ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း၌ ၆.၇ မဂ္ဂနီကျု့ရှိ အင်အားပြင်း ငလျင်တခု ယနေ့နံနက်ပိုင်းက လှုပ်ခတ်ရာ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူနေအိမ်များစွာ မြေကြီးအတွင်း နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး၊ ၂ဦးသေဆုံးကာ ၃၂ ဦးပျောက်ဆုံးနေပြီး လူ ၁၀၀ကျော် ဒဏ်ရာရရှိကြောင်း ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဟု သိရသည်။
မိုးလေဝသအေဂျင်စီ(JMA) ၏ ထုတ်ပြန်ချက်အရ ၎င်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၈ မိနစ်တွင် ဟော့ကိုင်းဒိုးကျွန်း အလယ်ပိုင်းကို ဗဟိုပြု၍ မြောက်လတ္တီကျူ ၄၂ဒသမ၇ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ ၁၄၂ ဒီဂရီ အတွင်း မြေအောက်အနက် ကီလိုမီတာ ၄၀ ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဟော့ကိုင်းဒိုးကျွန်းပေါ် ဂျပန်ငလျင်တိုင်းတာရေး အဖွဲ့၏ တိုင်းတာချက်အရ ငလျင်အပြင်းထန်ဆုံးခံ ရသည့်နေရာတွင် ပြင်းအား ၇ အဆင့်ရှိကြောင်း ၊ စီရင်စုနယ်နိမိတ် တခုလုံးအတွင်း ပြင်းအား ၆ အဆင့် ထက် ကျော်လွန်ကြောင်း ဆိုသည်။
ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ ဒါဇင်ပေါင်းများစွာ ဆက်လက်လှုပ်ခတ်ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၁ မိနစ်တွင် ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ သေးကြောင်း သိရသည်။
နျူကလီးယားလေ့လာစောင့်ကြည့်ရေးအဖွဲ့က နျူကလီးယားဓာတ်ပေါင်းဖိုများ အနီးတစ်ဝိုက်တွင် ပုံမှန်မဟုတ်သော အခြေအနေ ထူးခြားဖြစ်စဉ်များ မရှိကြောင်း ဆိုသည်။
JMA က ငလျင်ပြင်းအားသည် ၆.၇ မဂ္ဂနီကျု့ အဆင့်ရှိပြီး ဂျပန်ကမ်းရိုးတမ်းတစ်လျှောက်တွင် ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ပြီး၊ ဟော့ကိုင်းဒိုရှိ အစိုးရစာသင်ကျောင်းပေါင်း ၁၃ဝဝ ကျော်ကို ယာယီပိတ်ထားခဲ့ပြီး ကျောင်းသားများကို နေအိမ်၌သာ နေထိုင်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
ဂျပန်နိုင်ငံအစိုးရက ငလျင်နှင့်သက်ဆိုင်သော အချက်အလက်များကို စုဆောင်းရန် ဝန်ကြီးချုပ်ရုံး၌ ငလျင်ဘေးစီမံခန့်ခွဲမှု ဆက်ဆံရေးဌာနကို လတ်တလောစီမံနေရပြီး၊ ကယ်ဆယ်ရေးဆောင်ရွက်ရန် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၅ဝဝဝ ခန့်ကို စေလွှတ်ထားကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ၂၅နှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဂျပန်တွင် ဝင်ရောက်