မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးညွှန်းကိန်းတွင် ယမန်နှစ်ကထက် အဆင့် နှစ်နေရာပြုတ်ကျသွားပြီး အရှေ့အာရှနှင့်ပစိဖိတ်ဒေသတွင် ဒုတိယ အနိမ့်ကျဆုံးဖြစ်သွားခဲ့သည်။
ဝါရှင်တန်အခြေစိုက် ကမ္ဘာ့တရားမျှတမှုစီမံချက်(WJP) ၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ ကမ္ဘာ့အဆင့်အတွင် ၁၁၃ နိုင်ငံအနက် မြန်မာနိုင်ငံက အမှတ် ၁၀၀ နေရာတွင် ရှိနေပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ၁၅ နိုင်ငံတွင် ၁၄ နေရာ လျှောကျသွားသည်။ ဥပဒေပြုရေး၊ ဌာနဆိုင်ရာ၊ ရဲ၊ စစ်တပ်၊ တရားစီရင်ရေးတို့တွင် ဆိုးဝါးစွာ အကျင့်ပျက်ခြစားမှုများ ရှိနေသဖြင့် အနိမ့်ဆုံးအဆင့် ကျဆင်းသွားရခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။
WJP ၏ တရားဥပဒေစိုးမိုးရေးညွှန်ကိန်း ၂၀၁၇-၁၈ သည် ၁၁၃ နိုင်ငံရှိ တရားဥပဒေစိုးမိုးမှုအခြေအနေကို အကြမ်းဖျင်း အကဲဖြတ်ချက်ဖြစ်ပြီး အကြောင်းအချင်းရာ ၈ ချက်အပေါ် အခြေခံ၍ အမှတ်ပေးထားသည်။ ယင်း ၈ ချက်မှာ အစိုးရလုပ်ပိုင်ခွင့်အာဏာအပေါ် ကန့်သတ်ခြင်း၊ အကျင့်ပျက်ခြစားမှု မရှိခြင်း၊ အစိုးရ ပွင့်လင်းမှု၊ အခြေခံဆိုင်ရာ အခွင့်အရေးများ၊ ငြိမ်ဝပ်မှုနှင့် လုံခြုံရေး၊ စည်းမျဉ်းစည်းကမ်းပြဋ္ဌာန်းခြင်း၊ အရပ်ဘက် တရားစီရင်ရေးနှင့် ရာဇဝတ်မှု တရားစီရင်ရေးတို့ဖြစ်ကြသည်။
အဆိုပါအချက် ၈ ချက်လုံးတွင် မြန်မာနိုင်ငံက ဆိုးဝါးသည့်အခြေအနေတွင် ကျရောက်နေပြီး ၁၁၃ နိုင်ငံအနက် အစိုးရပွင့်လင်းမှုတွင် ၁၀၇၊ အခြေခံဆိုင်ရာ အခွင့်အရေးတွင် ၁၁၀၊ အရပ်ဘက် တရားစီရင်ရေးတွင် ၁၀၉ နှင့် ရာဇဝတ်မှု တရားစီရင်ရေးတွင် ၁၀၇ အဆင့်နေရာတို့ သတ်မှတ်ခံရသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း ၁၅ နိုင်ငံအနက် မြန်မာနိုင်ငံ၏ အခြေခံဆိုင်ရာ အခွင့်အရေးအဆင့် သတ်မှတ်ချက်မှာ ၁၅ နေရာတွင် ရှိနေပြီး အရပ်ဘက်တရားစီရင်ရေး၊ ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးနှင့် အစိုးရပွင့်လင်းမှုတို့တွင် ၁၄ နေရာ၌ ရပ်တည်နေသည်။
မြန်မာနိုင်ငံ၌ အစိုးရလုပ်ပိုင်ခွင့် အာဏာကန့်သတ်ခြင်းကဏ္ဍတွင် ဥပဒေပြဋ္ဌာန်းခွင့်နှင့် တရားစီရင်ရေးစနစ်စသည့် အဓိကနယ်ပယ်များတွင် အကန့်အသတ်များရှိနေကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ အကျင့်ပျက်ခြစားမှု၊ ထိရောက်သောစုံစမ်းစစ်ဆေးခြင်း ကင်းမဲ့ခြင်းနှင့် နှေးကွေး၍ မထိရောက်သော စီရင်ဆုံးဖြတ်ချက်တို့မှာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ် အားနည်းစေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြသည်။ ရာဇဝတ်မှု၊ အရပ်ဘက်ပဋိပက္ခနှင့် အကြမ်းဖက်ခြင်း ခံစားရသည့် နစ်နာမှုတို့သည် တိုင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတို့ကို အဓိကဖြစ်ပွားစေကြောင်း အဆိုပါအစီရင်ခံစာတွင် ဆိုထားသည်။
တိုင်းပြည်တပြည်၏ တရားဥပဒေစိုးမိုးရေး ညွှန်ကိန်းများဖော်ပြနိုင်ရန် ရမှတ်နှင့်အဆင့်သတ်မှတ်ချက်များအား အိမ်ထောင်စု ၁၁၀,၀၀၀ ကျော်နှင့် ကျွမ်းကျင်သူ ၃၀၀၀ ကျော်တို့အပေါ်အခြေခံ၍ ကမ္ဘာတဝန်း စစ်တမ်း ပြုစုခဲ့ကြောင်း ကမ္ဘာ့တရားမျှတမှုစီမံချက်၏ အဆိုအရ သိရသည်။
(အင်္ဂလိပ်ဘာသာဖြင့် Myanmar Slides on Global Rule of Law Index တွင် ဖတ်ရှုပါ။)