လွန်ခဲ့သောလက ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နေအိမ်မှ သေနတ်ထောက် ဖမ်းဆီးထားခဲ့သော ရှမ်းအမျိုးသမီးကို ရုံးတင်စစ်ဆေးနေကြောင်း တအာင်းန် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA က စက်တင်ဘာ ၃ ရက်နေ့တွင် ပြောသည်။
တာဝန်ထမ်းဆောင်နေသော ၎င်းတို့TNLA တပ်ဖွဲ့များကို ဝတ္တရားနှောက်ယှက်ခြင်းအတွက် နမ်းမိုဟွမ်ကို ၎င်းတို့၏ ဗဟို တရားရုံးတွင် အမှုဖွင့်ကာ စစ်ဆေးနေသည်ဟု TNLA က ဆိုသည်။
TNLA တပ်ဖွဲ့ဝင် ငါး ဦးတို့က နန်းမိုဟွမ်ကို သြဂုတ်လ ၁၇ ရက်နေ့က သေနတ်ထောက် ဖမ်းဆီးခဲ့သည်။ သူ့ကို ပြန်လွတ်ပေးရန် ဒေသခံ လူမှုအခြေပြုအဖွဲ့များက တောင်းဆိုသော်လည်း သူမသည် ယနေ့အချိန်ထိ မိသားစုနှင့်တွေ့ဆုံခွင့်မရသေးပေ။ ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန အကြီအကဲဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နန်းမိုဟွမ်ကို ကူညီရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က သြဂုတ်လ ၁၇ ရက်နေ့ကလည်း စာတစောင်ပေးပို့ထားသည်။
TNLA အဖွဲ့ အကောက်ခွန်ဦးစီးဌာနမှ အခွန်ကောက်နေသည့် တပ်ဖွဲ့ဝင် ဝန်ထမ်းများအား အပြင်းထန် ထိခိုက်သေဆုံးသည်အထိ နှောင့်ယှက်ခဲ့သောကြောင့် နန်းမိုဟွမ်ကို ၎င်းအဖွဲ့ ဗဟိုတရားရုံးမှ အမှုဖွင့် အရေးယူထားကြောင်း TNLA က စက်တင်ဘာလ ၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
ထိုအမျိုးသမီးကို မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ အရ တရားစွဲထားပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တရားရုံးက ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း TNLA ပြောခွင့်ရသူ မိုင်းအိုက်ကျော်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ စီရင်ချက်ချမည့်အချိန်ရောက်လျှင် နန်းမိုဟွမ်၏ မိသားစုအပါအဝင် အများပြည်သူရှေ့မှောက်တွင် ကြားနာရန် ကြိုးစားမည်ဖြစ်ကြောင်း ထိုပြောခွင့်ရသူက ဆိုသည်။ မည်သည့်အချိန်တွင် စီရင်ချက်ချမည်ကိုတော့ ပြောကြားခြင်းမရှိပေ။
နန်းမိုဟွမ်သည် TNLA ကျင့်သုံးသော ဥပဒေအရ ရာဇဝတ်မှုကျူးလွန်သည်ဟု မိုင်းအိုက်ကျော်ပြောသည်။ နန်းမိုဟွမ်အား စွပ်စွဲသည့် ထိုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လက နမ့်ခမ်းမြို့နယ်ရှိ စီးပွားရေးသမားများထံမှ ငွေကြေးတောင်းခံသော TNLA စစ်သားနှစ်ဦးကို တပ်မတော်က တိုက်ခိုက် ဖမ်းဆီးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု TNLA က အတည်ပြုသည်။
TNLA သည် ၎င်းတို့ထံမှ ခြိမ်းခြောက်ငွေတောင်းနေသည်မှာ လွန်ခဲ့သော၂ နှစ်ကတည်းကဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် မိသားစုထံမှ ကျပ် ဆယ်သိန်း တောင်းခံခဲ့ကြောင်း နန်းမိုဟုမ်၏ မိသားစုဝင်များက ပြောသည်။ ထိုသို့တောင်းခံပီးအပြန် တိုက်ခိုက်မှုအတွင်း TNLA စစ်သားတဦးသေဆုံးပြီး အခြားတဦးမှာ ဖမ်းဆီးခံရကာ လားရှိုးထောင်တွင် အကျဉ်းချထားခံရသည်။
TNLA ၏ တနင်္လာနေ့က ကြေညာချက်ကြောင့် လေ့လာသူများက ၎င်းတို့ကိုယ်တိုင် နိုင်ငံ၏ ဥပဒေ ပြင်ပသို့ရောက်ရှိနေသော အဖွဲ့အစည်းတခုက အမျိုးသမီးတဦးကို ၎င်းတို့၏ ဥပဒေ ချိုးဖေါက်သည်ဟုဆိုကာ ရုံးတင်စစ်ဆေးခြင်းကို အံအားတသင့် မေးခွန်းထုတ်ကြသည်။
ထိုအချက်ကို တုံ့ပြန်သည့်အနေဖြင့် မိုင်အိုက်ကျော်က “ကျနော်တို့က လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တယ်။ အပစ်အခပ်ရပ်စဲထားတဲ့ အဖွဲ့လည်းမဟုတ်ဘူး။ မြို့ပေါ်က တရားရုံးမှာ ဒီအတွက် တရားမျှတမှု ရှာလို့မရဘူး” ဟု ပြောသည်။ ထိုကြောင့် ၎င်းတို့ကိုယ်တိုင် တရားစီရင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အခု ကြားနာစစ်ဆေးမှု လုပ်နေတယ်။ စီရင်ချက်ချတဲ့နေ့ကျရင် သူ့မိသားစုနဲ့ဆွေမျိုးတွေကို လာနားထောင်ဖို့ဖိတ်ခေါ်သွားမှာပါ” ဟု သူက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရသူ စိုင်းလိတ်ကလည်း ထိုလုပ်ရပ်၏ တရားဝင်မှုကို သံသယရှိကြောင်း ပြောသည်။ “သူတို့မှာ ဥပဒေမရှိဘဲ ရာဇသတ်ကြီး ပုဒ်မကို သုံးစီရင်မယ်ဆိုတော့ သူတို့မှာ တရားစီရင်ပိုင်ခွင့်ရှိသလား။ ဥပဒေပြုခွင့် အာဏာရှိရဲ့လား။ သူ့မှာ အုပ်ချုပ်ရေးအာဏာတွေ တရားဝင်မှုမရှိဘဲနဲ့ ကျနော်တို့က သူတို့ကို ဘယ်လိုအသိအမှတ်ပြုရမလဲ။ ဒီတရားဝင်မှုမရှိတဲ့ အဖွဲ့အစည်းတခုရဲ့ တရားမဝင်တဲ့ တရားစီရင်ရေးကိစ္စကို ကျနော်တို့အနေနဲ့လုံး၀ အသိအမှတ်ပြုလို့မရပါဘူး” ဟု စိုင်းလိတ်က ဆိုသည်။
SNLD သည် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီဖြစ်သည့်အတွက် နန်းမိုဟွမ်အား လွှတ်ပေးရန် TNLA နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းမရှိသောကြောင့် NRPC က ကြားဝင်ဆောင်ရွက်ပေးရန် တောင်ဆိုထားကြောင်းလည်း သူပြောသည်။
သို့သော် ထိုအမှုတွင် NRPC အနေဖြင့်လည်း ကြားဝင်ဆောင်ပေးနိုင်ခြေ မရှိသကဲ့သို့ဖြစ်နေသည်။ ပဋိပက္ခဖြစ်ပွားနေသော ရှမ်းပြည်နယ်မှ အခြားကိစ္စများကဲ့သို့ပင် ယခုကိစ္စတွင်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ နှစ်ဖက်စလုံးမှ ပါဝင်ပတ်သက်ရန် လိုသည်။
SNLS က နန်းမိုဟွမ်အရေးကိစ္စအား ကူညီပေးရန် ၎င်းတို့၏ တောင်းဆိုမှုကို လွန်ခဲ့သော တပတ်ခန့်က ပေးပို့ခဲ့သော်လည်း NRPC ထံမှ အကြောင်းမပြန်သေးကြောင်း စိုင်းလိတ်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
NRPC ဒုဥက္ကဌနှင့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌဖြစ်သော အစိုးရ၏ အဓိကငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူ ဒေါက်တာတင်မျိုးကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။ ဆက်သွယ်နိုင်ခဲ့သော အခြား ကော်မရှင်အဖွဲ့ဝင်ကလည်း ထိုကိစ္စအပေါ်ဖြေကြားခြင်း မရှိပေ။
စိုင်းလိတ်က ရှမ်းပြည်နယ်၊ အထူးသဖြင့် ရှမ်းမြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ရပ်စဲရန် တောင်းဆိုပြီး TNLA နှင့် မဟာမိတ်များသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ထိုဒေသကို စစ်မက်ဇုန်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည်ဟု လည်း ပြောဆိုသည်။
“ဒီလိုပဲဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပိုအလှမ်းဝေးမယ်။ ပြည်သူတွေ ဒုက္ခရောက်တာပဲ အဖတ်တင်မယ်။ လူမျိုးတမျိုးနဲ့ တမျိုးကြား အထင်မှားမှုတွေပဲ ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒါဟာ ရပ်တန်းက ရပ်သင့်ပြီလို့ပဲ ပြောချင်ပါတယ်” ဟု စိုင်းလတ်က ဆိုသည်။
ထိုရှမ်းအမျိုးသမီးကို TNLA က ဖမ်းဆီးထားချိန်မှ စတင်ပြီး၊ လူမှုကွန်ယက် ဖေ့ဘုတ်တွင် ရှမ်း သို့မဟုတ် တအာင်းန် လူမျိုး တဖက်ဖက်ကို ထောက်ခံသူများက သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တဖွဲ့ချင်းစီသည် အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုဖေါက်နေသည်ဟု တဖက်နှင့်တဖက် အပြန်အလှန် စကားစစ်ဆင်နေခဲ့ကြသည်။ သို့သော် လူမှုကွန်ရက် အသုံးပြုသူတဦးသည် တအာင်းန်ဖြစ်သည် သို့မဟုတ် ရှမ်းဖြစ်သည်ကို အတည်ပြုနိုင်ရန် ခက်ခဲလှသည်။
(အင်္ဂလိပ်ဘာသာဖြင့် TNLA Puts Abducted Shan Woman ‘on Trial’ တွင် ဖတ်ပါ။)
ဆက်စပ်ဖတ်ရှုရန် – ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး