မျိုးသုဉ်းမည့် အန္တရာယ် ရင်ဆိုင်နေရသည့် ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်း ကာကွယ်ရေး အတွက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အတွင်း ဧရာဝတီ မြစ်ကြောင်းရှိ ၁၁၈ ဒသမ ၅ ကီလိုမီတာကို ထိန်းသိမ်းရေး နယ်မြေ အဖြစ် တိုးချဲ့ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကသာမြို့နယ်၊ ထုံးရဲကျေးရွာမှ ထီးချိုင့်မြို့နယ်၊မောင်းကုန်းကျေရွာအထိ (၉၀.၅ ကီလို မီတာ) နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ တူးချောင်းရွာမှ သပြေလှ ကျေးရွာအထိ (၁၈ ကီလိုမီတာ) ထိန်းသိမ်း နယ် မြေ အတွင်း ပါဝင်လျက်ရှိကြောင်း သက်ဆိုင်ရာ အစိုးရအဖွဲ့များက သြဂုတ် ၂၈ ရက်စွဲဖြင့် အသီးသီးကြေညာခဲ့သည်။
ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းက“လင်းပိုင်တွေ မျိုးသုဉ်းစေမယ့် အခြေ အနေ တွေ ရှိနေလို့ ဧရိယာတွေ တိုးချဲ့ထိန်းသိမ်းဖို့ လိုအပ်တာကို လုပ်ဆောင်တာပါ၊ နောက်ထပ်လည်း တိုးချဲ့စရာ အကြောင်းတွေ ရှိပါတယ်”ဟု ပြောသည်။
ဧရာဝတီ လင်းပိုင်များသည် ဧရာဝတီမြစ်ကြောင်း တလျှောက် မန္တလေးမြို့မှ ကချင်ပြည်နယ် ဗန်းမော်အထိ ကီလို မီတာ ၄၀၀ ခန့်ကြား နေရာအပိုင်း ၃ ခုတွင် ကျင်လည် ကျက်စားလျက် ရှိရာ ၂၀၀၅ ခုနှစ်တွင် ပထမဆုံး ထိန်းသိမ်း ရေး နယ်မြေ ဧရိယာအဖြစ် မန္တလေးမြို့ မင်းကွန်းမှ ကျောက်မြောင်း အထိ ၇၂ ကီလိုမီတာအား သတ်မှတ် ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်သည်။
သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS Myanmar)နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ၂၀၁၈ ခုနှစ် အတွင်း ပူးပေါင်း လုပ် ဆောင် ခဲ့သည့် အချက်အလက်များအရ ဧရာဝတီ လင်းပိုင်ကောင်ရေ ၇၆ ကောင် ရှင်သန် ကျက်စားလျက်ရှိပြီး မန္တလေး နှင့် ကျောက်မြောင်းကြားတွင် ၂၆ ကောင်၊ မလယ်ရွာနှင့် ရွှေကူမြို့ကြားတွင် ၃၇ ကောင်၊ ဆင်ခန်းနှင့် ဗန်းမော် ကြားတွင် ၁၃ ကောင် ကျင်လည်ကျက်စားကြောင်း WCS ထံက သိရသည်။
WCS Myanmar မှ Ayeyarwaddy Landscape Coordinator ကိုနိုင်လင်းက“ရှေ့ဆက်ပြီးတော့ အကျိုးရှိရှိ ပိုပြီး လုပ် နိုင် သွားမယ်လို့ ယူဆပါတယ်၊ လင်းပိုင်တွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေနဲ့ ခြိမ်းခြောက်မှုတွေကို လျှော့ချ နိုင်လိမ့် မယ်လို့ယူဆ ပါတယ်”ဟု ပြောသည်။
ကနဦးတွင် ထိန်းသိမ်းရေး ဧရိယာအား မလယ်ရွာမှ ရွှေကူမြို့အထိ ၂၀၀ ကီလိုမီတာ အထိတိုးချဲ့ရန် ရည်ရွယ်ခဲ့သော် လည်း ပထမခြေလှမ်း အနေဖြင့် ကီလိုမီတာ ၁၀၀ ခန့်သာ တိုးချဲ့သတ်မှတ်ရန် သဘောတူနိုင်ခဲ့ပြီး ကျန်ဧရိယာများ အား ကြားခံနယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း WCS က ထုတ်ပြန်ထားသည်။
ထိန်းသိမ်းရေး ဧရိယာအတွင်း ရေလမ်းကြောင်း ပိတ်ဆို့ချထားသည့် တန်းပိုက်၊ မြစ်ကြောင်းအတွင်း ကမ်းတဖက်မှ တဖက် ကို ပိတ်၍ ထားသည့် တန်းပိုက်များ၊ အလျား ပေ ၃၀၀ ထက်ပိုသည့် မျှောပိုက်များ၊ ဘက်ထရီ၊ ကျင်စက်၊ မီးစက် များဖြင့် ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ၊ မိုင်းခွဲ ငါးဖမ်းဆီးခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ အခါအားလျော်စွာ တားမြစ်သည့် ငါးဖမ်းကိရိယာ၊ ငါးဖမ်းနည်းစနစ်များဖြင့် မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
ထို့ပြင် ရေလုပ်သားများနှင့် တားမြစ်ထားသည့် ငါးဖမ်းကိရိယာများမှအပ မျှောပိုက်များ ချထား၍ ငါးဖမ်းရာတွင် ပိုက် တဖုံ နှင့် တဖုံကြား ပေ ၆၀၀ အကွာအဝေး ချန်လှပ်ထားရန် သတ်မှတ်ထားပြီး မတော်တဆ ဖမ်းမိပါကလည်း အရှင် အတိုင်း အမြန်ဆုံး ပြန်လွှတ်ပေးရန် ကြေညာထားသည်။
ဘက်ထရီ ရှော့တိုက် ငါးဖမ်းခြင်းများကြောင့် ၂၀၁၄ ခုနှစ်အတွင်း အသက် တနှစ်ခန့်ရှိ လင်းပိုင် အမတကောင် သေဆုံး မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ငါးနေငါးထိုင်များနှင့် ငါးများ ပေါက်ဖွားရာတွင် အရေးပါသော ရေတိမ် သောင်ခုံများ၊ ကျူတောများ၊ ကိုင်းတောများ၊ ဒိုက်တောများ ပျက်စီးစေသော အကြောင်းအရာများနှင့် ဓာတု ဆေးဝါးများ၊ ဓာတ်သတ္တု ပစ္စည်းများကို မြစ်အတွင်း စွန့်ပစ်ခြင်းများ လုံးဝမပြုလုပ်ရန်လည်း တားမြစ်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
- ဧရာဝတီလင်းပိုင် ၇ ကောင် တိုးလာကြောင်း တွေ့ရှိ
- ရှော့တိုက်ငါးဖမ်းခြင်းနှင့် ဧရာဝတီလင်းပိုင်တို့အနာဂတ် (၁)
- ရှော့တိုက်ငါးဖမ်းခြင်းနှင့် ဧရာဝတီလင်းပိုင်တို့အနာဂတ် (နိဂုံး)