သတင်း

တပ်မတော်ကို အသရေဖျက်မှု မြစ်ကြီးနားတွင် စတင်ကြားနာ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော ကချင် အရပ်သား ၃ ဦးကို စက်တင်ဘာလ ၆ ရက် နေ့တွင် မြစ်ကြီးနား တရားရုံး၌ စတင် စစ်ဆေးကြားနာသည်။

မေလ ၈ ရက်နေ့တွင် တပ်မတော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ကချင်အရပ်သား ၃ ဦး ဖြစ်သည့် လွမ်းဇောင်း(Lum Zawng) အသက်၂၉ နှစ်၊ ဇော်ဂျတ် (Zau Jat) အသက် ၄၁ နှစ်နှင့် နန်ပူ (Nang Pu) အသက် ၄၇ နှစ်တို့ကို ဧပြီလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခု၌ ပြောဆိုချက်များ နှင့် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ပွဲတခု၌ ပါဝင်ခဲ့ခြင်းတို့အတွက် အသရေဖျက်မှုပုဒ်မ ၅၀၀ အရ တရားစွဲဆိုခဲ့သည်။

သူတို့ကို စက်တင်ဘာလ ၃ ရက်နေ့တွင် စွဲချက်တင်ခဲ့သည်။ တရားလိုပြ သက်သေများကို ၃ လကျော်ကြာ ပြန်လှန်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အမှုကို စွဲချက်တင်ရန် တရားသူကြီးက ယခုအပတ်အတွင်းတွင် လက်ခံခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၁၁ ရက်နေ့က အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက် ကချင်ပြည်နယ် တနိုင်း၊ အင်ဂျင်းယန်၊ မိုးကောင်းနှင့် ဖားကန့်မြို့များမှ ပြည်သူ ၆၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက် ပြေးခဲ့ကြရသည်။ တနိုင်းမြို့နယ်ရှိ သူတို့နေအိမ်များကို စွန့်ခွာထွက်ပြေးလာသူ စစ်ရှောင် ဒုက္ခသည်များမှာ တပ်မတော်က သူတို့ကို တနိုင်းမြို့ပေါ်သို့သွားခွင့်မပြုခဲ့သဖြင့် တိုက်ပွဲတွင်းတွင် ပိတ်မိနေခဲ့ကြသည်။ တိုက်ပွဲကြောင့် ပိတ်မိနေသည့် အရပ်သားများကို ကယ်ဆယ်ရေးအတွက် ကူညီရန် အစိုးရနှင့် တပ်မတော်ကို ကချင်လူငယ်များက ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

တရားရုံးက တရားခံအဖြစ်စွပ်စွဲခံရသူ ၃ ဦးကို စက်တင်ဘာလ ၆ ရက်နေ့က ကြားနာ စစ်ဆေးခဲ့သည်ဟု နန်ပူ၏ ရှေ့နေဖြစ်သည့် ဒေါ်ဒွဲဘူက ဧရာဝတီသို့ပြောသည်။ တရားခံပြသက်သေများကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ဆေးကြား နာမည် ဖြစ်သည်ဟုလည်း သိရသည်။ တရားခံပြသက်သေ ၂၀ ဦးကျော် ခေါ်ယူထားသည်ဟု သိရသည်။

နန်ပူ သည် ထွယ်ဂျန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ၏ ဒါရိုက်တာဖြစ်သည်။ ဇော်ဂျတ်က Kachin National Social Development Association ၏ ဥက္ကဌ ဖြစ်ပြီး လွမ်းဇောင်းက ရှေ့နေတဦးဖြစ်သည်။ မေလကလည်း လွမ်းဇောင်းနှင့် အခြား လူငယ်ခေါင်းဆောင် တဦးတို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ကို ချိုးဖောက်မှုဖြင့် ဒဏ်ငွေ ကျပ် ၃၀၀၀၀ စီ ပေးဆောင်ခဲ့ရသေးသည်။

“ကျမတို့က တရားလိုနဲ့ ပုဂ္ဂိုလ်ရေး ဘာမှပြဿနာ ရှိထားတာလည်း မဟုတ်ဘူး။ ကျမရဲ့ အမှုသည်နဲ့ တခြားတရားခံတွေက တပ်မတော်ကို အသရေပျက်အောင် လုပ်တာလည်း မဟုတ်ပါဘူး။ ပြည်သူတွေပြောတဲ့အတိုင်း သတင်းစာရှင်းပွဲမှာ ပြောမိလို့ သူတို့အကြည်ညိုပျက်စေတယ် ပြောတယ်။ တရားလိုဘက်ကလည်း အောက်ခြေမှာ ဘာဖြစ်နေလဲ သူမသိပါဘူး ပြောတယ်။ ကျမတို့ဘက်ကတော့ အောက်ခြေမှာ ဖြစ်တဲ့ ကိစ္စရပ်တွေ အားလုံးကို တင်ပြသွားတယ်” ဟု ဒေါ်ဒွဲဘူက ပြောသည်။

သူတို့၏ လုပ်ရပ်က ပိတ်မိနေသည့် အရပ်သား စစ်ရှောင်ဒုက္ခသည်များကို ကယ်ဆယ်ရေးအတွက်သာ ရည်ရွယ်ခြင်း ဖြစ် ကြောင်း ၎င်းတို့အားလုံးက ပြောကြသည်။ ဆန္ဒပြစဉ် အတွင်း ဒေသခံ ကချင်တိုင်းရင်းသား ၃၀၀၀ ကျော်က တပ်မတော်နှင့် KIA ကြား ဖြစ်ပေါ်နေဆဲ တိုက်ပွဲများကို ဆန့်ကျင်သည့် အနေဖြင့် ချီတက်ခဲ့ကြသည်။

အသရေဖျက်မှုက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် အထိ နှင့် ဒဏ်ငွေ ကျခံရနိုင်သော်လည်း အမှုစစ်ဆေးနေစဉ်အတွင်း အာမခံပေးသည်။

တရားခံအဖြစ် စွပ်စွဲခံရသူများဖက်က အကောင်းဆုံးကို မျှော်လင့်ထားကြောင်း သို့သော်လည်း အဆိုးဆုံး အခြေအနေကိုလည်း ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ရှေ့နေ ဒေါ်ဒွဲဘူကပြောသည်။

စစ်ဆေးကြားနာမှုလုပ်ငန်းစဉ်က ပိုမို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သူ၏ အမှုသည်များက အထက် ပြည်နယ်တရားလွှတ်တော်ရုံးမှ အကူ အညီ ရယူမည် မဟုတ်ကြောင်း ဒေါ်ဒွဲဘူက ပြောသည်။ တပ်မတော်က တရားစွဲဆိုခဲ့ပြီးနောက် အခြားတရားခံအဖြစ် စွပ်စွဲခံရသူများ၏ ရှေ့နေများက ကချင်ပြည်နယ် တရားလွှတ်တော်ရုံးသို့ အယူခံတင်သွင်းခဲ့ရာ အထက်ရုံးက လက်ခံလိုက်ပြီး အချိန်ကြာသွားသည့်အတွက် ကြားနာ စစ်ဆေးမှုနှောင့်နှေးသွားရသည့်အတွက် ဖြစ်သည်ဟု သူကပြောသည်။

ဆက်စပ်ဖတ်ရှုရန်ကချင်လူငယ်များ ဆန္ဒပြခြင်းကို ဥပဒေနှင့်မညီ၍ တားမြစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးဆို

Did you find apk for android? You can find new Free Android Games and apps.
Loading