ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးသည် ၎င်းအား အမှန်တကယ် အဓမ္မပြုကျင့်ခဲ့သည်ဟု အိမ်အကူ ဒေါ်ခင်မာမြင့်က ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။
သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ လီဆယ်တိုင်တန်းခဲ့မှုဖြင့် အိမ်အကူ ဒေါ်ခင်မာမြင့်(ခ) ခင်မာညိုနှင့် အိမ်အကူပွဲစား ဒေါ်ညိုတို့ နှစ်ဦးအား (၅) ကြိမ်မြောက်ရုံးချိန်းအဖြစ် သင်္ဃန်းမြို့နယ်တရားရုံး၌ ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ဒေါ်ခင်မာမြင့်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယနေ့ ရုံးချိန်းသည် သုဝဏ္ဏနယ်မြေစခန်းမှူး ရဲအုပ်သန်းနိုင်က သူတပါး ဂုဏ်သိက္ခာ ကျဆင်းစေရန် မမှန်မကန်လိမ်ညာ တိုင်တန်းသည့် အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ဒေါ်ခင်မာမြင့်အား တရားလိုပြု တိုင်တန်းခဲ့သည့်အမှုအပေါ် စစ်ဆေးနေခြင်း ဖြစ်သည်။
မူလထွက်ဆိုချက်မှာ ရဲတပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရှေ့တွင် သီဟတင်စိုးက အဓမ္မမပြုကျင့်ခဲ့ပါဟု ထွက်ဆိုရခြင်းဖြစ်ကြောင်း ဒေါ်ခင်မာမြင့်က ပြောသည်။
ဒေါ်ခင်မာမြင့် က “သမီးကို အဓမ္မပြုကျင့်ခဲ့တာ အမှန်ပါ။ သမီးခံရတာ သမီးပဲ သိပါတယ်” ဟု တရားခွင်တွင် တရားသူကြီးအား ပြောဆိုသည်။
တရားလိုဖြစ်သူ စခန်းမှူး ရဲအုပ်သန်းနိုင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း မရှိကြောင်း၊ ရပ်ကွက်လူကြီးနှစ်ဦးရှေ့တွင် အိမ်အကူ ဒေါ်ခင်မာမြင့် အမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့စဉ်က သီဟတင်စိုးမှ ၎င်းအား မုဒိမ်းမှု မကျူးလွန်ခဲ့ကြောင်း၊ လိမ်လည်၍ တိုင်တန်းခဲ့ခြင်းသာဖြစ်သည်ဟု အိမ်အကူ ဒေါ်ခင်မာမြင့် ကိုယ်တိုင် ဝန်ခံထွက်ဆိုခဲ့သော မှတ်တမ်းအားလုံးရှိကြောင်း ပြန်လည်ချေပပြောဆိုခဲ့သည်။
ယနေ့ တရားခွင်တွင် တရားသူကြီးက တရားလို ရဲအုပ်သန်းနိုင်နှင့် ဒေါ်ခင်မာမြင့်တို့ကို တိုက်ရိုက် မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။
ပုဒ်မ ၂၁၁ အရ မှန်သောသို့တည်းမဟုတ် ဥပဒေနှင့်ညီသော အကြောင်း ယုတ္တိမရှိဟု သိလျက်နှင့် မည်သူမဆို တဦး တယောက်သော သူကို နစ်နာစေရန်အကြံဖြင့် ထိုသူအပေါ်၌ ရာဇဝတ်မှုစွဲဆိုလျှင် သို့တည်းမဟုတ် စွဲဆိုစေလျှင် သို့ တည်းမဟုတ် ထိုသူအပေါ်တွင် ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲလျှင် ထိုသူကို ၂ နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့ပြင် ထိုသို့ ရာဇဝတ်မှု စွဲဆိုခြင်းသည် သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၇ နှစ် သို့တည်းမဟုတ် ၇ နှစ် ထက် ပိုသော ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်သည်ဟု မမှန်စွပ်စွဲ၍ စွဲဆိုခြင်းဖြစ်လျှင် စွဲသူကို ၇ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းယူခဲ့သည့် အိမ်အကူ ဒေါ်ခင်မာမြင့် နှင့် ပွဲစား ဒေါ်ညိုတို့ကို သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးက တရားလိုပြုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၉ ဖြင့် ပြန်လည် တရားစွဲဆိုထားသည့်အမှုကိုမူ ယနေ့ စစ်ဆေးနိုင်ခြင်း မရှိခဲ့ပါ။
သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒေါ်ညို၏ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်သည့်အပေါ် ခရိုင်တရားရုံးသို့ အယူ ခံတက်နေသည့် အတွက် ယနေ့ အမှုကို စစ်ဆေးမှု မပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ညိုအတွက် လိုက်ပါဆောင်ရွက်ပေး သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင်က ပြောသည်။
ပုဒ်မ ၃၈၉ အရ မည်သူမဆိုခြောက်လှန့် တောင်းယူမှုကို ကျူးလွန်ရန် တဦးတယောက်အား သေဒဏ်၊ တသက်တကျွန်းဒဏ်၊ ၁၀ နှစ်ထိ ထောင်ဒဏ်တခုခု ထိုက်သော ပြစ်မှုမျိုးကျူးလွန်ကြောင်းနှင့် သို့တည်းမဟုတ် ကျူးလွန်ရန် အားထုတ်ကြောင်း စွပ်စွဲမည်ဟု ကြောက်အောင်ပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင် ထိုသူကိုဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ရုံးချိန်းသို့ လာရောက်သည့် တရားလိုဖြစ်သူ သရုပ်ဆောင် ဇင်မာဦး က “ဘာမှတော့ အထွေအထူး မရှိပါဘူး။ ထိုက်သင့်တဲ့ အပြစ်ဒဏ်တော့ ခံရမှာပေါ့။ လီဆယ်ပြီး လုပ်ထားတယ်ဆိုတော့ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ပြောသည်။
သရုပ်ဆောင် သီဟတင်စိုးကလည်း “ကိုယ်မဟုတ်တာ မလုပ်ရင် ဘာမှပြဿနာ မရှိဘူး။ ကျနော်က သူစရောက်တဲ့နေ့ကစပြီး ပြန်သွားတဲ့နေ့ အထိ အခန်းထဲကို ခြေလှမ်းတလှမ်းမှ မဝင်ဘူး။ ဘာလို့ မဝင်လဲဆို သူရှိနေတယ်။ နောက်ပြီး အမေ့ကို လှမ်းလှမ်းကြည့်ပြီး အပြင်ကပဲ နေကောင်းလားဆိုတာ မေးတယ်။ ဒါကြီးက လုံးဝ မဟုတ်ဘူးဆိုတာ ကျနော် အသေလဲ ခံငြင်းတယ်။ ကြိုက်တဲ့အချိန်စစ်” ဟု သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ဖြစ်စဉ်မှာပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် ညပိုင်းတွင် အိမ်အကူအမျိုးသမီး ဒေါ်ခင်မာမြင့် (၄၀)နှစ်က သရုပ်ဆောင် သီဟတင်စိုးသည် ၎င်းအား အဓမ္မပြုကျင့်သည်ဟုဆိုကာ သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့သည်။
ရဲတပ်ဖွဲ့ကရဲလုပ်ငန်းစဉ်များ အတိုင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားလိုဒေါ်ခင်မာမြင့်သည် လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရန် အိမ်အကူပွဲစား ဒေါ်ညိုက သင်ကြားပေးသဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း တိုင်းရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒေါ်ခင်မာမြင့်နှင့် ဒေါ်ညိုတို့၏ နောက်တပတ် ရုံးချိန်းကို စက်တင်ဘာ ၁၉ ရက်နေ့သို့ တရားသူကြီးက ပြန်လည် ချိန်းဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန် – “ကျနော့်ဘက်က အသရေဖျက်မှုနဲ့ တရားပြန်စွဲမှာပါ”
အိမ်အကူပွဲစား ဒေါ်ညို၏ အာမခံလျှောက်ထားမှု ပယ်ချခံရ