ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်ထားသည့် ရန်ကုန်- ပုသိမ်ကားလမ်းပေါ်ရှိ လမ်းကြေး ကောက်ခံသော ဂိတ်အားလုံးကို စက်တင်ဘာလ ၄ ရက်မှစတင်၍ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လမ်းပိုင်းအတွင်း Oriental Highway ကုမ္ပဏီမှ BOT (တည်ဆောက်၊ လုပ်ဆောင်၊ လွဲှပြောင်း) စနစ်ဖြင့် ဆယ်စုနှစ် တခုကျော်ကြာ လမ်းကြေးကောက်ခံခဲ့သည့် ဂိတ် ၅ ခုကို ပြည်ထောင်စုအစိုးရ အစီအမံဖြင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့က ပြန်လည်သိမ်းယူပြီးနောက် ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က “ခရီးသွားလာတဲ့ ပြည်သူတွေ အဆင်ပြေအောင် ပိတ်သိမ်းပေးလိုက်တဲ့ သဘောပါ။ ဒါပေမယ့်တံတား ၆ စင်း ဖြတ်သန်းခနဲ့ ကုန်ကားတွေ တန်ပိုကြေးနဲ့ ကတ္တားခတွေကိုတော့ ဆက်လက်ကောက်ခံသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ယင်းသို့ ပိတ်သိမ်းသည့် ဂိတ်များမှာရန်ကုန် – ပုသိမ်ကားလမ်းပေါ်ရှိ လှိုင်သာယာတိုးဂိတ်၊ ညောင်တုန်းတံတားသစ် တိုးဂိတ်၊ ဗိုလ်မြတ်ထွန်းတိုးဂိတ်၊ ကျောင်းကုန်း တိုးဂိတ်နှင့် ပုသိမ်မြို့အဝင် ကိုးဆူတိုးဂိတ်များ ဖြစ်ကြသည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/09/IMG_20180905_095022-copy.jpg)
အဆိုပါ ဂိတ်များပိတ်သိမ်းသော်လည်း လမ်းတလျှောက်ရှိ မြစ်ကူးတံတားများဖြစ်သောဗိုလ်မြတ်ထွန်းတံတား၊ ညောင် တုန်းတံတားသစ်၊ ဗောဓိတံတား၊ ပသွယ် တံတား၊ ကျောင်းကုန်းတံတားနှင့် ဒါးကတံတားတို့ အတွက် တံတား ဖြတ် သန်းခများ ဆက်လက် ကောက်ခံသွားမည် ဖြစ်ပြီးတန်ပိုတင်သည့် ကုန်ကားများကိုလည်း တန်ပိုကြေးနှင့် ကတ္တားခကောက်ခံမှုများ ဆက်ရှိနေမည် ဖြစ်ကြောင်းသိရသည်။
ရန်ကုန် – ပုသိမ်လမ်းကိုအာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ အစီအစဉ်ဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရန်ကုန် -ပုသိမ်ကားလမ်းကို အော်ရီရန်တယ် ဟိုက်ဝေးကုမ္ပဏီက ၂၀၁၀ မှ၂၀၅၀ ခုနှစ်အထိ BOT စနစ်ဖြင့် နှစ် ၄၀ စာချုပ်ချုပ်ဆိုကာ အစိုးရထံမှ လွှဲပြောင်းရယူထားသည့် လမ်းတခုဖြစ်သည်။
ကုမ္ပဏီမှ တာဝန်ယူထားစဉ်ကာလ အတွင်း ရန်ကုန် – ပုသိမ်လမ်းမှာ ဆိုးဝါးစွာ ပျက်စီးခဲ့သည့် အတွက် ယာဉ်တိုက်မှုများ၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ခရီးသွားလာသူများမှ ဝေဖန်မှုများနှင့် တိုင်ကြားမှုများပါ ရှိနေကြောင်း သိရသည်။
ထိုသို့ ဆိုးဝါးစွာပျက်စီးနေသည့် ရန်ကုန် – ပုသိမ်လမ်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်၌ အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ပြုပြင်ရန် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရက လမ်းအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ပြန်လည်သိမ်းယူခဲ့ခြင်း ဖြစ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2018/09/IMG_20180905_095102-copy.jpg)
ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့သည့် တိုးဂိတ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ၂၄ နာရီ ထိန်းသိမ်းစောင့်ရှောက်နေပြီး ပျက်စီးနေသည့် ရန်ကုန်- ပုသိမ်လမ်းကိုလည်း ဧရာဝတီတိုင်း ဘက်ခြမ်းတွင် အဖွဲ့ ၇ ဖွဲ့၊ ရန်ကုန်တိုင်းဘက်ခြမ်းတွင် အဖွဲ့ ၂ ဖွဲ့၊ စုစုပေါင်း အဖွဲ့ ၉ ဖွဲ့ဖြင့် အမြန်ဆုံး ပြုပြင်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။
ပုသိမ်မြို့မှ အငှားယာဉ်မောင်း ဦးဆန်းညွန့် က “ရန်ကုန် – ပုသိမ်လမ်းက အဆင့်မြှင့်တင်ဖို့ ကျနော်တို့စောင့်နေတာ ကြာနေပြီ။ လမ်းကလည်းကျဉ်း၊ ချိုင့်ခွက်ကလည်းပေါတော့ ကားသမားတွေအတွက် အန္တရာယ်လည်း အရမ်းများတယ်။ ကားအောက်ပိုင်းတွေလည်း တအားပျက်တယ်။ ဟိုတုန်းက ၃ နာရီခွဲမောင်းရင် ရန်ကုန်ရောက်တယ်။ အခုဆို ၆ နာရီလောက် မောင်းရတယ်။ အဲဒီတော့ ရန်ကုန်ကို ကားငှားရင်တောင် ပြန်ရတဲ့ငွေနဲ့ ကားပြင်စရိတ်နဲ့ မကိုက်လို့ တော်ရုံမလိုက်ဘူး။ လမ်းကြေးလည်းထိုက်သင့်သလောက်ကောက်ပါ။ လမ်းကိုလည်းကောင်းအောင် အမြန်ဆုံး ပြင်ပေးပါလို့ ပြောချင်တယ်” ဟု ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေဖြင့် ပြန်လည်အဆင့်မြှင့်တင်မည့် ရန်ကုန် – ပုသိမ်လမ်းစီမံကိန်းကိုမကြာခင် စတင်သွားမည်ဖြစ်ပြီး စီမံကိန်းပြီးဆုံးချိန်အထိ လမ်းအသုံးပြုခ ကောက်ခံခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
ရန်ကုန် – ပုသိမ်လမ်းမှာအရှည် ၁၁၃ မိုင်ရှည်လျားပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်း၊ မအူပင်၊ ပန်းတနော်၊ ကျောင်းကုန်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ လပွတ္တာ၊ ငပုတောနှင့် ပုသိမ်မြို့များကို အဓိကဆက်သွယ်ပေးထားသည့် ပြည်ထောင်စုလမ်းမကြီးတခု ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – BOT ကုမ္ပဏီများ လမ်းမပြင်ဘဲ ငွေကောက်နေ၍ ပြည်သူနစ်နာဟုဆို