သတင်း

TNLA မှ ဖမ်းဆီးသွားသည့် နန်းမိုဟွမ် လွတ်မြောက်ရေး ဆန္ဒပြမည်

Want create site? Find Free WordPress Themes and plugins.

ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ဖမ်းဆီးသွားသော နန်းမိုဟွမ်ကို ပြန် လည် လွတ်ပေးရန်နှင့် လွတ်မြောက်ရေးအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် နမ်းခမ်းမြို့မှာ ဆန္ဒပြ တောင်းဆိုမည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း နံဘေးတွင် နန်းမိုဟွမ်၏ သား/သမီး ၃ ယောက် အပါအဝင် အမေ၊ အစ်မ၊ ဆွေမျိုး၊ စုစုပေါင်း ၁၀ ဦးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီကနေ ၁၁ နာရီခွဲထိ ပြုလုပ်မည်ဟုသိရသည်။

နန်းမိုဟွမ်၏ မိသားစုဝင် တဦးက “ မြို့လယ် ဘုရားကျောင်းမှာ ဆန္ဒပြမယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဘဲ ပြန်လွတ် ပေးဖို့ တောင်းဆို သွားမှာပါ။ နန်းမိုဟွမ်သတင်းက ဘာမှ အကြောင်းမကြားဘူး။ကျမတို့လည်း စောင့်ရင်း စောင့်ရင်းနဲ့ ၂၁ ရက်တောင် ရှိပြီလေ။ အဲဒါကြောင့် ကျမတို့ ဆန္ဒထုတ် ဖော်မှုမျိုး လုပ်တာပေါ့နော်။ သူ့မှာ ကလေးတွေကလည်း ငယ်သေးတော့လေ၊ သူ့ကို အမြန်ဆုံး ပြန်လွတ် ပေးစေချင်တယ်။ အမြန်ဆုံး လွတ် မြောက်အောင် အစိုးရ တာဝန်ရှိသူတွေရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းကရော ကူညီပြီးတော့ လုပ်ပေးကြပါလို့ ပြောချင်ပါတယ်။ သူ့ သား/သမီးလည်း နေ့တိုင်း ငိုပြီးတော့ ရှာနေ တယ်ဆိုတော့ ကျမတို့လည်း စိတ် မကောင်း ဘူး”ဟု ပြောသည်။

အဆိုပါ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စက်တင်ဘာ ၄-၅ ရက်က တင်ပြခဲ့ပြီး ခွင့်ပြုချက် ရရှိထားသည်ဟု လူငယ်များကွန်ယက်(နမ့်ခမ်း)မှ ဆက်ဆံ ရေးတာဝန်ခံ စိုင်းရွှေသိန်းက ပြောသည်။

“ မိသားစုဝင် ၁၀ ဦးက လုပ်မှာပါ။ နန်းမိုဟွမ်ရဲ့ သား/သမီး ၃ ယောက်ရယ်၊ သူရဲ့ အမေ၊ အစ်မ၊ ဆွေမျိုး ၇ ယောက်ပါမယ်။ တခြားလူကတော့ ပြည်သူလူထု အနေနဲ့ဘဲ ပါမယ်။ ကျနော်တို့က ဘေးနားက ဝန်းရံပြီး လုံခြုံ ရေး ယူပေးတာဘဲ လုပ်မယ်။ မနက်ဖြန် ၉ နာရီကနေ ၁၁ နာရီခွဲထိပေါ့။ ငြိမ်းချမ်းစွာ ထိုင်ပြီးတော့ ဆန္ဒပြမှာပါ၊ မြို့လယ်ဘုရားကျောင်းနားမှာ”ဟု ၎င်းက ပြောသည်။

TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် မိသားစုဝင်များက ဆန္ဒပြ တောင်းဆိုရာ တွင် အပြစ်မဲ့သော နန်းမိုဟွမ် အမြန်ဆုံး လွတ်မြောက်လာနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသော အစိုးရ အဖွဲ့အစည်းများမှ ထိရောက်စွာ ကူညီဆောင်ရွက်ပေးပါရန်၊ သားနဲ့သမီးတို့၏ အပြစ်မဲ့သော မေမေကို အမြန်ဆုံး လွတ်ပေးပါရန်၊ PSLF/TNLA မှ ဖမ်းဆီးထားသော အပြစ်မဲ့သူ နန်းမိုဟွမ်အား အမြန်ဆုံး လွတ် ပေးပါရန် စသည့် ဆောင်ပုဒ်များကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု လူငယ်များကွန်ယက်(နမ့်ခမ်း)နှင့် မိသားစုဝင်များက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ အိမ်ဆောက် ပစ္စည်းဆိုင် ဖွင့်လှစ်ထားသော နန်းမိုဟွမ်ကို TNLA တပ်ဖွဲ့ဝင် ၅ ဦးက ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်က သေနတ်နှင့် ချိန်ရွယ်၍ ဖမ်းဆီး ခေါ် ဆောင်သွားခဲ့သည်။

ထို့နောက် လူငယ်များကွန်ယက်(နမ့်ခမ်း)က သြဂုတ် ၁၉ ရက်တွင် ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သလို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကလည်း သြဂုတ် ၂၇ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ စာပို့၍ နန်းမိုဟွမ် လွတ်မြောက်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ယနေ့တိုင် နန်းမိုဟွမ် လွတ်မြောက်လာခြင်း မရှိသေးပေ။ နန်းမိုဟွမ်ကို ဖမ်းဆီးထားသော အခြေအနေများနှင့် ပတ်သက်ပြီး TNLA မှ ပြောခွင့်ရပုဂ္ဂိုလ်များကို ဧရာဝတီက ဆက်သွယ်၍ မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမှု မရှိသည့်အတွက် တစုံတရာ မသိရပါ။

အမျိုးသမီးများအရေး ဆောင်ရွက်နေသော အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB က နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် TNLA ခေါင်းဆောင်များကို တွေ့ဆုံ ဆွေးနွေးမှု မရှိသော်လည်း ယခုလို ဖမ်းဆီးထား ခြင်းမှာ မဖြစ်သင့်ကြောင်း၊ အမြန်ဆုံး ပြန်လွတ်ပေးသင့်ကြောင်း ဆိုသည်။

WLB မှ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က “ ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) အနေနဲ့ တော့ သူ လွတ်မြောက်ဖို့ အတွက် TNLA နဲ့ သွားတွေ့တာမျိုးတော့ မရှိပါဘူး။ ကျမတို့ အနေနဲ့တော့ ဘာကြောင့် ဖမ်းလဲဆိုတာကိုတော့ ကောင်းကောင်း မသိဘူး။ ဒီအမျိုးသမီးက ကလေး အမေလည်း ဖြစ်တယ် လို့ သိရတယ်။ ကလေးအမေ ဖြစ်တဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေလည်း အများကြီး ရှိတယ်၊ အဲဒီ လိုမျိုး အပေါ်မှာ ကျမတို့ အရမ်းကို စိုးရိမ်တယ်။ ဖြစ်လည်း မဖြစ်စေချင်ဘူး။ ဒီလိုမျိုး အမျိုးသမီး တယောက်ကို ကြာ ကြာ ဖမ်းထားတာက ဒါလုံးဝ မဖြစ်သင့်ဘူး” ဟု ပြောသည်။

TNLA အနေဖြင့် နန်းမိုဟွမ်ကို အမြန်ဆုံး လွတ်ပေးရန် တောင်းဆိုပါကြောင်း၊ မိမိတို့ အနေဖြင့် လူမျိုးရေး ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ပါက မည်သူ့ကိုမှ WLB အနေနှင့် လက်မခံ ကြောင်း ၎င်းက ပြောသည်။

WLB မှ လွေးပိုးငယ်က “ ဒီလို လုပ်ခြင်းအားဖြင့် လူမျိုးရေး ပဋိပက္ခ ပိုဖြစ်လာမှာကိုလည်း ကျမတို့ အရမ်း စိုးရိမ် ပါတယ်၊ အဲဒါကြောင့် ကျမတို့က အမြန်ဆုံးသူ့ကို လွတ်ပေးဖို့ ကျမတို့ တောင်းဆိုတာပေါ့။ လူ့အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ WLB အနေနဲ့ကတော့ ဘယ်လို ချိုးဖောက်မှုကိုမဆို လက်မခံဘူး။ အမျိုးသမီး တယောက်ကို ဒီလို ကြာကြာ ဖမ်းထားတဲ့ ကိစ္စကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ သူနဲ့ သက်ဆိုင် တဲ့ ဘယ်သူနဲ့ဖြစ်ဖြစ် အမြန်ဆုံး တွေ့ဆုံပြီးတော့ ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

TNLA က နန်းမိုဟွမ်သည် TNLA ၏ ဥပဒေကျူးလွန်သဖြင့် ၂၀၁၈ ခုနှစ်၊သြဂုတ် ၁၇ ရက်တွင် TNLA မှ အပြစ် ပေး အရေးယူရန် ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါကြောင်း၊ TNLA အကောက်အခွန် ဦးစီးဌာနမှ အကောက်ခွန် ဝန်ထမ်း များ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ နန်းမိုဟွမ်မှ တာဝန် ဝတ္ထရား နှောက်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် TNLA ဗဟိုတရား ရုံးသို့ အမှုဖွင့် တိုင်ကြား ခဲ့ပါကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

TNLA ၏ ထုတ်ပြန်ချက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နန်းမိုဟွမ် မပြုလုပ်ခဲ့ကြောင်း နန်းမိုဟွမ်၏ မိသားစုဝင်များက ပြောသည်။

“ ဘာအပြစ်မှ မရှိတဲ့ မိန်းကလေး တယောက်ကို အဲဒီလိုမျိုး သေနတ်နဲ့ လာချိန်းပြီးတော့ ခေါ်သွားတာ ကျမတို့ စိတ်မကောင်းဘူး။ အဲဒီလိုမျိုးလည်း မလုပ်ပါဘူး။ သူဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပါဘူး။ သူများ ဆက် သွယ်ဖို့ နေနေသာသာ ကျမ သူ့အစ်မအရင်းတောင်မှ သူ့ကိုမေးတာ သူများ စာတွေလာပေးလား၊ နင်တို့ကို ဆက်ကြေး လာကောက်သေးလား၊ အဲဒီလိုမျိုး မေးရင်တောင် ကျမ သူ့အစ်မအရင်း ဖြစ်တာတောင် သူဘယ်တော့ မှ မပြောဘူး။ သူ့မှာလည်း ကလေးတွေရော ရှိသေးတာဘဲ၊ သူဘာလို့ အဲဒီလို လုပ်မှာ လည်း နှစ်တိုင်း ဆောင်ပြီးပြီရော”ဟု ၎င်းက ပြောသည်။

TNLA က ဝန်ထမ်း တာဝန်ဝတ္ထရား ဆောင်ရွက်နေစဉ် မိမိ အလိုအလျောက် အပြင်းအထန် နာကျင်စေမှုဖြင့် နန်းမိုဟွမ်အား ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် TNLA ၏ ဗဟိုတရားရုံးမှ အမှုဖွင့် အရေးယူထားကြောင်း၊ TNLA ၏ ဗဟိုတရားရုံးမှ နန်းမိုဟွမ်အား အမှုစတင် လက်ခံစစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် စီရင်ချက် ချမှတ် မည့် နေ့တွင် နန်းမိုဟွမ်၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက် ချနိုင် ရန် စီစဉ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးခံရသော နန်းမိုဟွမ်၏ မိသားစုဝင် တဦးက “ အခုထိ ဘာမှ အကြောင်း မကြားလာသေးဘူး။ သူ့ ကျန်းမာရေး ကျမတို့ အရမ်းစိုးရိမ်တယ်။ နောက်ပြီးတော့ သူမလုပ်တဲ့ အပြစ်ကို ဝန်ခံခိုင်းတာ ကျမတို့ စိတ် မကောင်းပါဘူး၊ ကိုယ်က မလုပ်ဘဲနဲ့လေ။ ဖြစ်တဲ့ အချိန်က သူ့အမျိုးသားရော၊ သူ့ယောက္ခမရော တရား စခန်းဝင်နေတဲ့ အချိန်ဖြစ်တယ်။ကျမတို့ စိတ်မကောင်းဘူး။ အမြန် ဆုံး လွတ်ပေးစေချင်ပါတယ်”ဟု ပြော သည်။

TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ်တွင် သား/သမီး ၃ ဦးရှိကြောင်း၊ အကြီးဆုံးသားမှာ အသက် ၁၆ နှစ်၊ အလတ် ဖြစ်သော သမီးမှာ အသက် ၉ နှစ်၊ အငယ်ဆုံးသားမှာ အသက် ၆ နှစ်တို့ ဖြစ်ကြောင်း မိသားစုဝင်များ က ပြောသည်။

TNLA သည် တပ်မတော်နှင့်လည်းကောင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့်လည်း ကောင်း တိုက်ပွဲများ ဖြစ်ပွားနေသော ပလောင်(တအာင်း) လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ထို့ပြင် အစိုးရမှ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးအတွက်လည်း ကြိုးပမ်းနေသော အဖွဲ့ဖြစ် သည်။

ဆက်စပ်ဖတ်ရှုရန် ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး

ဖမ်းဆီးထားသော ရှမ်းအမျိုးသမီးကို TNLA “ရုံးတင်”

Did you find apk for android? You can find new Free Android Games and apps.
Loading