ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အဆင့် (၁) ၏ ဒုတိယ အစိတ်အပိုင်းဖြစ်သော ညောင်လေးပင်နှင့် ပဲခူးအကြားရှိ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ စီမံကိန်း အဆင့် ၁ တွင် ရန်ကုန်-တောင်ငူ လမ်းပိုင်း၊ ညောင်လေးပင် ပဲခူးလမ်းပိုင်း၊ ညောင်လေးပင် တောင်ငူ လမ်းပိုင်းဟု သုံးပိုင်းသတ်မှတ်ထားသည့်အနက် ညောင်လေးပင်-ပဲခူးအကြားရှိ မီးရထားလမ်းပိုင်းအတွက် ကန်ထရိုက်စာချုပ်ကို မြန်မာ့မီးရထားနှင့် ဂျပန် Tekken-RN JV ကုမ္ပဏီတို့က စက်တင်ဘာလ ၆ ရက်က နေပြည်တော် ဘူတာကြီးတွင် လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါ လမ်းပိုင်းစီမံကိန်းအတွက် စတင်လက်မှတ်ရေးထိုးရက်မှ ၂၈ ရက်တွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာနှင့် စီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ပြောသည်။
ဦးဘမြင့် က “ညောင်လေးပင်နဲ့ ပဲခူးကြားမှာရှိတဲ့ ရထားလမ်းပိုင်း၊ နောက် တံတားတွေ၊ ဆက်သွယ်ရေး အချက်ပြတွေ အဲဒါတွေ အားလုံး အဆင့်မြှင့်တင်မယ့်လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကြီးဟာ စုစုပေါင်း ၄ နှစ်နီးပါးလုပ်ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်း ပြီးရင် စီးတဲ့ ခရီးသည်တွေဟာာ ဒုန်းဒုန်းဒုန်းဆိုတဲ့အသံ လုံးဝမကြားရဘဲ တမြို့ကနေ တမြို့ သွားဖို့အတွက် ဆောင်ကျဉ်း ပေးမယ့် စီမံကိန်းတခုလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းကို ၁ နာရီ ကီလိုမီတာ ၁၀၀ ( ၆၂ မိုင်) အထိ အမြန်နှုန်းမြင့်တင် မောင်းနှင်နိုင်စေရန်နှင့် အခြေခံ အဆောက်အဦနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်မွမ်းမံခြင်း၊ အချိန်မှန်ကန်စေခြင်းတို့ အတွက် ရည်ရွယ်ကာ စီမံကိန်း အဆင့် (၁) အဖြစ် ရန်ကုန် – တောင်ငူလမ်းပိုင်း (၁၆၆မိုင်)၊ စီမံကိန်း အဆင့် (၂) အဖြစ် တောင်ငူ မန္တလေးလမ်းပိုင်း (၂၁၉ ဒသမ ၅ မိုင်) တို့ကို ဂျပန် ODA ချေးငွေဖြင့် အဆင့်မြှင့်တင် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။
ဦးဘမြင့်က “ခရီးသည်တွေဟာ စီမံကိန်းပြီးသွားတဲ့အခါ ရန်ကုန်-မန္တလေး လမ်းမှာ ၈ နာရီလောက်ပဲ သွားပြီး ငြိမ့်ငြိမ့် ညောင်းညောင်းနဲ့ လုံး၀ အသံမကြားရဘဲ ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားနိုင်အောင်လုပ်ပေးဖို့ ဒီနေ့ ကန်ထရိုက်လုပ်ငန်းကြီးကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။ တခြားလုပ်ငန်းတွေ စတင်နေတယ်ဆိုပေမယ့် လမ်းပြင်တယ် တံတားပြင်တဲ့လုပ်ငန်းက အခုမှစတာဖြစ်ပါတယ်”ဟု ပြောသည်။
မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း အဆင့် (၁) အတွက် ဂျပန်နိုင်ငံ၏ ODA ချေးငွေ ဂျပန်ယန်း ၉၁ ဒသမ ၂၉၁ ဘီလီယံနှင့် နိုင်ငံတော်ဘတ်ဂျက်မှ ဂျပန်ယန်း ၂၁ ဒသမ ၄၁၈ ဘီလီယံ ၊ စုစုပေါင်း ခန့်မှန်းကုန်ကျစားရိတ် ၁၁၂ ဒသမ ၇၀၉ ဘီလီယံဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၅ နှစ်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတွင် ဂျပန်ချေးငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ၊ ခေတ်မီအချက်ပြနှင့် ဆက်သွယ်ရေး စနစ်များတပ်ဆင်ခြင်း၊ ခေတ်မီ DEMU ရထားတွဲများ ဝယ်ယူခြင်း၊ ရထားတွဲပြုပြင်ရုံတည်ဆောက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံး Mould နှင့် FD clip ဝယ်ယူခြင်း၊ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း၊ စီမံကိန်းအတိုင်ပင်ခံ အဖွဲ့ငှားရမ်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ဘတ်ဂျက်မှ ကွန်ကရစ်ဇလီဖား ထုတ်လုပ်ခြင်း၊ လမ်းခင်းကျောက် ဝယ်ယူခြင်း၊ လမ်းပိုင်းတလျှောက် ခြံစည်းရိုးကာရံခြင်း၊ ၊ လိုအပ်သော အဆောက်အဦ ဆောက်လုပ်ခြင်းတို့ အတွက် ကျခံမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း ၈ ခုအတွက် တင်ဒါခေါ်ယူထားသည့်အနက် ရထားတွဲဆိုင်းဝယ်ယူခြင်းအပါအဝင် လုပ်ငန်းသုံးခု အတွက် ကန်ထရိုက်တာ ရွေးချယ်ပြီးဖြစ်ကြောင်းလည်း ဦးဘမြင့်က ပြောသည်။
“သံလမ်းပြေးကားတွေ ဝယ်ဖို့ရှိပါတယ်။ အဲဒါနဲ့ ပြေးပါမယ်။ တွဲရော စက်ခေါင်းရောပါတဲ့ အမျိုးအစားဖြစ်ပါတယ်။ အလွယ်တကူ ပြောရင် Rail Bus ပေါ့ဗျာ။ အသစ် ဝယ်ပါမယ်။ ဝယ်ဖို့ဟာကလည်း တင်ဒါထိုးပြီးသားပါ။ ရန်ကုန် တောင်ငူအတွက်ကို ၂၄ စီး တင်ဒါထိုးပြီးသား ဖြစ်ပါတယ်။ ရန်ကုန်မန္တလေးလမ်း Phase 2 မှာဆိုရင် တွဲနဲ့ စက်ခေါင်းတွဲရက် DMU ပေါင်း 180 ၊ စုစုပေါင်း ၂၀၄ စင်း ပြေးသွားမှာ ဖြစ်ပါတယ်” ဟု အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောသည်။
မီးရထားလမ်းအတွက် လိုအပ်သော အဆင့်မြင့်သံလမ်းကို ဂျပန်နိုင်ငံ နိပွန်းစတီးကုမ္ပဏီမှ ဝယ်ယူမည်ဖြစ်ပြီး သံလမ်းကို ယခင်ကဲ့သို့ အပြတ်အတောက်မရှိဘဲ တဆက်တစပ်တည်းဖြစ်စေအောင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
မီးရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအတွှွက် ချေးငွေများရယူရာတွင် စီမံကိန်းအဆင့်(၁)အတွက် ချေးငွေ ဂျပန်ယန်း ၂၀ ဘီလီယံ၊ စီမံကိန်း အဆင့်(၂) အတွက် ချေးငွေ ဂျပန်ယန်း ၂၅ ဘီလီယံရယူရေးအတွက် လွှတ်တော်မှ အတည်ပြုပြီးဖြစ်ကာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ချေးငွေအတွက် အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ဖြစ်ပြီး ပြန်ဆပ်ကာလမှာ ဆိုင်းငံ ၁၀ နှစ်အပါအဝင် နှစ် ၄၀ ဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်ခြင်းများ ပြလုပ်မည်