ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသော နမ္မတူမြို့နယ်အတွင်းက တိုက်ပွဲရှောင်များ၏ စားဝတ်နေရေး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအနီးတွင် ယခုလ ၁ ရက်မှ ၄ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ယင်းဒေသရှိ ကျေးရွာ ၉ ရွာမှ ဒေသခံ ၂ ထောင်ကျော်သည် အိုးအိမ်များကို စွန့်၍ ထွက်ပြေးခဲ့ကြရပြီး နမ္မတူမြို့နယ်ထဲ က မန်လီ၊ ပန်သပြေ၊ မန်စံ၊ မိုင်းမု ကျေးရွာ အပါအဝင် သီပေါမြို့ရှိ ဘိုးတော်ကျောင်းများတွင် ခိုလှုံနေကြရသည်။
အဆိုပါ တိုက်ပွဲရှောင်များ အနက် မန်လီနှင့် ပန်သပြေရှိ တိုက်ပွဲရှောင်များသည် စာသင်ကျောင်းခန်းထဲမှာ အိပ်ကြရာတွင် အခင်းများပင် မရှိသည့်အတွက် အခက်အခဲများ ရှိကြောင်း တိုက်ပွဲဖြစ်သည့် နယ်မြေသို့ သွား ရောက် သတင်းယူသည့် DVB မှ သတင်းထောက် ခွန်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
“ကျောင်းတွေလည်း ပိတ်ထားရတယ်၊ ပြီးတော့ မြေနေရာကလည်း တော်တော် အခက်အခဲရှိတယ်။ ဘုန်းကြီး ကျောင်းမှာ ဖြစ်သလို နေတယ်၊ နောက်တခုက စာသင်ကျောင်းပေါ့။ မန်လီနဲ့ ပန်သပြေက အစိုးရ စာသင် ကျောင်း အခန်းထဲမှာ ဖြစ်သလို နေနေကြရတယ်။ ဘာမှ မရှိဘူး။ အခင်းတွေ ဘာတွေလည်း မရှိဘူး၊ ဒီတိုင်းဘဲ နေနေတယ်။ အဲထဲမှာ ဗိုက်ကြီးသည်တွေ ပါတယ်၊ ကလေးတွေလည်း ပါတယ်၊ သက်ကြီး ရွယ်အို တွေလည်း ပါတယ်။ အဲလို အနေအထားတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စားသောက်ရေးမှာ အဆင်ပြေနေသော်လည်း တိုက်ပွဲ ရှည်လာပါက လူဦးရေ ၂ ထောင်ကျော် သည့်အတွက် စားနပ်ရိက္ခာ လိုအပ်သည့် အခြေအနေများ ဖြစ်လာနိုင်သည်ဟုလည်း နမ္မတူမြို့နယ်က တိုက်ပွဲ ရှောင်များ ကူညီရေးကော်မတီမှ ဦးစိုင်းဘဉာဏ်က ပြောသည်။
ထို တိုက်ပွဲရှောင်များသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက လုပ်ကိုင် စားသောက်ကြရာ ယခု အချိန်သည် ပြောင်းဖူး ချိုးချိန်ဖြစ်သည့်အတွက် ၎င်းတို့ ပြောင်းဖူး မချိုးရခြင်းနှင့် ရောင်းချခြင်းများ မရှိပါက နောင်နှစ်တွင် စားဝတ်နေရေးနှင့် ကလေးငယ်များ ကျောင်းစရိတ်အတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟုလည်း ခွန်ဇော်ဦးက ပြောသည်။
“ဘာလို့ဆို ဒီပြောင်းက ထွက်လာတဲ့ဟာကိုဘဲ နောင်နှစ်စားဖို့ ဒီနှစ်မှာ စိုက်ပျိုးရှာဖွေရတာ အဲ့ဒီငွေတွေရမှ နောင်နှစ်မှာ သူတို့ စားဖို့ သောက်ဖို့ ဖူလုံမှာ၊ ကလေး ကျောင်းထား စရိတ်ရော။ ရွာက ကျွဲတွေ၊ နွားတွေကို ပြန်ပြန် ကျွေးမွေးနေရတော့ အဲဒါလည်း ဒုက္ခတခု ဖြစ်နေတယ်။ အကုန်ထားခဲ့ရတာကို။ အကုန် စိုက်ပျိုးရေးဘဲ အဓိက လုပ်စားကြတာ”ဟု ၎င်းက ပြောသည်။
တိုက်ပွဲရှောင်များကို ကူညီပေးနေသည့် နယ်စည်းမခြား ပရဟိတအဖွဲ့(သီပေါ)မှ ကိုမျိုးက “ဒုက္ခသည် တွေက တော့ လောလောဆယ် မပြန်သေးဘူး၊ မန်လီ၊ ပန်သပြေ၊ သီပေါ ဘိုးတော်ကျောင်းပေါ့နော်၊ အဲမှာ အခုထိ တော့ ရှိသေးတယ်၊ သူတို့တွေ အခြေအနေ နည်းနည်း တည်ငြိမ်မှဘဲ ပြန်မှာလေ”ဟု ပြောသည်။
နမ္မတူမြို့နယ်ထဲက မန်လီ၊ ပန်သပြေ၊ မန်စံ၊ မိုင်းမု ကျေးရွာ အပါအဝင် သီပေါမြို့က ဘိုးတော်ကျောင်းမှာ ခိုလှုံ နေကြရသော တိုက်ပွဲရှောင်များမှာ ပန်လုံ၊ ပန်ဟတ်၊ နားဟုတ်၊ နမ့်ဆီလင်း၊ ဆမ်ခါ၊ နားပုံ၊ ကောင်းဟုန်း၊ နောင်ငင်း၊ မန်မိန်း စသည့် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြသည်။
အဆိုပါ နေရပ်စွန့်ခွာ တိုက်ပွဲရှောင် ၂ ထောင်ကျော်သည် သီပေါမြို့ ဘိုးတော်ဘုရားကျောင်းမှာ ၃၀၀ ကျော် ရှိပြီး နမ္မတူမြို့နယ် မန်လီ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများမှာ ၄၅၂ ဦးရှိသလို ပန်သပြေ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းမှာ ၆၁၀ ဦးရှိကြောင်း၊ မန်စံနှင့်မိုင်းမု တိုက်ပွဲရှောင်စခန်းမှာ ၉၃၃ ဦးကြောင်း နမ္မတူမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့် ပရဟိတအဖွဲ့များက ဆိုသည်။
လက်ရှိတွင် TNLA နှင့် RCSS ကြား တိုက်ပွဲများ ပြန်လည် ငြိမ်သက်နေသော်လည်း ပန်လုံကျေးရွာ အပါအဝင် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာ TNLA စစ်ကြောင်း၊ RCSS စစ်ကြောင်းများ သွားလာ လှုပ်ရှား နေသည့်အတွက် စိတ်ချရသည့် အခြေအနေ မရှိသေးကြောင်း သိရသည်။
ပန်လုံရွာကို RCSS က ထိန်းချုပ်ထားကြောင်း၊ ပန်လုံရွာအတွင်းမှာ တိုက်ပွဲများ မရှိတော့သော်လည်း ပန်လုံရွာ အပြင်ဘက် အထက်ဘက်နှင့် အောက်ဘက်ပိုင်းမှာ ပစ်ခတ်သံများ ကြားနေရသေးကြောင်း တိုက်ပွဲဖြစ်ပွားရာ နယ်မြေထိ သွားရောက် သတင်းရယူသည့် DVB သတင်းထောက် ခွန်ဇော်ဦးက ဆိုသည်။
ခွန်ဇော်ဦး က “လောလောမှာတော့ ပန်လုံထဲကို သွားတဲ့နေ့ကတော့ မဖြစ်တော့ဘူး။ ပန်လုံရွာအပြင်ဘက် ရွာရဲ့ အောက် ဘက် ရော ၊ အထက်ဘက်ရော ပစ်သံတွေတော့ ကြားရတယ်လို့ ရွာသားတွေက ပြောတယ်။ စစ်ကြောင်းတွေ ကတော့ ကိုယ်တို့ သွားတဲ့အချိန်မှာ RCSS စစ်ကြောင်းတွေ သွားနေတာပေါ့။ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဘက်ကို TNLA က ဆုတ်သွားတယ်လို့ ပြောတယ်။ စစ်ရေး တင်းမာနေတုန်းဘဲ အကုန်လုံး စစ်ကြောင်း တွေက လှုပ်ရှားနေတယ်။ ထိပ်တိုက်တွေ့ရင် ချကျမှာဘဲ” ဟု ပြောသည်။
TNLA နှင့် RCSS သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကနေ စတင်၍ နယ်မြေ အငြင်းပွားမှုဖြစ်ပြီး မကြာခဏ တိုက်ပွဲ များ ဖြစ်ပွားလာခဲ့သည်မှာ ယခုနှစ်အထိပင် ဖြစ်သည်။
တိုက်ပွဲများ ရပ်တန့်နိုင်ရေး နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရန် မူဝါဒများ ချမှတ်ထားရာ ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလက တစုံတရာ အဖြေမထွက်သော တွေ့ဆုံမှုပြီးနောက်ပိုင်း ယနေ့ထိ တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။
ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA ) တို့ TNLA နှင့် RCSS ကြား ဖြစ်ပွားနေသော တိုက်ပွဲများ အဆုံးသတ်ရေး ကြားဝင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် ပေးခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ ယနေ့ထိ တိုက်ပွဲများ မကြာခဏ ဆက်လက် ဖြစ်ပွားနေကြောင်း သိရ သည်။
တိုက်ပွဲများ ရပ်တန့်ရေးနှင့် လက်နက်ကိုင်အဖွဲ့ အသီးသီးမှ ခေါင်းဆောင်များ တပြိုင်တည်း တွေ့ဆုံ ညှိနှိုင်း အဖြေရှာခြင်း နည်းဖြင့် အစိုးရမှ ဆောင်ရွက်ပေးရန် အရေးကြီးအဆိုကို လွှတ်တော်သို့ ၂၀၁၈ ခုနှစ်၊ စက် တင်ဘာ ၃ ရက်က နမ္မတူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက တင်ခဲ့ရာမှာ လွှတ်တော်က ပယ်ချခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – နမ္မတူ တိုက်ပွဲရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာလိုအပ်နေ