သတင်း

ရန်ကုန်မြို့နယ် ၁၉ ခု ၂ ရက်ကြာ ရေပြတ်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်းရှိမြို့နယ် ၁၉ ခု၌ ၂ ရက်ကြာ ရေပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

လှော်ကားပိုက်လိုင်းဟောင်းနေရာတွင် တိုက်တာအဆောက်အအုံများ ဆောက်လာကြရာ ပိုက်လိုင်းနှင့် မလွတ်ကင်းသောကြောင့် နေရာ ပြောင်းရွှေ့ ချထားရခြင်း ဖြစ်ပြီး လိုင်းအသစ်နှင့် ပြောင်းလဲတပ်ဆင်ချိန် ယူရမည်ဖြစ်၍ ယခုကဲ့သို့ ယာယီဖြတ်တောက်ရခြင်းဖြစ်ကြာင်း YCDC ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အရှေ့ပိုင်းခရိုင်မှူး ဦးကျော်ကျော်ဦးက ဧရာဝတီကို ပြောသည်။

ဦးကျော်ကျော်ဦး က “လှော်ကားပိုက်လိုင်းက မလွတ်ကင်းတော့ဘူး။ မလွတ်ကင်းတဲ့ အတွက်အစားဖြည့်တလိုင်းက ချပြီးသွားပြီ။ အဝင်နဲ့အထွက်ကို ပေါင်းပြီလေ။ ၃၆ နာရီအချိန်ယူပြီး ပိတ်ပြီးတော့လိုင်းပေါင်းမယ်” ဟု ဆိုသည်။

ယင်းသို့ ပြုပြင်မှုများ ပြုလုပ်ရန် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်များ၌ နံနက် ၁၀ နာရီမှ ည ၁၀ နာရီ အတွင်း ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကတေ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် စသည့် မြို့နယ်တို့တွင် ရေပြတ်တောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YCDC ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) အနောက်ပိုင်းခရိုင်မှူး ဦးချစ်ကိုကို က “၉ မိုင်နားမှာ ကွန်ကရစ်ပိုက် အဟောင်းအစား HDP ပိုက်နဲ့ပြန်ပြီး တော့လိုင်းရွှေ့တာပေါ့။ နဂိုကွန်ကရစ် ပိုက်လိုင်းအစား နေရာရွှေ့လိုက်တာပေါ့။ အဲဒီအတွက်ကို ယာယီဖြတ်တောက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ ရေပြတ်တောက်မည်ဖြစ်ရာ ရေကြိုတင်စုဆောင်းထားကြရန်နှင့် အဆိုပါအချိန်ကာလအတွင်း ရေလိုအပ်ချက်ရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ ဖုန်းဆက်ကာ ရေသယ်ယာဉ်များတောင်းခံပြီး ရေရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဦးချစ်ကိုကိုက “အခက်အခဲရှိတဲ့မြို့နယ်တွေကို ရေကားလေးတွေနဲ့ လိုက်ပို့ပေးပါတယ်။ ရေပြတ်တိုင်းလည်း စီစဉ်ပေးပါတယ်။ မျှပြီးတော့ အရေးပေါ်အတွက် သုံးစွဲလို့အဆင်ပြေအောင် ရေကားလေးတွေ စီစဉ်ပေးတာ” ဟုပြောသည်။

သာကေတ မြို့နယ် နေထိုင်သူ ကိုထက်မြက် က “ရေပြတ်မယ်ဆိုရင်လည်း ကြိုတင်ပြီး ကြေညာ သတိပေးတာတို့ကို မကြာခဏ လုပ်ဆောင်ပေးသင့်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ကြေညာချိန်မှာ မသိလိုက်တဲ့သူရှိနိုင်သလို မေ့သွား တာမျိုးတွေ ဖြစ်ပြီး ကြိုတင် ရေတင်ထားဖို့ကို ရေစုဆောင်းထားဖို့ မလုပ်ဖြစ်တာမျိုးတွေ ရှိနေမှာစိုးလို့ပါ။ ရေဖြတ်မယ့်နေ့ ရောက်ခါနီးရင်လည်း ရုပ်မြင်သံကြားက တဆင့် မကြာခဏ ကြေညာပေးရင် အဆင်ပြေမှာပါ” ဟု ဆိုသည်။

အဆိုပါနှစ်ရက်တွင် ရေအခက်အခဲဖြစ်ပါက အရှေ့ပိုင်းခရိုင်မှူး ၀၉၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်မှူး ၀၉၂၅၀၂၈၃၈၁၂၊ တောင်ပိုင်း ခရိုင်မှူး ၀၉၅၀၅၄၅၆၅ နှင့် မြောက်ပိုင်းခရိုင်မှူး ၀၉၅၀၈၁၂၂၉ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း YCDC၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading