရှိန်လွန်မောင်းတဲ့ ကားတွေကို အရှိန်လွန်မောင်းစက်နဲ့ တိုင်းတာပြီး အရေးယူတာတွေရှိတယ်။ အများဆုံး ယာဉ်တိုက်မှုဖြစ်တာက အိမ်စီးကားတွေပဲ။ သူတို့က အရှိန်လွန်မောင်းလို့ ဖြစ်တာများတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

၂၀၁၈ ခုနှစ် အတွင်းအမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပတ် မပတ်ဘဲမောင်းနှင်သည့် ယာဉ်အစီးအရေမှာ ၁၀၅၅ စီးရှိကြောင်းနှင့် ဖမ်းဆီး အရေးယူခံရသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာမြို့နယ် တရားရုံးတွင် ဒဏ်ငွေကျပ် ၃ သောင်း ပေးဆောင်ရသည်ဟုသိရသည်။

အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ သတင်းအချက် အလက်များအရ ယာဉ်တိုက်မှုမှာ အိမ်စီးကားများအများဆုံး ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၌ အမှုပေါင်း ၇၇၄ မှု ဖြစ်ပွားခဲ့ကာ၊ ဒဏ်ရာရရှိသူ ၁၃၀၄ ဦး၊ ၁၇၀ ဦးသေဆုံးခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် ယခင်နှစ်ထက် သေဆုံးသူဦးရေ လျော့ကျခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်၍ ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်များအားလုံး ထိုင်ခုံခါးပတ် မပတ်သူများကို ဖမ်းဆီးအမှုဖွင့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်ခုံခါးပတ် မပတ်ဘဲမောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးသည့် နေရာများမှာ အမြန်လမ်းတိုးဂိတ်များ ဖြစ်သည့် ရန်ကုန်တွင် အမှတ် ၃ လမ်းဆုံ၊ ဖြူး ၊ နေပြည်တော်၊ မိတ္ထီလာမြို့ရှိသီးကုန်း၊ မန္တလေးမြို့ တံတားဦး မြို့နယ်မှ စကားအင်းတိုးဂိတ် စသည့် ၅ နေရာတို့၌ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင်မောင်ရွှေ က “အခုလိုဖမ်းဆီးမှုတွေ လုပ်တော့ တော်တော်များများခါးပတ် ပတ်လာကြတယ်။ အရှိန်လွန်မောင်းတဲ့ ယာဉ်ကို ၅ သောင်း၊ ထိုင်ခုံခါးပတ် မပတ်တဲ့သူကို ၃ သောင်းဆိုပြီး သတ်မှတ်ထားတယ်။ ခရီးလွန်တဲ့ သူလောက်ပဲ ဒဏ်ကြေးဆောင်ဖို့ ကျန်တာ ဆောင်တဲ့သူ များပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးသည် အရှည် မိုင် ၄၀၀ ရှိပြီး၊ နေ့စဉ် ယာဉ် အစီးရေ ၂၀၀၀၀ ကျော် ဖြတ်သန်းမောင်းနှင်နေကြောင်း တရက်လျှင် ပျမ်းမျှအားဖြင့် ခုနှစ်မှု ခန့် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် က “အခုလူအသေ အပျောက်နဲ့ ယာဉ်တိုက်မှု လျော့ကျလာတာဟာ အရှိန်လွန် မောင်းတဲ့ ကားတွေကို အမြန်လမ်းရဲတွေ ထိန်းသိမ်း ကြပ်မတ်တာလည်းပါတယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

ယခင်က အမြန်လမ်း တလျောက်တွင် ယာဉ်မတော်တဆမှု အဖြစ်အများဆုံးမှာ လိုက်ထရပ်ယာဉ်များ ဖြစ်ပြီး၊ အရှိန်လွန်မောင်းနှင်မှုနှင့် ထိုင်ခုံခါးပတ် မပတ်ပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ယာဉ်တိုက်မှုများ လျော့ကျလာကြောင်း၊ လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ပြီးပါက ယာဉ်တိုက်မှုနှုန်းနှင့် လူအသေအပျောက်နှုန်းမှာ ယခုထက် ကျဆင်းနိုင်ကြောင်း ဦးသန်းစိုးအောင် က ဆိုသည်။

အဆိုပါ လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းဖြစ်စေရန် ပြုပြင်ရန် စီစဉ်နေပြီး ADB (အာရှဖွံ့ဖြိုးရေးဘဏ်)မှ ဒေါ်လာသန်းတရာကျော် ချေးငွေဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားကြောင်း၊ အကယ်၍ အစိုးရက လက်ခံလျှင် ၂၀၂၀ ပြည့်နှစ်မတိုင်ခင် မိုင် ၄၀ ကိုရှေ့ပြေးစီမံကိန်းအနေဖြင့် နိုင်ငံတကာ အဆင့်မီ အမြန်လမ်း ဖြစ်စေရန် ဆောင်ရွက်မည့် အစီအစဉ်ရှိသည်ဟုဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့သည့် ဆဋ္ဌမ အကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် မီဒီယာများကိုပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် –  ဧပြီလအတွင်း အမြန်လမ်းရှိ အရှိန်လွန်မောင်းသည့် ယာဉ် ၁၈၀၀ စီးကျော် ဖမ်းဆီးရမိ
အမြန်လမ်း၌ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သူ ၄ထောင်ကျော်အရေးယူထား

Did you find apk for android? You can find new Free Android Games and apps.
Loading