ရခိုင်အရေး စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် ရိုက်တာ သတင်းထောက် ၂ ဦးကို တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ် လိုက်သဖြင့် အစိုးရတွင် နိုင်ငံတကာဖိအားများ ပိုမိုများပြားလာကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတခုတွင် ပြောသည်။
ဦးဇော်ဌေးက “မြန်မာနိုင်ငံအတွက် Pressure တွေ အရမ်းများတယ်။ ဒီလို အချိန်အခါမျိုးမှာ တရားရုံးက ဆုံးဖြတ် လိုက်တယ် ဆိုတာက တရားရုံးက သူ့ဟာသူ ဒီဟာတွေနဲ့ ပတ်သက်ပြီး တရားရုံးက မသိဘူး။ တရားရုံးရဲ့ Process အတိုင်း သူ့ဟာသူ ဆုံးဖြတ်တာ” ဟု ပြောသည်။
ထို့ကြောင့် နိုင်ငံတကာ ဖိအားများ ပိုများလာနိုင်သည်ကိုလည်း တရားရုံးက မသိသလို စိတ်လည်း မဝင်စားကြောင်း၊ ယခု ဖြစ်စဉ်ကို ကြည့်၍ အစိုးရက တရားရုံးသို့ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိသည်မှာ ပေါ်လွင်ကြောင်း သမ္မတရုံးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းနေချိန်ဖြစ်၍ နောက်ပိုင်းတွင် မီဒီယာ လွတ်လပ်လာမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင်မှု Freedom of Expression နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
“အသွင်ကူးပြောင်းမှု အဆင့်ရောက်ရင် အခွင့်အရေးတွေ ပိုရလာတာ ရှိမယ်။ နောက်ဆုံး ခိုင်မာတဲ့ အဆင့်ရောက်ရင်တော့ မီဒီယာတွေကို အကာအကွယ်ပေးတဲ့ အဆင့်ရောက်သွားမယ်။
၂ ဖက် စလုံးက အသွင်ကူးပြောင်းနေရတယ်။ ဒါကတော့ ကြားကာလမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုလို့ ယူဆပြီးတော့ ပူးပေါင်းဆောင်ရွက်မှ ရမယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။
ထို့ပြင် လူထုကြားတွင်း ပြောဆိုနေကြသည့် ဂျပန်သတင်းဌာန NHK နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ အင်တာဗျူးကြောင့် တရားရုံးကို ဖိအားပေးခြင်းမျိုး ဖြစ်စေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ အစိုးရက တရားရုံးသို့ ရောက်ရှိနေသည့် မည်သည့် ကိစ္စမဆို ပါဝင်ပတ်သက်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
“ကျနော်ပြောတာက ဒါတရားရုံးရဲ့ စီရင် ဆုံးဖြတ်ပိုင်ခွင့်ပါ။ တရားရုံးကို မထီမဲ့မြင် ပြုလုပ်မရဘူး။ အုပ်ချုပ်ရေး အဖွဲ့အစည်း ဖြစ်တဲ့အတွက် စီရင်ချက်အပေါ်မှာလည်း ကျနော်တို့ ဘာမှ မှတ်ချက် မပေးလိုဘူး”ဟု အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
မကြာမီ ကျင်းပရန် ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စကို အတည်မပြုခဲ့ပေ။