နမ္မတူမြို့နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား အကာအကွယ်ပေးရန်နှင့် တိုက်ပွဲများအား လျှော့ချပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများသို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သော်လည်း တင်သွင်းခွင့်မရခဲ့ကြောင်း နမ္မတူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြောသည်။
ပြည်တွင်းလက်နက်ကိုင်များ၏ ပြင်းထန်လာသော ပဋိပက္ခကြောင့် ရှမ်းပြည်နမ္မတူမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပြည်သူတွေ ဒုက္ခရောက်နေကြောင်း၊ ယင်း တိုက်ပွဲများကို အမြန်ဆုံးလျှော့ချရန် ကြိုးပမ်းပြီး ပြည်သူများကို အကာအကွယ်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုအဖြစ် စက်တင်ဘာလ ၅ က ပြည်သူ့လွှတ်တော် သို့ တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
“အခု ဒီအဆိုကို ဘာကြောင့် မပေးသလဲဆိုတော့ ဒါက လွှတ်တော်မှာတင်ပြီး အတည်ပြုပြီးတော့မှ လုပ်လို့ရတဲ့ ဥစ္စာမဟုတ်ဘူး။ ဥပဒေနဲ့ မညီညွှတ်ပါဘူးဆိုပြီးတော့ ဒါကို တင်ခွင့်မရခဲ့ဘူးဖြစ်နေတယ်” ဟု ဒေါ်နန်းခမ်းအေးက ပြောသည်။
စက်တင်ဘာလ ၄ရက်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်လည်း ၎င်းက“ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူများ ဘဝလုံခြုံမှု ကင်းမဲ့နေခြင်း၊ အသက်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နစ်နာဆုံးရှုံးနေခြင်းတို့ကို လျှော့ချနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များ၊ မထိုးရသေးတဲ့အဖွဲ့များ စသည်ဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံညှိနှိုင်းအဖြေရှာပေးရန် တိုက်တွန်းကြောင်း” အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း အလားတူ ပယ်ချခံခဲ့ရကြောင်း သိရသည်။
“နမ္မတူနယ်မြေမှာ NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းရော မထိုးရသေးတဲ့အဖွဲ့ မြောက်ပိုင်းတပ်ပေါင်းစုနဲ့ တိုက်နေတယ်။ တိုက်နေတာက အခုမှ တိုက်တာမဟုတ်ဘူး။ တိုက်နေတာကြာပြီ။ အခုဟာက ပိုပြီး ပြင်းထန်လာတယ်။ တိုက်ပွဲဖြစ်ပြီဆို ပြည်သူတွေကို တာဝန်ရှိတဲ့သူ ဘယ်သူတွေက လာကြည့်ရှုသလဲ။ ဘယ်သူမှ မရှိကြဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြေးလွှားနေရတယ်။ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးခိုလှုံခွင့်တောင်းနေရတယ်။ ကူညီတာကလည်း အဓိကကတော့ ကိုယ့်ရဲ့ နီးစပ်ရာအသိုင်းအဝိုင်းကနေပဲ အချင်းချင်းကူညီနေရတာ။ဒီအချိန်မှာ ပြည်သူတွေက အကာအကွယ်အရမ်းမဲ့နေတယ်” ဟု ဒေါ်နန်းခမ်းအေးက ပြောသည်။
လက်ရှိတွင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည်ဆိုသော်လည်း မြေပြင်အထိဆောင်ရွက်နိုင်ခြင်းမရှိ၍ ပကတိပြည်သူတွေရဲ့ လိုအပ်ချက်ကို မသိနိုင်ကြောင်း၊ NCA လုပ်ငန်းစဉ်အရ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ အားလုံးမလုပ်နိုင်တာ မဟုတ်တဲ့အတွက် ပြည်သူ၏ သဘောဆန္ဒကို သိနိုင်ခြင်းမရှိဟုလည်း ၎င်းက ဝေဖန်ပြောဆိုသည်။
အဆိုတင်သွင်းခြင်းသည် ပြည်သူများ၏ တောင်းဆိုမှုအရ တင်သွင်းရခြင်းဖြစ်ပြီး ပယ်ချခံရသဖြင့် ဝမ်းနည်းကြောင်း၊ ယခုအခါ ဆွေးနွေးခွင့်မရကြကြောင်းသာ ပြည်သူများကို ပြန်လည်ချပြရမည်ဖြစ်ကြောင်းလည်း ဒေါ်နန်းခမ်းအေးက ဆိုသည်။
နမ္မတူမြို့နယ်တွင် သြဂုတ်လ ၃၀ ရက်မှစတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာကြောင်း၊ ကနဦးအနေဖြင့် တပ်မတော်နှင့် တပ်ပေါင်းစုမဟာမိတ်တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သော်လည်း လတ်တလောတွင် တပ်ပေါင်းစုမဟာမိတ်အဖွဲ့နှင့် RCSS တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်သူ နှစ်ထောင်ကျော်အထိ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
လက်ရှိရာသီသည် စိုက်ပျိုးရာသီဖြစ်သည့်အတွက် ဝမ်းစာအတွက် မစိုက်ပျိုးနိုင်သည့်အတွက် ဒုက္ခရောက်မည်ဖြစ်ကြောင်း၊ တိုက်ပွဲများနှင့် ခေါ်ယူမေးမြန်းခံရခြင်းများအတွက်လည်း ဒေသခံရွာသူရွာသားများအနေဖြင့် ကြောက်လန့်မှုများရှိနေကြောင်း မန်ဆန်ဒေသခံ ဦးစိုင်းရန်ပြေက ပြောသည်။
“ အခု စိုက်ပျိုးရာသီအစမှာမှ အလုပ်မလုပ်နိုင်ဘူးဆိုရင် တနှစ်ပတ်လုံး သူတို့အတွက် ဝမ်းစာအတွက် မဖူလုံတော့ဘူး။ ဒီအတွက် အပြင်ထွက်အလုပ်လုပ်ရတာတွေ၊ အကြွေးတွေတင်တာလည်း ဖြစ်တော့မယ်” ဟု ဦးစိုင်းရန်ပြေကပြောသည်။
သြဂုတ်လ ၃၀ရက်တွင် ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေအိမ်မှ တိမ်းရှောင်ကာ မန်ဆန်ကျေးရွာတွင် ခိုလှုံနေသော နမ့်ပုံကျေးရွာမှ ဒေသခံရွာသားတဦးက “တိုက်ပွဲဖြစ်တော့ မိသားစုတွေလည်း ဒုက္ခရောက်တယ်။ လူတော့မထိခိုက်ပေမယ့် နေအိမ်တွေတော့ ထိခိုက်သွားတယ်။ အခု ဘုန်းကြီးကျောင်းမှ လာနေရတော့ နေဖို့စားဖို့ကတော့ အဆင်ပြေပါတယ်။ တိုက်ပွဲမဖြစ်စေချင်တော့ဘူး။ ရွာကို အေးအေးဆေးဆေးပြန်နေချင်ပြီ” ဟု မန်ဆန်ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသော အမျိုးသားတဦးက ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေရသူများ၏ စားဝတ်နေရေးအတွက် လတ်တလောတွင် ယခင်ရိက္ခာများနှင့် အလှူရှင်များရှိနေ၍ အဆင်ပြေနေသော်လည်း ရေရှည်အတွက် လှူဒါန်းမှုများလိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။