သတင်း

တောင်သူများကို ကာကွယ်ပေးနိုင်မည့် မြေယာဥပဒေ ပေါ်ထွက်ရေး လူထု ဆွေးနွေးပွဲပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ဖက်ဒရယ် စံနှုန်းနှင့် ကိုက်ညီပြီး တောင်သူများကို အကာအကွယ် ပေးနိုင်မည့် မြေယာ ဥပဒေ ပေါ်ထွက်လာစေရေး အတွက် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ လူထုဆွေးနွေးပွဲ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်မြို့နယ် စည်ကား ကျေးရွာရှိ အာရှ အလင်းရောင် ကျောင်းတိုက်တွင် စက်တင်ဘာလ ၅၊ ၆ ရက်များ၌ နိုင်ငံ တဝန်းလုံးရှိ တောင်သူ လယ်သမားများနှင့် ပြည်သူများ ဖက်ဒရယ်မြေယာ အုပ်ချုပ်ရေးဖြင့် မြေယာ အခွင့်အရေးနှင့် ရပိုင်ခွင့် အာမခံနိုင်ရေး အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လူထု မြေယာ ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကိုဆလိုင်းဂျင်မီ က “လူထု မြေယာ ဆွေးနွေးပွဲက ဖက်ဒရယ် မြေယာ အုပ်ချုပ်ရေး ကနေစပြီး တော့ မြေယာအခွင့်အရေး ရပိုင်ခွင့်တွေရဖို့ အတွက် အဓိက ရည်ရွယ်လုပ်တာပါ။ ကြည့်လိုက် မယ်ဆိုရင် မြေယာနဲ့ ဆိုင်တဲ့ ဥပဒေ တော်တော်များများက ဒီမိုကရေ ဒီစနစ်နဲ့ရော မြန်မာနိုင်ငံက သွားချင်နေတဲ့ ဖက် ဒရယ် စံနှုန်းတွေနဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ ဒါကြောင့် တိုင်းနဲ့ ပြည်နယ် ၁၄ ခုက တောင်သူလယ်သမားတွေနဲ့ အတူ အားလုံး ဝိုင်းဝန်း ဆွေးနွေးကြတာပါ” ဟု ပြောသည်။

လူထု မြေယာ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်မှုဆိုင်ရာ ကိစ္စများ၊ တိုင်းရင်းသား ဓလေ့ထုံးတမ်း အစဉ်အလာ ကို လေးစားလိုက်နာသော မြေယာမူ ဝါဒဆိုင်ရာများ၊ မြေယာ သိမ်းဆည်းမှု၊ လယ်သမားများ၏ လူမှုစီပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ၊ လက်ရှိ မြေယာ ဥပဒေများ ပဋိပက္ခ အခြေအနေကို တောင်သူ လယ်သမား ကိုယ်စား လှယ် များ၊ လယ်ယာမြေ အရေး တက်ကြွ လှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များနှင့် ဥပဒေ ပညာရှင်များ စုပေါင်း၍ ဆွေးနွေးကြကြောင်း သိရသည်။

ကိုဆလိုင်းဂျင်မီက“သူများနိုင်ငံတွေမှာဆို မူဝါဒကို အရင်ဖော်ထုတ် ပေါ်လစီတွေ အရင်လုပ်ပြီးမှ အဲဒီအပေါ် အခြေ ခံပြီးမှ သက်ဆိုင်ရာ ဥပဒေ တွေကို ပြုလေ့ရှိကြတယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ ပြောင်းပြန် ဖြစ်သွားတာပေါ့၊။ ကြိုက်တဲ့ ဥပဒေကို အရင်ပြုပြီးမှ ပြည်သူက သိကြရတာ။ အခုဆိုရင် မြေယာနဲ့ ပတ်သက်ပြီး ၂၀၁၆ အမျိုးသားမြေ အသုံးချမှု မူဝါဒများ NLUP ဆိုပြီး ပေါ်လာတယ်”ဟု ဆက်လက်ပြောသည်။

တံခွန် တောင်သူ လယ်သမားများ သမဂ္ဂအဖွဲ့ချုပ် (မန္တလေးတိုင်း)ဥက္ကဋ္ဌ ကိုလင်းထင်စိုးကလည်း“၂၀၁၂ ခုနှစ်မှာ ထွက် ခဲ့တဲ့ လယ်ယာမြေ ဥပဒေက ပြည်သူ တောင်သူ လယ်သမားတွေကို ကာကွယ် မပေးနိုင်ဘဲ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေ အတွက် ကာကွယ်တဲ့ ဥပဒေ ဖြစ်နေပါတယ်။ မြေအသုံးချမှုနဲ့ ပတ်သက်တဲ့ မြေယာ ဥပဒေ တခု မြန်မာနိုင်ငံမှာ သိပ် အရေးကြီးနေပါတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်၍ “အခုပွဲကနေ အဖြေတခုတော့ ထွက်လာမယ်လို့ ထင်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွင်း က မြေယာ ပြဿနာတွေ အတွက်လည်း အကျိုးရှိသလို နိုင်ငံအတွက်လည်း အကျိုး ရှိစေပါတယ်။ ဒီပွဲကနေ ထွက် လာ မယ့် ရလဒ်အပေါ်မှာ အစိုးရအနေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်”ဟု ပြောဆိုသည်။

မြေယာနှင့်ပက်သက်၍ ၂၀၁၂ခုနှစ်အတွင်းက မြေယာ ဥပဒေထွက် ရှိခဲ့သော်လည်း ပြည်သူလူထု၊ တောင်သူ လယ် သမား များနှင့်ကိုက်ညီမှု မရှိသဖြင့် မြေအသုံးချမှုနှင့်မြေယာ အကျပ်အတည်း ပြဿနာများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည် ဟု လယ်ယာမြေ အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူများက ဆိုသည်။

လယ်ယာမြေနှင့် ပတ်သက်၍ နိုင်ငံတိုင်းတွင် ဆင်းရဲမွဲတေမှု လျှော့ချရေး ရေရှည် တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ၊ လူမှုရေး တည်ငြိမ် အေးချမ်းမှု၊ အိုးအိမ်လုံခြုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လူမှု ရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အမှန်တကယ် အသက်သွင်းလိုသော မြေယာ၊ သားငါး၊ သစ်တောတို့သည် အဓိကကျသည့် ဘဏ္ဍာဖြစ်သောကြောင့် မူဝါဒများဖြင့် ပြုလုပ်နေသည့် လွှတ်တော်၊ အစိုးရများသည် မြေယာ လုပ်ပိုင် ခွင့် အပေါ်မှာ တာဝန်ယူမှု ရှိရှိ တာဝန်ခံမှုရှိရှိ အုပ်ချုပ်စီမံရန် ကြိုးပမ်းအားထုတ်သင့်သည်ဟု သဘောထား လမ်းညွှန် ချက် ကို ကမ္ဘာ့ကုလ သမဂ္ဂ စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့၏ မြေယာ လုပ်ပိုင်ခွင့် လမ်းညွှန်ချက် အပိုဒ် ၄/၁ တွင် ထည့် သွင်း ဖော်ပြထားသည်။

အဆိုပါ မူဝါဒသည် တိုင်းရင်းသား အားလုံးကို လွှမ်းခြုံနိုင်မှု အလွန် အားနည်းနေခြင်းများ ရှိနေပြီး ဖက်ဒရယ်ကို အခြေခံရ မည့် မူဝါဒပိုင်းမှာ အလွန်အားနည်းနေကာ အမျိုးသားမြေ အသုံးချမှု မူဝါဒများ(NLUP) အခြေခံ၍ မြေယာ အကျပ်အတည်း ပြဿနာများ ဖြေရှင်းနိုင်ရန် အတွက် ဥပဒေ တရပ်လည်း လိုအပ်ကြောင်း တောင်သူလယ်သမား ကိုယ်စားလှယ်များက ပြောသည်။

တောင်သူ လယ်သမား ကိုယ်စားလှယ် တဦးက“NLUP မှာ တချို့ တိုင်းရင်းသားအရေးတွေနဲ့ ဆိုင်တာပါတယ်။ အချို့ ကတော့ အများကြီး ပြန်ပြုပြင်ရမယ့် အချက်တွေ ပါဝင်နေတယ်။ လက်ရှိမှာ အမျိုးသား မြေယာနဲ့ ဆိုင်တဲ့ ဥပဒေကို လုပ်နေ တယ်လို့ သိရတယ်။ တဖက်မှာလည်း မြေယာနဲ့ ဆက်စပ်တဲ့ ဥပဒေတွေကိုလည်း လွှတ်တော်အတွင်းမှာ ပြင် နေ တယ် ပေါ့နော်။ ဒါပေမယ့် တော်တော်များများက ဖက်ဒရယ်ကို အခြေခံရမယ့်ဟာနဲ့ တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာ အသုံး ချမှုအပေါ်မှာ အခြေခံမူက အားနည်းနေတယ်”ဟု ပြောဆိုသည်။

လယ်ယာမြေများကို တပ်မတော်၊ ဝန်ကြီး ဌာနများ၊ ဌာနဆိုင်ရာများ၊ စီမံကိန်းများဖြင့် သိမ်းဆည်းထားမှုမှာ နိုင်ငံတဝန်း လုံး ၌ ဧက ၅ သန်းကျော်ရှိပြီး ယခုအခါ သိမ်းဆည်းခံလယ်ယာမြေများမှ ဧက ၁ သန်းကျော် ပြန်လည် စွန့်လွှတ်ပေး ပြီး ဖြစ်ကြောင်း သိရသည်။

ကိုလင်းထင်စိုးက“တောင်ပေါ်ဒေသ ရွှေ့ပြောင်းတောင်ယာကိစ္စတွေ၊ သိမ်းဆည်းခံ လယ်ယာမြေဥပဒေနဲ့ ပတ်သက် တဲ့ အပိုင်းတွေ၊ မြေလွတ် မြေရိုင်းနဲ့ပတ်သက်တဲ့အပိုင်းတွေ၊ သစ်တောမြေနဲ့ ပတ်သက်တဲ့ အပိုင်းတွေရှိမယ်၊ နောက် အခြား မြေနဲ့ပတ်သက်တဲ့ လယ်ယာမြေဥပဒေ အပိုင်းတွေရှိမယ်၊ လက်ရှိနိုင်ငံတွင်းမှာ မြေရှင်အနေနဲ့က မူလ ဓားမဦးချ စိုက်ပျိုး လုပ်ကိုင်နေတဲ့ တောင်သူ မြေရှင်တွေနဲ့ အွန်ပေပါ ပေါ်မှာ ရောင်းဝယ်နေကြတဲ့ မြေရှင်တွေရှိတယ်။

လုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်နဲ့အညီ ယူထားတဲ့ မြေရှင်တွေအပေါ်မှာလည်း ဥပဒေအကာအကွယ်ယူထားသင့်သလို သိမ်းဆည်းခံရတဲ့ မြေရှင်တွေအပေါ်မှာလည်း ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ မြေပြန်လည်ရရှိအောင် လုပ်ဆောင်ပေး သင့်ပါတယ်”ဟု ဆက်လက်ပြောသည်။

လူထု မြေယာ ဆွေးနွေးပွဲသို့ နိုင်ငံ တဝန်းလုံးမှ တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ လယ်ယာမြေ အရေး တက်ကြွ လှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များနှင့် ဥပဒေ ပညာရှင်များ စုစုပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

တောင်သူ လယ်သမားများ အရေး လှုပ်ရှားနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်မိကြီးက “ဥပဒေပညာရှင်တွေရော တောင်သူ လယ်သမား ကိုယ်စားလှယ်၊ လွှတ်တော် အမတ်တွေရော ပါဝင်ပြီးတော့ မြေယာဥပဒေကို သီးသန့် ဆွေးနွေး နိုင်ဖို့ လိုပါတယ်။ အခုတော့ တဆိတ်ရှိ တရားရုံးတွေပဲ တက်လာတယ်။

တရားသူကြီးတို့ တရားစီရင်ရေး တို့နဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။ အောက်ခြေမှာကတည်းက မြေယာ ဥပဒေကို တိတိကျကျ ခုံရုံးဖွဲ့ပြီးတော့ စစ်ဆေး ဆုံးဖြတ် နိုင်မယ် ဆိုရင် အကောင်းဆုံးဖြစ်မှာပါ”ဟု ပြောသည်။

ဆွေးနွေးမှု ရလဒ်များမှ မြေယာ ဥပဒေတွင် ကဏ္ဍ အလိုက် အခြေခံသည့်မူများကို စုစည်း၍ သဘောထား ကြေညာ ချက် ကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်သလို လက်ရှိဆွေးနွေးနေသည့် အမျိုးသား မြေယာနှင့် သက်ဆိုင်သော ဥပဒေပေါ် ပေါက်လာလျှင် ဆွေးနွေးမှု ပွဲရလဒ်များကို အခြေခံနိုင်သော ဥပဒေပေါ်ပေါက်လာရန်လိုအပ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading