ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အိုရီယမ်တယ် တိုးလ်ဂိတ်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သတင်းအရ ရှာဖွေရာ ကုန်တင်ယာဉ်တစီးပေါ်မှ ဖောက်ခွဲရေးပစ္စည်းဖြစ်သည့် စနက်တံ ၁ သိန်း ၆ သောင်းကျော်ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သတင်းရ သည်။
ဖြစ်စဉ်မှာ ကျောက်မဲ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် နယ်မြေခံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ သည် သတင်းရ၍ လားရှိုးမှ မန္တလေးသို့ သွားမည့် 8I/1451 ကန်တာအမျိုး အစား(၆)ဘီး ခဲရောင်ယာဉ်အား ကျောက်မဲမြို့၊ အော်ရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်မှာ စောင့်ဆိုင်း၍ ရပ်တန့် စစ်ဆေးရာ ဖောက်ခွဲရေးပစ္စည်း စနက်တံ(နီညိုရောင် ကြိုးပါ) ၁၆၄၅၀၀ ချောင်းကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ကျောက်မဲမြို့မရဲစခန်းမှ တာဝန်မှူးက “စက်တင်ဘာ ၄ ရက်နေ့က ၁၁ နာရီ ၃၀ ခန့်အချိန် ဒီက စခန်းအဖွဲ့နဲ့ ခရိုင်အဖွဲ့ ပူးပေါင်းပြီးတော့ပေါ့၊ သတင်းအရ လားရှိုးကနေ မန္တလေး လာတဲ့ ကားကို ရပ်တန့် စစ်ဆေးတဲ့အခါမှာ ဒီတိုနေတာ ၁၆၄၅၀၀ ချောင်းပေါ့နော်။ အဲဒါကို ဖမ်းဆီးရမိလို့ ရှမ်းလက်နက် ပုဒ်မ ၁၂ နဲ့ အမှုဖွဲ့ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရမိသော ဖောက်ခွဲရေးပစ္စည်းများကို စွန့်ပစ်ပစ္စည်းများ သံတို၊ သံစများ ထည့်ထားသည့် အိတ်များအောက်တွင် ဖုံးအုပ်သယ်ဆောင် လာခြင်း ဖြစ်သည်။
ထိုဖောက်ခွဲရေး ပစ္စည်း ဒီတိုနေတာများကို သယ်ဆောင်လာသည့် ၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကင်းဆိုင်ကျေးရွာနေ ဇော်မြင့်သိန်းနှင့် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နေ မြင့်ဇော်ဦးတို့ဖြစ်ပြီး၊ ၎င်းတို့ကို (ပ) ၃၅၇/၁၈၊ ၁၉၄၇ ခုနှစ်၊ ရှမ်းပြည်နယ် လက်နက်အမိန့်- ၁၂ အရ အမှုဖွဲ့ အရေး ယူထားကြောင်း ကျောက်မဲမြို့မရဲစခန်းက ပြောသည်။
အဆိုပါ ဖမ်းဆီး ရမိသည့် တရားခံ ၂ ဦးကို မေးမြန်း၍ နောက်ဆက်တွဲ ကွင်းဆက်များကို စုံစမ်း နေကြောင်း ကျောက်မဲမြို့မရဲစခန်းမှ တာဝန်မှူးက ပြောသည်။