မန္တလေး-ညောင်ဦး ဧရာဝတီမြစ် ရေလမ်းကြောင်းအတိုင်း သွားလာနေကြသော ရေယာဉ်များ အန္တရာယ်ကင်းရန် အတွက် ရေလမ်းပြ အမှတ်အသား (Light Buoys) ၂၀၀ ကျော်ကို တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
Light Buoys တပ်ဆင်ခြင်းများကို သြဂုတ်လ တတိယပတ်မှ စတင် တပ်ဆင်ခဲ့ခြင်း ဖြစ်ကာ ယခင်က ဧရာဝတီ မြစ်တွင်း သွားရေယာဉ်များသည် နေ့အချိန်သာ ခုတ်မောင်းခဲ့ကြပြီး ယခု ၂၄ နာရီ အန္တရာယ်ကင်းစွာ သွားလာ ခုတ်မောင်းနိုင်ရန် ရည်ရွယ်၍ ရေလမ်းညွှန် အမှတ်အသားများ ချထားပေးခြင်း ဟု အဆိုပါ ဦးစီးဌာနမှ Component -3 ဒါရိုက်တာ ဦးအောင် မျိုးခိုင်က ဆိုသည်။
ဦးအောင်မျိုးခိုင်က “ဧရာဝတီ မြစ်ကြောင်းမှာ ရေလမ်းညွှန် အမှတ်အသားတွေ အသုံးပြုထားတွေက ပြည်တွင်း ဖြစ်တွေ ကိုပဲ သုံးခဲ့တာပါ။ အဲဒီတော့ ရေယာဉ်တွေက ညမောင်းလို့ မရဘူး။ အခု တပ်ဆင်ပေးတဲ့ Light Buoys တွေက နေ့/ည မြင်နိုင်တဲ့ ရေလမ်းပြတွေ ဖြစ်တဲ့အတွက် ညပိုင်းမှာပါ ရေယာဉ်တွေ လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ အတွက်ပါ” ဟု ပြော သည်။
အဆိုပါ ရေလမ်းညွှန်များတွင်Telemetric စနစ်အရ ဆင်းကတ် ထည့်ထားသဖြင့် ဆိုလာ၊ ဘထ္ထရီတို့ဖြင့် GPS စနစ် အတွက်၂၄ နာရီ စွမ်းအင် ပေးထားကြောင်း၊ စီမံကိန်း ဧရိယာ အတွင်းရှိ တံတားများတွင်လည်း တပ်ဆင်ပေးသွားမည် ဖြစ် သလို Night Navigation (ညမြင်ရေကြောင်းပြ အမှတ်အသား) အတွက် Light Buoys နှင့် ကုန်းပေါ် အမှတ်အသားများပါ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ မင်းကွန်းနှင့် အင်းဝ ရေလမ်းကြောင်း၌ Bouys ပေါင်း ၂၀ တပ်ဆင်ထားပြီး ဖြစ်သလို အဆိုပါ ရေလမ်းညွှန် ဘွိုင်များသည် ခုတ်မောင်း သွားလာနေသော ရေယာဉ်များနှင့် မြစ်ကြောင်းအတွင်း စီးမျောနေသော အမှိုက်များ စသည် တို့ကြောင့် မူလတည်နေရာမှ ရွေ့လျားသွားခြင်း၊ ပျက်စီးခြင်း တို့ကိုလည်း ရှာဖွေနိုင်ကြောင်း သိရသည်။
ရေလမ်းပြ အမှတ်အသားများ တပ်ဆင်ခြင်းသည် အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီ (National water Resources Committee) မှ ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်နေသော Component -3 လုပ်ငန်းစဉ်များ အနက်မှ ဧရာဝတီမြစ်အတွင်း မန္တလေးမှ ညောင်ဦး အထိ ရေကြောင်းသွားလာမှု မြှင့်တင်ခြင်း (Ayeyarwady River Navigation Enhancements) အစိတ်အပိုင်း တခုဖြစ်ကြောင်း အဆိုပါ ဌာနမှ ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ AIRBM Project ဒါရိုက်တာ ဦးဝင်းလှိုင်က “သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရေလမ်းက အသက်သာဆုံးနဲ့ ကုန်တန်ချိန်များစွာ သယ်ယူနိုင်တဲ့ အားသာ ချက် ရှိတယ်။ ရေလမ်းပြ အမှတ်အသားတွေ တပ်ဆင်တဲ့အတွက် ရေယာဉ်တွေ နေ့/ည သွားလာနိုင်တော့ သယ်ယူ ပို့ဆောင်ချိန် လျှော့ချနိုင်ပြီး ကုန်စည် စီးဆင်းမှု မြန်ဆန်လာမယ်။ ဒါမှသာ စီးပွားရေး ကဏ္ဍ ပိုတိုးတက်လာမှာပါ။ ဒီလို ရည် ရွယ်ချက်တွေလည်း ပါပါတယ်” ဟု ပြောသည်။
ရေလမ်းညွှန် အမှတ်အသား စုစုပေါင်း ၂၁၆ လုံးကို မန္တလေး-ညောင်ဦး ရေလမ်းကြောင်းတွင် လာမည့် ဒီဇင်ဘာလ အတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ လုပ်ငန်းများ အားလုံးအတွက် အမေရိကန်ဒေါ်လာ ၂ သန်းခန့် ကုန်ကျ မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မန္တလေး-ညောင်ဦး ရေလမ်းကြောင်းတွင် ရေလမ်းညွှန် အမှတ်အသား Bouy များ တပ်ဆင်ပြီးပါက အားသာချက်၊ အား နည်းချက်ကို လေ့လာ၍ ၂၀၂၀ ပြည့်နှစ် အတွင်း၌ ရန်ကုန်-မန္တလေး ဧရာဝတီမြစ် ရေလမ်းကြောင်းတွင်လည်း Bouy များ ဆက်လက် တပ်ဆင်ပေးသွားနိုင်ရန် လျာထားချက် ရှိကြောင်း သိရသည်။