နိုင်ငံပိုင် မီဒီယာများ၏ စွမ်းဆောင်ရည် လိုအပ်ချက်များကြောင့် ရခိုင်အရေးတွင် တဖက်သတ် တိုက်ခိုက်ခံခဲ့ရပြီး ကမ္ဘာ့ မီဒီယာများကို မထိုးဖောက်နိုင်၊ ပြန်လည် မတုန့်ပြန်နိုင်ခြင်းသည် တိုင်းပြည်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတခု ဖြစ်ခဲ့ရကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြည်ထောင်စု လွှတ်တော်တွင် ဝန်ခံပြောကြားလိုက်သည်။
ဒေါက်တာ ဖေမြင့်က “ကမ္ဘာ့ မီဒီယာ ဆိုတာဟာ အင်မတန် ကြီးကျယ်ပါတယ်။ နိုင်ငံပိုင်မီဒီယာ သို့မဟုတ် မြန်မာ့ မီဒီယာသည် အင်အား သေးငယ်ပါတယ်။ အင်အားသေးငယ်ရခြင်း အကြောင်းအရင်းက နိုင်ငံပိုင် မီဒီယာသည် မူလဘူတ တည်ဆောက် လာကတည်းကိုက အစိုးရနဲ့ ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်”ဟု စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောသည်။
နိုင်ငံပိုင် မီဒီယာဖြင့် ကမ္ဘာကို ထိုးဖောက်နိုင်ရန် မီဒီယာဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ လူသားအရင်းအမြစ်များ ဖြည့်တင်းနိုင်ရန် လိုကြောင်း၊ ယင်းအတွက် ငွေကြေးနှင့် အချိန်ကာလပါ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ သို့သော် ယခု လက်ရှိ အခြေအနေတွင် နိုင်ငံပိုင် မီဒီယာများသည် ရခိုင်ဒေသ၏ ဖြစ်စဉ် အမှန်များကို နိုင်ငံတကာမှ သိရှိစေနိုင်ရန် ရှိသမျှ စွမ်းအားဖြင့် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးက ပြောသည်။
နိုင်ငံပိုင် မီဒီယာများသည် ကိုယ်တိုင် သတင်းလိုက်ခြင်း၊ သတင်းထုတ်လုပ်ခြင်းများကို ပြုလုပ်နေပါက ၎င်းတို့၏ အ ကျိုးစီးပွားကို ကာကွယ်ရန် စတင် စဉ်းစားခြင်းမျိုး ရှိ၍ ပြန်ကြားရေးသည် အစိုးရ၏ သတင်းထုတ်ပြန်ချက်ကိုသာ ထုတ်ပြန်ပေးသင့်ကြောင်း၊ ရခိုင်ဒေသသို့လည်း နိုင်ငံတကာ မီဒီယာများ၊ ပြည်တွင်း မီဒီယာများကို လွတ်လပ်စွာ သွားရောက်ခွင့် ပြုပါက အင်းဒင်ကိစ္စမျိုးကို ရှောင်နိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်သည်။
ဒေါက်တာ ဖေမြင့်က “နိုင်ငံတကာမှာက ကြိုတင်စဉ်းစားချက်တွေ ရှိတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့သူတွေရဲ့ ပြောပုံအရဆို လူတွေ အများကြီး သေတယ်လို့ ပြောထားတယ်။ သူတို့က ဒီလို ဖြစ်စဉ်မျိုးတွေ ရှာနေတဲ့ အခါကျတော့ အင်းဒင်လို့ ဟာမျိုးကို အလွယ်တကူ ရှာတွေ့သွားတယ်။ သူတို့ကတော့ ရသွားတယ်။ တကယ်တော့ အောက်ခြေမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့် ပေးထားမယ်ဆိုရင် ဒါမျိုး ဖြစ်ချင်မှ ဖြစ်မယ်”ဟု ပြောသည်။
ယခုလက်ရှိတွင် ရိုက်တာ သတင်းထောက် ၂ ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ် လိုက်သည့်အပေါ် လူ့အဖွဲ့အစည်းအတွင်း အမြင်ကွဲပြားမှုများ ရှိနေပြီး သတင်းထောက်များကမူ လက်မခံနိုင်ကြောင်း ရန်ကုန်၊ မန္တလေး၊ ပြည်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့တို့တွင် ဆန္ဒထုတ်ဖော်မှုများ၊ ဆုတောင်းပွဲများ ပြုလုပ်လျက်ရှိသည်။
ဒီမိုကရေစီကို အသွင်ကူးပြောင်းနေသည့် တိုင်းပြည်တခု အနေဖြင့် နိုင်ငံပိုင်မီဒီယာသည် ကမ္ဘာကို မထိုးဖောက်နိုင်ဘဲ ပြန်လည် ရှင်းလင်းနိုင်ရေး၊ အဖြေထွက်နိုင်ရေး အရည်အချင်း မရှိပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည့် နည်းလမ်း ရှာသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။
ဒေါ်အေးမြမြမျိုးက “နိုင်ငံပိုင် မီဒီယာတွေမှာ အဲလို အရည် အချင်း မရှိဘူးဆိုရင် ဘယ်လို လုပ်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာရမယ်။ ပုဂ္ဂလိကမှာလည်း ဒါမျိုး လုပ်နိုင်တဲ့ အနေအထားရှိအောင်လည်း ပံ့ပိုးမှုတွေ လုပ်ပေးရမယ်။ နိုင်ငံပိုင် မီဒီယာက နိုင်ငံ သားတွေအတွက်ပဲ ဝန်ဆောင်မှု ပေးမယ်ဆိုတဲ့ ဖြေရှင်းမှုမျိုးကတော့ မဖြစ်သင့်ပါဘူး”ဟု ပြောသည်။
ရခိုင်သတင်းများကို နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်ပေးနေသည့်အပြင် အစိုးရ အဖဲ့ွအစည်း ၂၂ ခု၊ ပြည်တွင်းအခြေပြု မြန်မာနိုင်ငံ ဆိုင်ရာ သံရုံး ၄၁ ရုံး၊ ပြည်တွင်း၊ ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ် ၁၃၇ စောင် စုစု ပေါင်း လိပ်စာ ၂၀၀ ထံသို့ အခမဲ့ အသုံးပြုနိုင်ကြောင်း ဖော်ပြပြီး အီးမေလ်းမှတဆင့် ပေးပို့နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် အရေး သိရှိနိုင်ရန် ပုဂ္ဂလိက မီဒီယာအဖွဲ့များကို ၂၀၁၆ ခုနှစ်ကစပြီး ဒီနေ့အထိ ၂၅ ကြိမ် စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ မောင်တောဖြစ်စဉ်များနှင့် ပက်သက်ပြီး စတင်ဖြစ်ပွားတဲ့ အချိန်မှစ၍ ယခုချိန်အထိ သတင်းစာရှင်းလင်းပွဲ စုစုပေါင်း ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က လွှတ်တော်တွင် ပြောသည်။
ဆက်လက်ဖတ်ရှုရန် – ဒီမိုကရေစီ ထွန်းကားလာပါက နိုင်ငံပိုင် သတင်းစာ ပျောက်ကွယ်နိုင်ဟု ပြန်ကြားရေး ဒု ဝန်ကြီး ပြော