ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေဖြင့် ရှမ်းတိုင်းရင်းသားများကို ရန်လို တိုက်ခိုက်ခြင်းဖြင့် ပလောင်ပြည်နယ်ရရှိရေး ကြိုးပမ်းခြင်းမှာ နည်းလမ်းကောင်း ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားရန်လိုကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ၎င်းတို့တပ်ဖွဲ့၏ တရားဝင် သတင်းဌာနတခု ဖြစ်သောTaifreedom မှတိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံအစီအစဉ်တွင် အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် က “လိုချင်တာက ပြည်နယ်၊ ဖြစ်နေတာကရှမ်းလူမျိုးတွေကို တိုက်ခိုက်တယ်၊ ရှမ်းလူမျိုးတွေကို ရန်မူတယ်၊ ရှမ်းလူမျိုးတွေကို သတ်ဖြတ်တယ်။ ဒါတွေက ပြည်နယ်ရလာနိုင်မှာလားလို့ ကျနော် မေးချင်တယ်။ တိုက်ခိုက်ခြင်းနဲ့ ရယူနိုင်မှာလား၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးခြင်းနဲ့ ရယူနိုင်မှာလားဆိုတာကိုတော့ သွေးချင်းညီနောင် ပလောင် လူမျိုးများ စဉ်းစားနိုင်ဖို့ အတွက် စကားပါးလိုက်ချင်ပါတယ်” ဟု ဆိုသည်။
ထို့အပြင် အချင်းချင်း တိုက်ခိုက်နေပါက နောက်ဆုံးတွင် ပလောင်လူထုသာ သေကြေပျက်စီးပြီး ပလောင်လူထုအတွက် မည်သည့်ကောင်းကျိုးမှ ရရှိလာမည် မဟုတ်ကြောင်း၊ PSLF/TNLA ကတိုက်ခိုက်နေသည့် အတွက်ပလောင်ပြည်နယ် ထူထောင်ရေး လမ်းစဉ်ပေါ် ရိုးသားဖြူစင်သည့် သွေးချင်းပလောင်လူထုအား သနားသက်ညှာမိကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အထက်ပါ ပြောစကားများနှင့် ပတ်သက်ပြီး TNLA မှ တာဝန်ရှိသူကို ဧရာဝတီကဖုန်းဆက် မေးမြန်းသော်လည်း မရရှိခဲ့ပေ။
TNLA နှင့် RCSS တို့သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုဖြစ် တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများကြားတွင် ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသလို ညှင်းပန်းနှိပ်စက်မှုများလည်း ခံခဲ့ရသည့် အပြင် ထောင်နှင့်ချီသော ဒေသခံများလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
TNLA နှင့် RCSS တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်ဖွဲ့တာဝန်ရှိသူများ အကြား စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဖြေရှင်းလျင် ရနိုင်သော်လည်း ယင်းသို့ မဖြေရှင်းခြင်းအပေါ် အံ့သြမိကြောင်း တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုး က “ခက်တာက RCSS က ပြောတော့လည်း ပလောင်က မဆွေးနွေးလို့ပေါ့၊ ပလောင်ဘက်က ပြောတော့လည်း RCSS ဘက်က မဆွေးနွေးလို့ဆိုတဲ့ အသံထွက်တယ်။ ဘယ်သူမှားတယ်၊ မှန်တယ်တော့ ကျနော်လည်းမသိဘူး၊ ဒါပေမယ့် ကျနော် မြင်တာကတော့ တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းဖို့ လိုအပ်တယ်ဗျာ” ဟု ပြောသည်။
လက်ရှိတွင်လည်းရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာတွင် စက်တင်ဘာ ၁ ရက်နေ့ကစတင်၍ တိုက်ပွဲများ ဖြစ်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံရှမ်း၊ ပလောင် တိုင်းရင်းသား ၂၀၀၀ ဝန်းကျင်ခန့်တို့သည် နမ္မတူမြို့နယ်၊ မန်လီကျေးရွာနှင့် ပန်သပြေကျေးရွာအပါအဝင် သီပေါမြို့ ဘိုးတော်ကျောင်းတွင် တိုက်ပွဲရှောင်နေကြရသည်။
ထို့အပြင် ကျောက်မဲမြို့နယ်၊ ခွန်ကော်ကျေးရွာ အုပ်စုအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ယနေ့တိုင် ကျောက်မဲ မြို့ပေါ်တွင် ခွန်ကော်ကျေးရွာမှ ဒေသခံများနေရပ် မပြန်နိုင်သေးဘဲ တိုက်ပွဲရှောင်များအဖြစ် နေထိုင်လျက်ရှိကြောင်းသိရသည်။
RCSS နှင့် TNLA အကြား ဖြစ်ပွားနေသော တိုက်ပွဲများတွေ့ဆုံဆွေးနွေး၍ ဖြေရှင်းရန် လိုအပ်ကြောင်း၊ လက်နက်ကိုင် အချင်းချင်း ပဋိပက္ခဖြစ်ခြင်းမှာ မဆန်းဘဲဖြေရှင်းရ လွယ်ကူကြောင်း၊ သို့သော် ထိုပဋိပက္ခကို မဖြေရှင်းနိုင်ပါက လူမျိုးရေး ပဋိပက္ခအသွင် ဆောင်လာမည်ကို စိုးရိမ်မိကြောင်း ဦးမောင်မောင်စိုး က ပြောသည်။
ဦးမောင်မောင်စိုး က “ကျနော် စိုးရိမ်တာကတော့လူမျိုးချင်းကြားမှာ ပဋိပက္ခဖြစ်ရင်တော့ ဒီပြဿနာကဖြေရှင်းဖို့ အတော်လေး ခက်ခဲပြီး အတော်လေးကို အချိန်ကြာ လေ့ရှိတယ်ဗျ။ ကျနော်ကတော့ အဲဒီအဆင့် မရောက်စေချင်ပါဘူး၊ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေး ဖြေရှင်းစေချင်ပါတယ်။ အဲဒီလိုဖြေရှင်းမှသာလျှင် အဖြေတွေ့မယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် TNLA သည် နမ့်ခမ်းမြို့မှ ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို ၎င်းတို့ ချမှတ်ထားသော ဥပဒေအား ချိုးဖောက်သည်ဟု ဆိုကာ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးသွားခဲ့ရာ ရှမ်းနိုင်ငံရေး ပါတီများနှင့် ရှမ်းအရပ်ဖက် အဖွဲ့အစည်းများက ပြန်လည် လွှတ်ပေးရန် တောင်းဆိုနေပြီး ယနေ့တိုင် လွှတ်ပေးခြင်းမရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန်
- SSPP/SSA နှင့် TNLA တပ်များ စတင်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ဟု RCSS ဆို
- RCSS နှင့် TNLA ကြား ပဋိပက္ခများ ညှိနှိုင်းနိုင်ခြင်း မရှိသေး