လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပိုင်သတင်းစာများ ကျပ် ၁.၁၅၈ ဘီလီယံ အရှုံးဖြစ်နိုင်သည်ဟု တွက်ချက်ရခြင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းနှင့် ကြော်ငြာဝင်ငွေလျော့နည်းလာခြင်း တို့ကြောင့် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောကြားလိုက်သည်။
လွှတ်တော်ကိုယ်စားလှယ်များ မေးထားသည့်မေးခွန်းများကို ကြာသပတေးနေ့က လွှတ်တော်တွင် ပြန်လည်ဖြေကြားရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်ကြမ်းဝယ်ယူရာတွင် အသုံးပြုသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာခြင်း ကုန်ကြမ်းဈေးနှုန်းများ တိုးမြှင့်လာခြင်း၊ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အွန်လိုင်းအသုံးပြုမှုများပြားလာပီး ပုံနှိပ်မီဒီယာမှာ ကြော်ငြာ ထည့်သွင်းမှုလျောနည်းလာခြင်းတို့အတွက် ယခင်နှစ်များကထက် ကြော်ငြာဝင်ငွေ လျော့နည်းလာခြင်းတို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းတွက်ချက်တင်ပြရာတွင်ကျပ် ၁.၁၅၈ ဘီလီယံ အရှုံးဖြစ်ပေါ်နိုင်သည်ဟု တင်ပြရကြောင်း ဖြေကြားသည်။
“ဒါပေမယ့် နိုင်ငံပိုင်လုပ်ငန်းတခုအနေနဲ့ တတ်နိုင်သမျှ အရှုံးနည်းအောင် နည်းလမ်းများ ရှာဖွေပီး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးဦးဖေမြင့်က ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ခန့်မှန်းခြေ အရှုံးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံပိုင် သတင်းစာများဖြစ်သည့် ကြေးမုံ၊ မြန်မာ့အလင်း နှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Global New Light of Myanmar ကို ပုဂ္ဂလိက ကုမ္ပဏီ တခုနှင့် ဖက်စပ် ထုတ်ဝေနေသည်။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံတော်၏အရင်းအမြင်းဖြစ်သည့် အဆောက်အအုံတွေ၊ မြေနေရာတွေသုံးထားပြီး ဝန်ထမ်းတွေကို နိုင်ငံတော်ဘတ်ဂျက်နဲ့ ခန့်ထားပေးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက စက်တင်ဘာလ ၅ ရက်နေ့က လွှတ်တော်အစည်းအဝေးတွင် ထောက်ပြ၍ အရှုံးဖြစ်ရခြင်းကို မေးခွန်းထုတ်ခဲ့သည်။ ထို့အပြင် နိုင်ငံပိုင်မီဒီယာသည် စောင်ရေအရ ဈေးကွက်ကို လွှမ်းမိုးထားပြီး ကြော်ငြာအများအပြား ရနေကြောင်းလည်း သူပြောသည်။
ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ၂၀၁၇-၁၈ဘဏ္ဍာနှစ်မှစ၍ ဝန်ထမ်းများရဲ့ လစာငွေနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာငွေများကို နိုင်ငံတော်ဘတ်ဂျက်က တောင်းခံခြင်းမပြုဘဲ ဌာန၏ ရန်ပုံငွေ Other Account စာရင်းမှ ကျခံသုံးစွဲလျက်ရှိသည်ဟု စက်တင်ဘာလ ၆ရက်နေ့တွင် ပြန်လည်ဖြေကြားခဲ့သည်။
“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင်သတင်းစာများကို ရောင်းချရာမှာ ငွေကြေးအမြတ်အစွန်းရရှိရေးထက် ပြည်သူလူထုထံ သတင်းစာများ ဈေးနှုန်းချိုသာစွာနဲ့ ရောက်ရှိရေး၊ အများပြည်သူတို့ သတင်းအချက်အလက်များ ပြည့်ဝစွာ ရရှိရေးတို့ကို အလေးထားပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ စာမျက်နှာ ၃၂ မျက်နှာပါ သတင်းစာ တစောင်၏ထုတ်လုပ်မှုတန်ဖိုးမှာ တစောင်လျှင် ၁၁၅ ကျပ်ကျသော်လည်း ၅၀ ကျပ်ဖြင့်သာ ဈေးနှုန်းချ ရောင်းချနေသည် ဟု ဥပမာပေးသည်။
ထိုသို့ ရောင်းချနေသော်လည်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေနှင့် ၂၀၁၁-၂၀၁၂ မှ ၂၀၁၈ ခုနှစ် ပထမ ခြောက်လစာရင်းများအရ ယနေ့အထိ အရှုံးဖြစ်ပေါ်ခဲ့ခြင်းမျိုးမရှိဟု ဆိုသည်။
လာမည့် ဘဏ္ဍာရေးနှစ် ခန့်မှန်း အရှုံးအတွက် ဝန်ကြီးဌာနမှ ကျေးလက်ဒေသများသို့ သတင်းစာရောက်ရှိရေးအပါအဝင် စောင်ရေတိုးမြှင့်ရေးဆောင်ရွက်ခြင်း၊ အသုံးစရိတ်များ အတတ်နိုင်ဆုံး လျော့နိုင်သမျှလျော့ရန် ဆောင်ရွက်ခြင်းနှင့် ကြော်ငြာဝင်ငွေ အတိုင်းအတာတခုအထိ တိုးတက်ရရှိရေး ဆောင်ရွက်ပြီး အရှုံးနည်းစေရန် ဆောင်ရွက်သွားမည်ဟု ဦးဖေမြင့်ကပြောသည်။
၂၀၁၈ ခုနှစ် အခွန်ကောက်ဥပဒေအရ လျှော့ချပေးခဲ့သည့် အခွန်သက်သာခွင့် အချို့ ရရှိမှဖြစ်သည့်အတွက်လည်း မူလခန့်မှန်းသည်ထက် အရှုံးပမာဏ များစွာကျဆင်းသွားဖို့ရှိသည် ဟု ဆိုသည်။
သို့သော် စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်၏ နိုင်ငံပိုင်သတင်းစာများအားလုံးကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် တောင်းဆိုသည်ကိုမူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် ဒုဥက္ကဌ လုပ်ခဲ့ဖူးသည့် စာရေးဆရာနှင့် သတင်စားဆရာဟောင်း ဦးဖေမြင့်က လက်မခံပေ။
စီးပွားရေးလုပ်ငန်းတွေနဲ့ အသင်းအဖွဲ့များ အနေနှင့် မိမိ၏ လုပ်ငန်းထိရောက်အောင်မြင်ရန် သတင်းစာ ဂျာနယ် မီဒီယာများကို အသုံးပြုသကဲ့သို့ နိုင်ငံတော်အစိုးရအနေနှင့်လည်း မိမိရဲ့လုပ်ဆောင်မှု အရပ်ရပ်ကို ပြည်သူလူထုထံ အစီရင်ခံတင်ပြရန် တာဝန်ရှိသည်ဟု ဦးဖေမြင့်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောသည်။
“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူကို သတင်းအချက်အလက်ပေးဖို့နဲ့ အသိပညာတိုးပွားအောင် အထောက်အကူပြုဖို့ တာဝန်များလည်း ရှိတဲ့အတွက် ဒီတာဝန်များကို ထမ်းဆောင်ရမှာ အသုံးဝင်တန်ဖိုးရှိတဲ့ သတင်းစာများကလည်း မီဒီယာပစ္စည်းတခုအနေနဲ လိုအပ်နေတာ ဖြစ်ပါကြောင်း တင်ပြပါရစေ” ဟု ပြောသည်။
နိုင်ငံပိုင်မီဒီယာ ရှိသင့် မရှိသင့်သည်ပင် အငြင်းပွားနေကြသည့်အချိန်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းတခုအနေဖြင့် ကုန်ကြမ်းစရိတ် မြင့်တက်ခြင်းနှင့် ကြော်ငြာဝင်ငွေ လျော့ခြင်းတို့ကြောင့် သန်းထောင်ချီ ရှုံးမည်ဟု အကြောင်းပြခြင်းမှာ မလုံလောက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ထိုလုပ်ငန်းမှ ဘတ်ဂျက်သုံးစွဲမှုနှင့် မည်သို့ စီမံခန့်ခွဲခြင်းများကို စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဆက်လက် လေ့လာသွားမည်ဟုလည်း ဒေါ်အေးမြမြမျိုးက ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – နိုင်ငံပိုင်မီဒီယာဖြင့် ကမ္ဘာကို မထိုးဖောက်နိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဝန်ခံ