အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) သည် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့နှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြောင်း သတင်းရရှိသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ရပ်တန့်တစ်ဆို့နေသည့် အခြေအနေကို ကျော်လွှားနိုင်ရေး တွေ့ဆုံကြခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ယနေ့ မနက်ပိုင်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တွေ့ဆုံဆွေးနွေးမှုတွေက ရပ်တန့်နေတယ်။ အဲဒါတွေကို အပြုသဘော ဆောင်ပြီးတော့မှ တွေ့ဆုံဆွေးနွေးမှုတွေ အားကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်အလတ်တွေကို အဓိက ဆွေးနွေးကြပါတယ်။ လောလောဆယ်မှာ ကျနော်တို့ ဆွေးနွေးတဲ့ အချက်အလတ် အသေးစိတ်တော့ ပြောဖို့ အခက်အခဲ ရှိပါတယ်” ဟု ပြောသည်။
ယနေ့ ပြုလုပ်ခဲ့သောတွေ့ဆုံဆွေးနွေးပွဲတွင် အောက်တိုဘာလ၌ ထပ်မံတွေ့ဆုံရန် ၂ ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် PC ကြားတွေ့ဆုံမှုတွင် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေး ကိစ္စရပ်များကို ဆွေးနွေးမှု ရှိ/မရှိ ဧရာဝတီကမေးမြန်းရာမှာ အသေးစိတ် ဆွေးနွေးမှု မရှိကြောင်း၊ နောက်ထပ် တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက်သာ ဆွေးနွေးကြကြောင်း TNLA ဘက်ကပြောသည်။
ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ကျနော်တို့ကတွေ့ဆုံ နိုင်တဲ့ လမ်းကြောင်းတွေ ဘယ်လိုဆက်နိုင်မလဲ၊ အဲဒီတွေ့ဆုံနိုင်မယ့် လမ်းကြောင်းတွေကို အဟန့် အတားတွေက ဘယ်အချက်တွေ ဖြစ်နေလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို ပြောရမယ်ဆိုရင်တော့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တယ်လို့ ပြောရမှာဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့ ပါဝင်ကြပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်မှ TNLA ကိုယ်စားလှယ် အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်နှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်၊ MNDAA ကိုယ်စားလှယ် ဒုစစ်ဦးစီးချုပ် ဦးရန်ဝေကျုံး၊ AA ကိုယ်စားလှယ် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် စသဖြင့် အသီးသီးတက်ရောက်ခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခေါင်းဆောင် တချို့ အသိသက်သေ အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို ဦးသိန်းစိန် အစိုးရလက်ထက်က တပ်မတော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရေး သဘောမတူခဲ့သလို ပါဝင်လိုပါက လက်နက်စွန့်ရန် ထုတ်ပြန်ပေးရမည် ဟုပြောဆိုခဲ့ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှုများ မရှိသလောက်ပင် ဖြစ်ခဲ့သည်။
ယခုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ အကောင် အထည် ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် TNLA၊ MNDAA၊ AA တို့ကို တွေ့ဆုံဆွေးနွေးမှု တချို့ ပြု လုပ်လာခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းနေသည်။
ဆက်စပ်ဖတ်ရှုရန် – RCSS နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံ ၂ ထောင် ဝန်းကျင် တိမ်းရှောင်ရ