မြန်မာနိုင်ငံတွင် အမြင့်ဆုံး တံတား တစင်းဖြစ်လာမည့် ဂုတ်တွင်း တံတားသစ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ် အတွင်းရှိ ဂုတ်တွင်းလမ်းပိုင်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမြင့်ပေ ၆၀၀ ခန့်ရှိမည်ဖြစ်သည့် ဂုတ်တွင်းတံတားသစ် တည်ဆောက်ပြီးပါက ပေပေါင်း ၃၀၀ ကျော်မြင့်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားနှင့် ယှဉ်တွဲ မြင်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးကျော်လင်းက စက်တင်ဘာလ ၅ ရက်၌ ကျင်းပခဲ့သော အမျိုးသားလွှတ်တော်၌ ပြောသည်။
ဦးကျော်လင်း က “တံတားပြီးတဲ့ အချိန်မှာတော့ ဂုတ်ထိပ် တံတားကိုလည်း ယှဉ်တွဲ မြင်တွေ့ရမည့် အခြေအနေ ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်မယ့် စီမံကိန်းတခုဖြစ်ပါတယ်” ဟု ဆိုသည်။
ဂုတ်တွင်းလမ်းပိုင်းကိုရှောင်ကွင်းမည့် နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် တည်ဆောက်မည့် နေရာသည် ကမ္ဘာကျော် ဂုတ်ထိပ် တံတားကြီးနှင့် ၆၉၆ မီတာကွာဝေးကြောင်းသိရသည်။ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးသည် အရှည် ပေ ၂၂၆၀ ရှိပြီး အမြင့်ပေမှာ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းစီမံကိန်းကို နိုင်ငံပိုင် ရန်ပုံငွေဖြင့် ဆောက်လုပ်မည် မဟုတ်ဘဲ Oriengal Highway ကုမ္ပဏီပိုင် ငွေကြေးဖြင့် စိုက်ထုတ်၍ ခန့်မှန်းခြေမှာ စုစုပေါင်း မြန်မာငွေ ကျပ် ၄၀ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၁၂၀ ဒသမ ၇၇ သန်း ကုန်ကျမည် ဖြစ်ကြောင်း ဒုဝန်ကြီးကပြောသည်။
အမျိုးသားလွှတ်တော်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းအမှတ် ၄ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်က နောင်ချိုမြို့ရှောင်လမ်း စီမံကိန်း (သို့မဟုတ် ) ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်းစီမံကိန်းအား မေးမြန်းခဲ့ရာတွင် ဒုဝန်ကြီး က အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
တံတားတည်ဆောက်မည့် ပုံစံသည် မြန်မာနိုင်ငံတွင် တည်ဆောက်ဖူးခြင်းမရှိသော Balance Cantilever Method ကိုCable Stayed (ကြိုးဆိုင်း)နှင့် ပေါင်းစပ်တည်ဆောက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါတံတားသစ် တည်ဆောက်မည့် ဂုတ်တွင်းလမ်းပိုင်းသည် တရုတ်နိုင်ငံနှင့် ၂ နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသော မန္တလေး-လာရှိုး-မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိသောလမ်းမကြီးတခုဖြစ် သည်။
ထို့ကြောင့် ဂုတ်တွင်းလမ်းပိုင်းရှိ မိုင်တိုင် အမှတ် (၈၂/ဝ) မှ (၈၇/ဝ) အတွင်းလမ်းအရှည် ၅ မိုင်တွင် ကုန်စည် စီးဆင်းမှု များလာ၍ ယာဉ်ကြော ပိတ်ဆို့လာသောကြောင့် ဂုတ်တွင်းလမ်းပိုင်းကို ရှောင်ကွင်းမည့် နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်ကို တည်ဆောက်ခြင်း ဖြစ်ကြောင်း ဒုဝန်ကြီးက ရှင်းလင်းသွားသည်။
ဦးစိုင်းအုန်းကျော်က၂၁၀၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ချိန်က နောင်ချိုမြို့ရှောင်စီမံကိန်းဟု ရေးသားဖော်ပြခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ဂုတ်တွင်းတံတားစီမံကိန်းဟု ပြောင်းလဲဖော်ပြခဲ့ခြင်းကြောင့် ဒေသခံများကစီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် မသိရှိရကြောင်း ပြောသည်။
ဦးစိုင်းအုန်းကျော်က “ဒေသခံများကလမ်းမကြီး တည်ဆောက်မယ့် တည်နေရာအတိအကျကိုလည်း ရှင်းလင်းစွာမသိတာကို တွေ့ရှိရပါတယ် ”ဟုဆိုသည်။
ထို့ပြင် ယင်းစီမံကိန်းအတွက် မြေယာလျော်ကြေးများကို ကာလပေါက်ဈေးထက် လျော့နည်းစွာပေးပြီး ၆ လအတွင်းလာရောက် မထုတ်ပါက နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် သိမ်းယူမည်ဟု အတင်းအကြပ် ဖိအားပေးခြင်းများလည်းရှိပြီး လျော်ကြေးငွေ ယူသည့် တောင်သူများအနေနှင့် ထိုသို့ ဖြစ်မည်ကိုစိုးရိမ်၍ ထုတ်ယူရခြင်း ဖြစ်သည်ဟုဒေသခံများပြောကြားချက်အရသိရှိရကြောင်း ဦးစိုင်းအုန်းကျော်က ပြောသည်။
အဆိုပါ တံတားသစ် တည်ဆောက်မည့် စီမံကိန်းဧရိယာရှိ စိုက်ပျိုးမြေဧက ဧရိယာတို့ကို လျော်ကြေးပေးချေရန် တောင်သူ ၂၈၃ ဦးရှိရာ သဘောတူသည့် တောင်သူ ၂၂၁ ဦးအတွက် လျော်ကြေးပေးထားပြီး လက်ခံခြင်းမရှိသည့် တောင်သူ ၆၂ ဦးကျန်ရှိနေသေးကြောင်း ဒုဝန်ကြီးကဆိုသည်။
ကျန်ရှိသည့် တောင်သူ ၆၀ ကျော် လျော်ကြးငွေလက်ခံရန် ဒေသခံကိုယ်စားလှယ်များ အနေဖြင့် တိုက်တွန်းပေး၍ ကူညီစေလိုကြောင်းနှင့် ၎င်းတို့ လက်ခံပါက စီမံကိန်းလုပ်ငန်းများကို ချက်ချင်းစတင်နိုင်မည် ဖြစ်ပြီးထိုအချိန်မှ စ၍ သုံးနှစ်ခွဲအတွင်း အပြီးဆောက်လုပ်မည်ဟု ၎င်းက ပြေားသည်။
ထိုသို့ လျော်ကြေးပေးရန် ညှိနှိုင်းဆောင်ရွက်၍ မရပါက ၁၈၉၄ ခုနှစ်မြေသိမ်းအက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံသို့ တင်ပြထာကြောင်း ဦးကျော်လင်းက ပြောဆိုသည်။