ရိုဟင်ဂျာခေါ် ဘင်္ဂလီများကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့မောင်းထုတ်သည်ဟူသော စွပ်စွဲချက်ကို ဖြစ်နိုင်ခြေရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် စစ်ဆေးစီရင်ပိုင်ခွင့်ရှိကြောင်း နိုင်ငံတကာရာဇဝတ်တရားရုံး ICC က စက်တင်ဘာလ ၆ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဖွဲ့ဝင်ဖြစ်နေပြီး ထိုသို့မောင်းထုတ်ခြင်းသည် နယ်စပ်ဖြတ်ကျော်သော သဘောသဘာဝရှိသောကြောင့် တရားစီရင်ခွင့် ရှိရန် လုံလောက်သည်ဟု ICC ကဖေါ်ပြသည်။
“ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည်ဟု စွပ်စွဲထားသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်သော မောင်းထုတ်မှုကို ဤတရားရုံးက စစ်ဆေး စီရင်ခွင့်ရှိသည်” ဟု တရားသူကြီး သုံးဦးပါဝင်သည့် အဖွဲ့က စာဖြင့်ရေးသားထားသော ၎င်းတို့၏ ဆုံးဖြတ်ချက် အကျဉ်းချုပ်တွင် ဖေါ်ပြထားသည်။ “အကြောင်းရင်းမှာ ရာဇဝတ်မှု၏ အစိတ်အပိုင်းတခုဖြစ်သော နယ်စပ်ဖြတ်ကျော်ခြင်းသည် အဖွဲ့ဝင်နိုင်ငံ (ဘင်္ဂလားဒေ့ရှ်) ၏ ပိုင်နက်တွင် ဖြစ်ပွားသောကြောင့်ဖြစ်သည်” ဟု ဖေါ်ပြထားသည်။
“ဤတရားရုံးသည် ညင်းပမ်းနှိပ်စက်ခြင်းဖြစ်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု နှင့်/သို့မဟုတ် အခြားသော လူမဆန်သည့် လုပ်ရပ်များ ကဲ့သို့သော သဘောတူစာချုပ် အပိုဒ် ၅ တွင်ဖေါ်ပြထားသော အခြားမည်သည့် ရာဇဝတ်မှုမဆိုနှင့််ပတ်သက်ပြီး ၎င်း၏ စီရင်ခွင့်ကို ကျင့်သုံးကောင်း ကျင့်သုံးမည်” ဟုလည်း တရားသူကြီးများက ဖေါ်ပြထားသည်။
စွပ်စွဲထားသော ပြစ်မှုများသည် အဖွဲ့ဝင်နိုင်ငံတခု၏ ပိုင်နက်တွင် အနည်းဆုံး တစိတ်တပိုင်းအားဖြင့် ဖြစ်ပွားခဲ့သောကြောင့် တရားရုံး၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်ခြင်းရှိမရှိ ICC တရားသူကြီးများကို ဘန်ဆူဒါက တရားဝင် ထင်မြင်ချက်တောင်းခံခဲ့သည်။ သည် ဟိဂ် အခြေစိုက် ထိုတရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် တရားစွဲရှေ့နေ ဖက်တူ ဘန်ဆိုဒါသည် ယခု အမှုတွင် စွဲချက်တင်ရန် လုံလောက်သော အထောက်အထား ရှိမရှိ စစ်ဆေးခြင်း မရှိသေးသော်လည်း ထိုသို့လုပ်ဆောင်ရန် လမ်းပွင့်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံကမူ “တရားစွဲရှေ့နေများကို ခုခံချေပရန် တာဝန်မရှိကြောင်း” အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးက လွန်ခဲ့သောလက ပြောကြားခဲ့ပြီး ထိုအမှုကို စီရင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခြင်းသည် “အနာဂတ်တွင် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများနှင့် ပတ်သက်သည့် တိုင်ကြားချက်များနှင့် လူပြိန်းကြိုက် အကြောင်းအရာများကို ဦးတည်လာစေနိုင်သည့် အန္တရာယ်ကြီးမားသော သာဓက ဖြစ်လာလိမ့်မည်” ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ICC တင်ရန် ကြိုးပမ်းမှုများက တည်ငြိမ်ရေးကို ထိခိုက်နိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြော