သတင်း

ဆည်အန္တရာယ် သတိရှိရန် စိုက်မွေးဝန်ကြီးသတိပေး

Want create site? Find Free WordPress Themes and plugins.

လက်ရှိတွင် ရေပိုလွှဲများမှ ရေကျော်သည့် ဆည်ပေါင်း ၅၇ ခု ရှိနေသလို ကျိုးကျလိမ့်မည်ဟု မျှော်လင့်မထားသည့် ဆွာဆည်၏ ဖြစ် ရပ်ကြောင့် မမျှော်လင့်သည်များ ဖြစ်နေ၍ ပြည်သူများ အနေဖြင့် ဆည်သတိ ရှိကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

“ဆွာဆည်က ဖြစ်သာဖြစ်သွားတာ စစ်ဆေးမယ့် စာရင်းထဲမှာ ပါတယ်။ မဖြစ်ရင်လည်း စစ်ဆေးတော့မှာ။ ဆွာကို မစိုးရိမ်ဘူး။ မစိုးရိမ်တဲ့ နေရာက ထဖြစ်တဲ့အတွက် မမျှော်လင့်တဲ့နေရာက ဖြစ်တတ်တယ်ဆိုတဲ့ အသိပေးချင်တယ်”ဟု ၎င်းက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ဆွာတမံမှာ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် စတင် အသုံးပြုခဲ့ကြောင်း၊ ဆွာဆည်ကို လုံးဝ မစိုးရိမ်ခဲ့ဘဲ ၎င်းတို့ စိုးရိမ်နေသည်မှာ NLD အစိုးရ တက်စတွင် ရေလျှံခဲ့သည့် ကြီးအုံကြီးဝဆည် ဖြစ်ကြောင်း၊ ယင်းဆည်မှာ ၃၅ ပေခန့်အထိ ရေ ကျော်နေပြီး ဆွာဆည်၏ ရေကျော်မှုမှာ ၁၀ ပေပင် မရှိခဲ့ကြောင်း ဒေါက်တာ အောင်သူက ဆိုသည်။

ဆည်များအားလုံးကို ဝန်ကြီးဌာနက နှစ်စဉ် ကျပ်ဘီလီယံ ၅၀ ကျော်သုံး၍ ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း၊ မမျှော်မှန်းနိုင်သည် ရာသီ ဥတု အနေအထားအရ ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ဆည်များတွင် မြက်ပေါက်သည်ကအစ ဆွဲနုတ်လျက်ရှိကြောင်း၊ ပြည်သူ များကလည်း သတင်းစာတွင် ဖော်ပြပါက သတိထားသင့်ကြောင်း ဝန်ကြီးက ဆက်လက် ပြောဆိုခဲ့သည်။

“ဒီအစိုးရသစ် လက်ထက်မှာ ဆည်အသစ်ဆောက်တာ မရှိဘူး”ဟု ဒေါက်တာ အောင်သူက ပြောသည်။

ဆွာတမံ ရေပိုလွှဲ ကျိုးပေါက်ခဲ့သဖြင့် အသက်လုပြေးခဲ့ရသော ဆွာဒေသခံ တဦးကမူ ၎င်းတို့ဒေသတွင် လူများမှာ တမံနှင့် ပတ်သက်၍ စိုးရိမ်ဆဲဖြစ်ပြီး နောက်နှစ် မိုးများသည့်အခါတွင်လည်း ယခုကဲ့သို့ ထပ်မံဖြစ်ပွားနိုင်သဖြင့် တချို့မှာ တမံများနှင့် လွတ်ရာ ဒေသများသို့ ပြောင်းရွေ့ရန် စီစဉ်မှုများ ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုတော့ ဥသြ ၃ ခါ ဆွဲရင် ဘာမှ စုံစမ်းမနေဘဲ ပြေးဖို့ ရပ်ကွက်က လူကြီးက လိုက်ပြောထားတယ်။ အခုတခေါက်လည်း ကျနေ်ာ တို့ ဘာမှ မယူခဲ့နိုင်ဘူး။ ဒီလိုပဲ ထွက်ပြေးရတာ။ နောက်လည်း ပြေးနေရဦးမယ်ဆိုရင် တခြားတနေရာရာကို သွားအခြေချဖို့ စဉ်းစား နေတယ်”ဟု အသက် ၄၀ ကျော် အမျိုးသား တဦးက ဧရာဝတီသို့ ပြောသည်။

ဆည်များ အန္တရာယ် ရှိနိုင်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆည်မြောက် ဦးစီးဌာနကို ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ခေါ်ယူကြားနာခြင်း မရှိသေးသလို ဖိတ်ခေါ်ထားသည်ဟုလည်း မကြားမိသေးကြောင်း ယင်းကော်မတီဝင်တဦးက ပြောသည်။

ဆည်မြောင်းတာတမံများနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးစရိတ်များကို နှစ်စဉ် ဘီလီယံ ၇၀ ကျော် ခွင့်ပြုပေးနေသော်လည်း ဆွာတမံ ဖြစ်စဉ်ကြောင့် ငွေကုန်သော်လည်း အကျိုးရှိ၊ မရှိကို မေးခွန်းထုတ်ရတော့မည် ဖြစ်ကြောင်း ဆိပ်ကြီးခနောင်တို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

ဆည်များ၏ တောင့်တင်း ခိုင်မာမှုပိုင်းကို X-Rays ရိုက်ရန် လိုအပ်ရာ မြန်မာနိုင်ငံတွင် ယင်းနည်းပညာ မရှိကြောင်း၊ ထို့ပြင် ယခုနှစ်အတွင် ငလျင်အကြီး၊ အသေး ၃၆ ကြိမ်အထိ လှုပ်ခဲ့ရာ ယင်းသက်ရောက်မှုများကြောင့် ဖြစ်နိုင်ကြောင်း စိုက်၊ မွေး၊ ဆည်ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

ယခုအခါ ဆည်များတွင် တိုက်ရိုက် တယ်လီဖုန်းစနစ် ထည့်ထားပြီး ရေကျော်မည့် ဧရိယာ၊ ဒေသများသို့ တိုက်ရိုက် အကြောင်း ကြားပေးမည် ဖြစ်ကြောင်း၊ ဆည်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ တယ်လီဖုန်း နံပါတ်များ ရယူထားပြီး တာဝန်ခံ၍ ဖုန်းဆက်ပေးမည့် သူများလည်း အလှည့်ကျ တာဝန်ချထားကြောင်း၊ ဖြစ်သည်နှင့် တပြိုင်နက် ဖုန်းဆက်ပေးမည် ဖြစ်ကြောင်း ပြောသည်။

“ဒီမှာက System က ၂ ခု ရှိတယ်။ ဘဲနုတ်သီးပုံ လုပ်ထားတာ ရှိတယ်။ နောက်ပြီးတော့ အဆင့်ဆင့် စီးပြီးတော့ သွားတဲ့ပုံစံ လုပ်ထား တယ်။ ဒါကတော့ မြေယာ ရတဲ့အပေါ်မှာ မူတည်ပြီးတော့ အရင်က လူတွေ တည်ဆောက်ခဲ့တာပါ။ ဘယ်သူ့မှတော့ အပြစ်တင်စရာ မရှိပါဘူး။ ထိန်းသိမ်းဖို့နဲ့ ကြိုတင်ကာကွယ်ဖို့နဲ့ ပြုပြင်ဖို့ပဲ လိုပါတယ်။ ပြည်သူတွေဘက်ကလည်း Awareness လိုတယ်”ဟု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

ဆွာဆည် ရေပိုလွှဲကျိုးကျသဖြင့် နစ်မြုပ်သွားခဲ့ရသည့် မြေဧက ၆၀၉ ဧကကို ချက်ချင်း ပြန်လည် စိုက်ပျိုးနိုင်ရန် ၅ ရက်အတွင်း အပြီးလုပ်ပေးမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ပြန်စိုက်ပျိုးရန် မတတ်နိုင်ပါက ကုမ္ပဏီများဖြင့် ချိတ်ဆက်ပေးရန် ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading