သတင်း

စိတ်ကြွဆေးပြား ၂သန်း ၅သိန်းကျော် နောင်ချိုတွင် ဖမ်းမိ

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် Toyota REVO Hilux (အဖြူရောင်) ယာဉ်တစီးကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(နောင်ချို)မှ တပ်ကြပ်ကြီး ဟိဏ်းလင်းဇော် ဦးစီးသည့်အဖွဲ့နှင့် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် စောထင်လင်း ဦးစီးအဖွဲ့က သတင်းအရ ယနေ့နံနက်ပိုင်းက နောင်ချိုမြို့အဝင်တွင် ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေး ပြား ၂၅၄,၁၀၀၀ (၂သန်း ၅သိန်းကျော်)ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ဒေသပေါက်ဈေးနှင့် တွက်ချက်လျှင် သိန်း ၅သောင်းကျော်ရှိပြီး မူးယစ် ဆေးဝါးများ သယ်ဆောင်လာသူ နေဦးမောင်(ခ) ကျားကြီး၊ သိန်းဆွေ(ခ) မောင်မောင်သိန်းတို့ ၂ဦးကို စစ်ဆေးလျှက် နေကြောင်း၊ သိန်းဆွေ(ခ) မောင်မောင်သိန်း၏ ထွက်ဆိုချက်အရ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာနေ လီဆူးလူမျိုး ဗလ(ခ) လီဆာမှ ကွတ်ခိုင်မှ မိုးကုတ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးရန် ငွေကျပ် သိန်း ၂၀ပေးမည်ဆိုကာ ခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် နေဦးမောင်နှင့် သိန်းဆွေကို နောင်ချိုမြို့မ ရဲစခန်းမှ မယ(ပ) ၆၁/၂၀၁၈၊ မူးစိတ် ပုဒ်မ ၁၉(က)ဖြင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ယမန်နေ့ကလည်း အမှတ် ၂၄ မူးယစ်တပ်စု(နောင်ချို)မှ တပ်ကြပ်ကြီး သိန်းသန်း၊ တပ်ကြပ်ကြီး ထွန်းဝင်းတို့ အဖွဲ့မှ နောင်ချို အိုရီယမ်တယ် တိုးလ်ဂိတ်အနီးတွင် စစ်ဆေးမှုများပြုလုပ် စဉ် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ရှမ်းတောင်တန်းယာဉ်လိုင်းမှ Toyota Mark II အမျိုးအစား ကားတစီးကို ရပ်တန့်ရှာဖွေရာ စီးနင်းလိုက်ပါလာသည့် ခရီးသည် စိုးမောင်ဆိုသူ၏ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၇၀ကို ဖမ်းဆီးရမိခဲ့သည်။

Loading