စစ်အာဏာရှင်စနစ်မှ အရပ်ဘက် အုပ်ချုပ်ရေး ဒီမိုကရေစီသို့ အသွင်ကူးပြောင်းလျက်ရှိရာ လက်ရှိ ဒီမိုကရေစီခရီး ရှေ့ ခရီးဆက်နိုင်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်အတူ ခေါင်းဆောင်များကြားတွင် ယုံကြည်မှု တည်ဆောက် နိုင်ရေး လိုအပ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရဦးရွှေမန်းက ပြောသည်။
မနေ့က နေပြည်တော်ရှိ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရုံးတွင် ပြုလုပ် သည့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် DVB Debate Academy ဆွေးနွေးပွဲတွင် ယင်းကော်မရှင်၏ ဥက္ကဋ္ဌ လည်း ဖြစ်သူ သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သူရဦးရွှေမန်းက “အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီမိုကရေစီ ရှေ့တိုးသွားမှာ ဖြစ်ပါ တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရှိဖို့ ဆိုရင် တဖက်နဲ့ တဖက် ယုံကြည်ဖို့ လိုတယ်။ ပြီးလို့ရှိရင် သံသယတွေ လျော့နည်းဖို့ လိုပါတယ်။ ဒီအတိုင်းပဲ အတ္တ၊ မာနတွေ လျော့နည်းဖို့ လိုပါတယ်”ဟု ပြောသည်။
ထို့အတူ သက်ဆိုင်ရာ အဖွဲ့အစည်းရှိ ခေါင်းဆောင်ပိုင်းက မျက်နှာချင်းဆိုင်၍ စကားများများ ပြောရန် လိုအပ်ပြီး ထိုသို့ ပြုလုပ်နိုင်ပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို များစွာ အထောက်အကူပြုနိုင်ကြောင်း၊ အာဏာသိမ်းခံရမည်ကို စိတ်ပူနေမည့်အစား ဒီမိုကရေစီစနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ရေး အားလုံးက ကြိုးစားသင့်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေသည် တည်ငြိမ်မှု ရှိပြီး နောက်ကြောင်း ပြန်မလှည့်တော့ဟု ပြော၍ မရ သေးကြောင်း၊ ငြိမ်းချမ်းရေး အကြပ်အတည်း၊ ဖွဲ့စည်းပုံကို ဇွတ်အတင်း ပြင်ဆင်ရန် ကြိုးစားခြင်းနှင့် ရခိုင်ကိစ္စ အ ကြောင်းပြု၍ တပ်မတော်ကို ICC တင်ရန် ဖြစ်ပေါ်နေသည့် ကိစ္စများသည် အကြောင်းရင်းများ ဖြစ်သွားနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သူ ဦးရဲထွန်း က “ဘယ်လိုကိစ္စမျိုးက နောက်ကြောင်း ပြန်လှည့် နိုင်သလဲဆိုတော့ ပြည်သူလူထုမဲနဲ့ တက်လာတဲ့ ရွေးကောက်ခံ အစိုးရနဲ့ တပ်မတော်ရဲ့ ကြားမှာ ယုံကြည်မှု မရှိတော့ တဲ့ အခြေအနေက အထွတ် အထိပ်ရောက်သွားတဲ့ အခြေအနေမျိုးမှာ နောက်ကြောင်း ပြန်လှည့်နိုင်တယ်။ နောက်ကြောင်း ပြန်လှန့်တယ်ဆိုတာက တပ်မတော်က အာဏာပြန်သိမ်းမလားဆိုတဲ့ ကိစ္စပါပဲ”ဟု ပြောသည်။
အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက တပ်မတော်က ဦးဆောင်ရေးဆွဲခဲ့ သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တိုင်းပြည်ကို အုပ်ချုပ်နေခြင်း ဖြစ်ရာ အာဏာသိမ်းမည်ဆိုပါက ၎င်းတို့၏ ဥပဒေကို ပြန်၍ ချိုးဖောက်သလို ဖြစ်နိုင်သောကြောင့် အာဏာသိမ်းမည်ကို စိုးရိမ်ရန် မလိုကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဒီပါတီ၊ အဖွဲ့အစည်းတွေက လိုက်နာနေသေးသရွေ့တော့ တပ်က ပြန်လာမယ့် အကြောင်းတော့ မမြင်ပါဘူး။ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်က ရသင့်ရထိုက်တာတွေ ရနေတာပဲ။ တပ်မတော်တင်ပြတဲ့ ဘတ်ဂျက်ခွင့်ပြုငွေ ကိုလည်း ကျနော်တို့က ပေးနေတာပဲ”ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
တပ်မတော်၏ အဓိက တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေး အတွက် ဖြစ်သော်လည်း နိုင်ငံ တည်ဆောက်ရေး အတွက် အစိုးရက တာဝန်ပေးပါက လုပ်ရမည် ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းမှုဖြင့် ဝန်ကြီးများ ဖြစ်လာသည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ရှိကြောင်းလည်း သူရ ဦးရွှေမန်းက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ဒေါ်နယ်ထရန့်လည်း စစ်မှုမထမ်းဖူးဘူး။ ဘီကလင်တန် လည်း စစ်မှု မထမ်းဘူးဖူး။ ဒါပေမယ့် တကမ္ဘာလုံးမှာ အကြီးမားဆုံး စစ်တပ်ကို အမိန့်ပေးနိုင်တယ်။ ဆိုလိုတာက တပ်မတော်ဟာ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ သမ္မတရဲ့ အမိန့်ကိုတော့ နာခံရမှာပဲ”ဟု ပြောသည်။
တပ်မတော်က အာဏာရယူခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အရပ်သား အစိုးရသို့ အာဏာလွှဲပြောင်းပေးရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်များ၏ လုံခြုံရေး စိတ်ချရအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဌာန်း၍ အာဏာကို လွှဲပြောင်းပေးရခြင်းသည် အသွင်ကူးပြောင်းမှု ကာလတွင် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောသည်။
“အရင်တပ်ခေါင်းဆောင်တွေ အစိုးရအဖွဲ့ဝင်တွေက သူတို့ရဲ့ လုံခြုံရေးအတွက် ဒီလို ဆောင်ရွက်ခဲ့ရတယ်။ တဖက်နဲ့ တဖက် ယုံကြည်လာရင် စိတ်ချလာရရင် အခု ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲနိုင်လိမ့်မယ်။ ပြင်ဆင် နိုင်လိမ့်မယ်”ဟု ၎င်းက ပြောသည်။
ကမ္ဘာပေါ်တွင် အရပ်သား အစိုးရနှင့် စစ်တပ် ပူးပေါင်းပြီး ဆောင်ရွက်သည့် ဒီမိုကရေစီနိုင်ငံ အလွန်နည်းကြောင်း၊ အ ရပ်သား အစိုးရက ဦးဆောင်သည့် ဒီမိုကရေစီနိုင်ငံများက ပိုမို တိုးတက်ကြောင်း၊ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်သည့် အဖြစ်မျိုးမှာ မြန်မာနိုင်ငံတခုတည်းတွင်သာ ရှိကြောင်းလည်း သူရ ဦးရွှေမန်းက ပြောဆိုခဲ့သည်။