သတင်း

ပင်လုံညီလာခံ ရလဒ်အပေါ် NMSP တပ်တွင်း ပြန်သုံးသပ်မည်

Want create site? Find Free WordPress Themes and plugins.

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ပေါ်လာသောရလဒ်များအပါအဝင် ညီလာခံအခင်းအကျင်း အခြေအနေများ အပေါ် မွန်ပြည်သစ်ပါတီ (NMSP) တပ်တွင်း ပြန်လည် သုံးသပ်မှုများ ပြုလုပ်၍ လာမည့် ညီလာခံအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု သတင်းရသည်။

အဆိုပါ သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းအစည်းအဝေးကို မွန်ပြည်နယ်၊ ရေးမြို့အနီးရှိ NMSP ၏ ဝါဇင်စခန်းတွင် စက်တင်ဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း NMSP မှ ဗဟိုကော်မတီဝင် နိုင်အောင်မငေး က ဧရာဝတီသို့ ပြောသည်။

နိုင်အောင်မငေး က “NMSP တပ်တွင်းသီးသန့်ဘဲ။ ကျနော်တို့မှာ စုဖွဲ့ထားတဲ့ လူတွေရှိတယ်လေ။ မွန်ပြည်သစ်က ကျန်းမာရေး ဌာနလူတွေ၊ ပညာရေးဌာနက လူတွေ၊ ရဲဘော်ဟောင်းတွေ၊ လူငယ်တွေပါမယ်။ UPC ကိုတက်ခဲ့တဲ့လူတွေက မတက်ရတဲ့ သူတွေကို ပြန်ရှင်းပြမယ်။ ပြီးရင် ဘာတွေ အကြံပြုချင်လဲ၊ ဘာတွေ ဆက်လုပ်သွားမလဲ ဒါတွေကိုဆွေးနွေးပြီးလာမယ့် စတုတ္ထအကြိမ် ညီလာခံအတွက် ကြိုတင် ပြင်ဆင်မှာပေါ့” ဟု ပြောသည်။

NMSP မှ တပ်တွင်းကျင်းပမည့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ရလဒ်များနှင့် ညီလာခံကျင်းပမှု အခြေအနေများ သုံးသပ်ခြင်း အစည်းအဝေးသို့ NMSP ၏ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူငယ်ရေးရာဌာန၊ ရဲဘော်ဟောင်းများ၊ အမျိုးသမီးများစသည့် တပ်တွင်းအစုအဖွဲ့များမှ လူဦးရေ ၁၅၀ ဝန်းကျင် တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

နိုင်အောင်မငေး က “UPC က ဟာတွေ အကုန်လုံးကိုသုံးသပ်မယ်။ သုံးသပ်ပြီးတော့ နိုင်ငံရေးပါတီတွေရော၊ ပြည်တွင်းက CSO တွေရော ကျနေ်ာတို့ အားလုံးစုပြီးတော့ တခါ ပြန်သုံးသပ်မယ်၊ ပြန်စုပြီးတော့ ပြန်လုပ်မယ်။ အခုကသီးခြားစီလုပ်ကြတာပေါ့” ဟု ပြောသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေး ၁ ချက်၊ လူမှုရေး ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ၂ ချက် စုစုပေါင်း ၁၄ ချက်ကို သဘောတူညီမှု ရရှိခဲ့ပြီး ပြည်ထောင်စုအစိတ်အပိုင်း (၂)အဖြစ် ရလဒ်ထွက်ခဲ့သည်။

ထိုညီလာခံတွင် NMSP က တင်သွင်းခဲ့သော ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သောအချက်များ သဘောတူညီမှု ရရှိခဲ့သည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ရလဒ်များနှင့် ညီလာခံကျင်းပမှု အခြေအနေများ သုံးသပ်ခြင်း အစည်းအဝေးများကို မွန်နိုင်ငံရေး ပါတီများက ၂၀၁၈ ခုနှစ်၊ သြဂုတ် ၃၁ ရက်ကသီးသန့် ပြုလုပ်ထားသလိုစက်တင်ဘာ ၁ -၂ ရက်ကမွန်ပြည်နယ်ရှိ CSO များကလည်း သီးသန့် ပြုလုပ်ထားကြောင်း NMSP မှပြောသည်။

ထို့ကြောင့် NMSP ၊ မွန်နိုင်ငံရေးပါတီ၊ မွန် CSO များသီးခြားစီ ပြုလုပ်ထားသော သုံးသပ်ချက်များကို ပြန်လည် စုစည်းမည့် စုံညီအစည်းအဝေး တရပ်ကို ထပ်မံကျင်းပသွားမည်ဖြစ်ပြီး ထိုမှ ထွက်ပေါ်လာမည့် ဘုံသဘောထားကို နောက်ကျင်းပမည့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ တင်သွင်းဆွေးနွေးသွားမည်ဖြစ် ကြောင်း NMSP က ပြောသည်။

NMSP သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ပြီးနောက် ၂၁ ရာစုပင်လုံညီလာခံမှာ မွန်လူမျိုးများ၏ သဘောထား ဆန္ဒများကို ဦးဆောင် တင်ပြဆွေးနွေးနေသော မွန်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading