မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအုပ်စုရှိ ဇီးပင်ကြီးအထက်တန်းကျောင်းတွင် စက်တင်ဘာ လ ၇ ရက်နေ့ နံနက်ပိုင်းက စာသင်ဆောင်အခန်းတခု၏ မျက်နှာကျက်ပြိုကျမှုဖြစ်ပွားခဲ့ရာ အတန်းထဲရှိ ကျောင်းသား ၇ ဦးနှင့် ကျောင်းဆရာမတဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက “ထိခိုက်ဒဏ်ရာရမှု အနေနဲ့ ကတော့ ကြီးကြီးမားမားမရှိပါဘူး။ ပွန်းပဲ့ဒဏ်ရာရတာလောက်ပဲ ရှိခဲ့တာပါ။ အခုညနေပိုင်းမှာ ၆ဦးပြန်ဆင်းလာပါပြီ။ ၂ ဦးကတော့ ခေါင်းနည်းနည်း ထိတာမို့ ဆေးရုံမှာ ၂၄ နာရီစောင့်ကြည့်မယ်ဆိုတာကြောင့် ကျန်နေတာပါ။ သူတို့လည်း စိုးရိမ်စရာအခြေအနေတော့ မဟုတ်တော့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြိုကျသွားသည့် စာသင်ခန်းမှာ အဋ္ဌမတန်း (B) ခန်းဖြစ်ပြီး စာသင်နေစဉ် မျက်နှာကျက်ပြိုကျခြင်းဖြစ်ပြီး ဒဏ်ရာ ရရှိသူများကို ဇီးပင်ကြီး ကုတင် ၅၀ ဆံ့ဆေးရုံသို့ ပို့၍ကုသခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဦးအာကာလင်း က “အဲဒီအဆောင်က ဆောက်လုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ရှိနေပြီဆိုတော့ အတွင်းမှာရှိနေတဲ့ သစ်တွေက ဆွေးနေတော့ ပြိုကျခဲ့ရတဲ့ အနေအထားပါ။ အင်ဂျင်နီယာတွေကတော့ အမိုးသံချက်တွေ ကနေ မိုးရေစိမ့်ဝင်ပြီး မျက်နှာကျက်တွေရေထိထားရာက သစ်တွေကလည်း ခြကိုက် ရေထိတဲ့ဒဏ်ကြောင့် ဆွေးမြေ့ပြီးပြိုကျရတယ်လို့ သုံးသပ်ပေးပါတယ်” ဟု ပြောသည်။
ပြိုကျ ပျက်စီးခဲ့သော အခန်းမှ မျက်နှာကျက်များအပြင် ကျောင်းဆောင်းအတွင်းရှိ အခြားအခန်းများမှ မျက်နှာကျက်များကိုလည်း ဖြိုချပြီး အသစ်ပြန်လည် ပြင်ဆင်မှုများပြုလုပ်သွားမည်ဟုလည်း ၎င်းက ပြောသည်။
မျက်နှာကျက်ပြိုကျခဲ့သည့် စာသင်ဆောင်ကို ၁၉၉၇ ခုနှစ်က ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် အစိုးရမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ တိုင်းဒေသကြီး ပညာရေးမှူး၊ မြို့နယ် ဆရာဝန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အင်ဂျင်နီယာ လွှတ်တော်ကိုယ်စားလှယ်များ လာရောက်ကြည့်ရှု စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီးယခုဖြစ်စဉ်အပေါ် တစုံတရာ အရေးယူမှု ပြုလုပ်သွားမည်မဟုတ်ဟု သိရသည်။