ပဲခူးတိုင်းဒေသကြီး ပြည်သစ်ထုတ်လုပ်ရေးဒေသမှ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်တွင်း သစ်မာတန်ချိန် ၅ ထောင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြန်မာသစ်လုပ်ငန်း ပြည်သစ်ထုတ်ရေးဒေသ လက်ထောက် အထွေထွေမန်နေဂျာ ဦးတင်မင်းဦးထံမှ သိရသည်။
ပန်းတောင်းမြို့နယ်အပိုင် ရခိုင်ရိုးမပေါ်ရှိ သစ်မာတန် ၅ ထောင်ထုတ်ယူသွားမှာဖြစ်ပြီး တန် ၂ ထောင်ကို ပြည်ပသို့ရောင်းချရန်နှင့် တန် ၃ ထောင်မှာ ပြည်တွင်းအရောင်းစက်များမှ ရောင်းချသွားရန်ဖြစ်ကြောင်း သိရသည်။
ဦးတင်မင်းဦး က “ပဲခူးရိုးမက သစ်ထုတ်မှုကို ဆယ်နှစ်ရပ်ဆိုင်းထားတယ်။ အခုဟာကတော့ ရခိုင်ရိုးမ ပန်းတောင်းမြို့နယ် ဘူးရိုးကြိုးဝိုင်း ထဲကနေ ထုတ်လုပ်သွားမှာ ဖြစ်တယ်။ သစ်မာအုပ်စုတွေပါမယ် ကျွန်းမပါဘူး ဒီနှစ်မှာ သစ်မာတန် ငါးထောင်ထုတ်မယ်။ ကျနော်တို့ ရာထားချက် သတ်မှတ်ထားတာရှိပါတယ်”ဟု ပြောသည်။
ထုတ်လုပ်မည့် သစ်မာ အမျိုးအစားများမှာ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း နှင့်အခြားသော သစ်မာအမျိုးအစားပေါင်းစုံကို ထုတ်လုပ် သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုကို သက်သာစေသော နည်းစနစ်များ အသုံပြု၍ သစ်ထုတ်လုပ်ရေးဋ္ဌာန၏ ထုတ်ပြန်ချက်များ ဥပဒေများအတိုင်း တိတိကျကျ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
သစ်ထုတ်မည့်ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၇ ရက်နေ့က ပြည်မြို့ရှိ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီနှင့် သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းအများအား ဖိတ်ကြားကာ သစ်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရန် စနစ်တကျ ထုတ်လုပ်မည့်အကြောင်း ရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုခဲ့သည်။
ရှင်းလင်းပွဲတက်ရောက်ခဲ့သူ အစိမ်းရောင်မျိုးဆက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် ဦးနေဦးမှ “သစ်ထုတ်တော့မယ်ဆိုရင် ထုတ်မယ့်နေရာမှာရှိတဲ့ ဒေသက လူထုသိဖို့လိုတယ်။ သိကိုသိရမယ်။ အသိပညာပေးနိုင်မှ အဆင်ပြေမယ်။ ဒီမှာတော့ သစ်ထုတ်တော့မယ် ဘာတွေတော့ လုပ်လို့ရတယ် ဘာတွေကိုတော့ တားမြစ်ထားတယ်ဆိုတော့ ဒေသလူထုက သိထားမှအဆင်ပြေမယ်” ဟု ပြောသည်။
ပဲခူးရိုးမအား သစ်တောပြုန်းတီးမှု များပြားနေသောကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်၍ သစ်ထုတ်လုပ်ခွင့် ၁၀ နှစ် ရပ်ဆိုင်းထား၍ ပြည်သစ်ထုတ်ရေးမှ ရခိုင်ရိုးမမှ သစ်များကို ထုတ်လုပ်ရောင်းချနေရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကလည်း ရခိုင်းရိုးမမှ သစ်မာတန်ချိန် ငါးထောင်ထုပ်လုပ်ခဲ့ပြီး ယင်းနေရာများတွင် သဘာဝတန်ဖိုးမြင့်စိုက်ခင်းများ ပြန်လည်စိုက်ပျိုးခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း ယခုနှစ်တွင်လည်း သတ်မှတ်ထားသည့် တန် ၅ ထောင် သစ်ထုတ်ပြီးပါက အလားတူ လုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။