မန္တလေးမြို့ လုံခြုံရေးအတွက် မြို့ခံပြည်သူများနှင့် အရပ်ဖက်အဖွဲ့စည်းများ စုပေါင်း၍ အစီအစဉ်တစ်ခုချမှတ် ဆောင်ရွက်ရန် စတင်ပြင်ဆင်လျက်ရှိကြောင်း ၎င်းအစီအစဉ်တွင်ပါဝင်မည့် မြို့ခံအရပ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Generation Wave အဖွဲ့မှ ကိုဘိုဘိုမျိုးက ဧရာဝတီကို ပြောသည်။
ကိုဘိုဘိုမျိုးက “Save the Mandalay ဖြစ်ဖို့အတွက် ကမ်ပိန်းပုံစံမျိုး၊ အဖွဲ့တွေစုပေါင်းပြီး ညပိုင်းလုံခြုံရေးလှည့်ကင်း ပုံစံမျိုး လုပ်ဖို့တော့ လျာထားပါတယ်” ဟု ပြောသည်။
လွန်ခဲ့သည့်လပိုင်းစ၍ မန္တလေးမြို့တွင် ခပ်စိတ်စိတ်ပြန်လည်ဖြစ်ပွားလာသော လက်နက်ကိုင်ဆောင်ကာ လုယက်သည့် အမှုအခင်းများကြောင့် မြို့ခံပြည်သူအများသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။
ထို့အတွက် မြို့လုံခြုံရေးကိစ္စတွင် ပါဝင်လှုပ်ရှားလိုသော မြို့ခံပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ အဆိုပါမှုခင်းများ ပပျောက်ရေးအတွက် အစီအစဉ်ချမှတ်ဆောင်ရွက်ရန် ယနေ့မနက်က မန္တလေး လူထုစင်တာတွင် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းအစည်းအဝေးတွင် တက်ရောက်လာသူများက မြို့လုံခြုံရေးအတွက် မှုခင်းများ မကြာခဏဖြစ်ပွားလေ့ ရှိသည့် ရပ်ကွက်၊ မြို့နယ်တို့တွင် ညပိုင်းစုပေါင်းကင်းလှည့်ခြင်း၊ လုံခြုံရေးနှင့် ပတ်သတ်သည့် လှုပ်ရှားမှု ကမ်ပိန်းများ ဆောင်ရွက်ရန် လျာထားပြီး နောက်တကြိမ်အစည်း အဝေးတွင် တက်ရောက်လာသည့် အရပ် ဖက်အဖွဲ့အစည်းများ၏ ဘုံသဘောထား ဆန္ဒဖြစ်မည့် အစီအစဉ်မျိုးကို ချမှတ်ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ကိုဘိုဘိုမျိုးက ရှင်းပြသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်မှ ကိုအောင်မြတ်နိုင် က “အခုနောက်ပိုင်းမန္တလေးမှာ ည ၉ နာရီဆိုရင်ကို လမ်းပေါ်မှာ လူမရှိတော့လောက်အောင် တိတ်ဆိတ် နေတယ်။ ဒါမြို့ကိုအတော်ရုပ်ဆိုးလာစေတဲ့ သဘောပါပဲ။ ရဲကလဲ သူတို့စီမံချက်နဲ့သူတို့ ဆောင်ရွက်နေပေမဲ့ ထိရောက်မှုအားနည်းတာကို တွေ့ရတယ်။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ ပြည်သူမပါဝင်ဘဲ ဘယ်လိုမှ မအောင်မြင်တော့ဘူးလို့မြင်တယ်” ဟု ပြောသည်။
ကိုအောင်မြတ်နိုင်က ၎င်း၏ ရပ်ကွက်လုံခြုံရေးအတွက် လွန်ခဲ့သည့် သုံးလခန့်က စ၍ ရပ်ကွက် လုံခြုံရေး လူငယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ညပိုင်းတွင် လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်နေသည့်အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ခံ ကိုစန်းယုကျော် က “မြို့လုံခြုံရေးအတွက် ပြည်သူတွေ ပါဝင်ရမယ်ဆိုတဲ့ကိစ္စက ကောင်းပါ တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ ဆောင်ရွက်ဖို့ ပြည်သူတွေက အခွန်အခတွေပေးပြီး တာဝန်ပေးထား တဲ့ သက် ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းကလဲ တာဝန်ကျေသင့်တယ်လို့ မြင်တယ်။ ခုတော့ ညပိုင်းလုယက်မှုတွေ ပေါလာလို့ စိုးရိမ်ပြီး အပြင်မထွက်ဘဲ နေရတာ သဘာဝမကျသလို ကိုယ့်ကိုတိုင် အကျယ်ချုပ်ထားရတဲ့ ဘဝဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ ပြည်သူများ၏ စီးပွားရေးအခြေအနေ နိမ့်ကျမှုကြောင့်လည်းကောင်း၊ မူးယစ်ဆေးဝါး၏ သားကောင် ဖြစ်ခြင်းကြောင့် လည်းကောင်း ထိုသို့ ခိုးဆိုးလုယက်မှုများ ကျုးလွန်ကြရာ အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသာမက ပြသနာ၏ ဇစ်မြစ်ကိုပါ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။
မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ တာဝန်ရှိဌာနများ ကလည်း မြို့လုံခြုံရေးအတွက် သိမ်းဌက်စီမံချက်အမည်ရှိ ညပိုင်းတွင် မှုခင်းဖြစ်လေ့ရှိသည့်နေရာများတွင် လှည့်ကင်းများ ချထားဆောင်ရွက်ခြင်း၊ ညပိုင်းသွားလာသည့်ယာဉ်များ အတွင်း လက်နက်များ သယ်ဆောင် ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မန္တလေးတွင် လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွား