နေပြည်တော် လယ်ဝေးမြို့နယ်တွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် အစောပိုင်းက လက်နှက်နှင့် မူးယစ်ဆေးဝါး အချို့ပါသော ကားတစီး ဖမ်းဆီးရမိခဲ့ပြီး နောက် ထွက်ပြေး တိမ်းရှောင်နေသည့် ကားပိုင်ရှင်ကို မန္တလေးတိုင်း၊ ပုဂံမြို့တွင် မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
လယ်ဝေးမြို့မ ရဲစခန်းမှ ဒုရဲမှူး အောင်ဇေယျာလင်းက “ပုဂံမှာ မနေ့က ၇ နာရီ အချိန်က ဖမ်းမိတယ်။ မူးယစ်ဆေးဝါးလည်း ထပ်မိတယ်။ မနေ့တည်းက ကျနော်တို့က သတင်းတွေ ဖြန့်ထားလိုက်တာလေ” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ပုဂံတွင် မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူ တရားခံ သက်နိုင်(ခ) ဦးသိန်း ဆိုသူသည် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းအုပ်စု၊ ရုံးတောကျေးရွာ ၊ ဗွီဖိုးလမ်းမပေါ်တွင် SHN -2C / 4354 နံပါတ်တပ် ဆင်ထားသော COROLLA အနက်ရောင် ကားထဲတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြားနှင့် ကျည်ဆံ ၂ တောင့်အပါအဝင် ကျည်ခွံ ၃ ခု ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသို့ ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နံနက် ၂ နာရီခန့်က ဦးသက်နိုင်က ကားဘီးပေါက်သည်ဆိုကာ အမြန်လမ်းမ ကြီးမိုင်တိုင် အမှတ် ၁၉၄ ဘက်သို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရန် ‘ဖြိုးသီရိ’ လက်ဖက် ရည်ဆိုင်အနီးနေ အောင်ဆန်းဦးအား ဆိုင်ကယ်ငှားစီးရာ ဦးသက်နိုင်ထံတွင် ခါးချိုး၍ရသော သေနတ် ၁ လက်နှင့် ဓားကိုင်ဆောင်ထားသည်ကို တွေ့ရှိသောကြောင့် လမ်းတွင် ဆိုင်ကယ်ဆီဝင်ဖြည့်ပြီး ဖုန်းဆက် အကြောင်းကြားနေစဉ် ဦးသက်နိုင်က ဆိုင်ကယ်ကိုဆော့ကတ်ဖြုတ်၍ အေလာလမ်းဆုံဘက်သို့ မောင်းနှင် ထွက်ပြေးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
လယ်ဝေးမြို့မ ရဲစခန်းသို့ သတင်းပေးပို့ချက် အရ အဆိုပါ ကားဘီးပေါက်နေသည့် မော်တော်ယာဉ်အား သွားရောက်စစ်ဆေးရာတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၇) ပြား၊ အလေးချိန် (ဝ.၇) ဂရမ်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဝါးလုံး ပိုက်တပ်လျက် DENKO max2O ရေသန့်ဘူး (၁) ဘူး၊ ကျည်ဆံ (၂) တောင့် ၊ ကျည်ခွံ (၃)ခု၊ ကျည်ဗူး (၂) ခု၊ ပိတ်စအဖြူတပ်လျက် ဓာတ်ဆီအပြည့်ထည့်ထားသော M-150 အချိုရည်ဗူး (၁)ဘူး၊ သက်နိုင်အမည်ပါ အမှတ် ခ/၀၀၃၄၁/၁၄ ကညန ယာဉ်မောင်းလိုင်စင် (၁) ခု စသည့်ပစ္စည်းတို့ ဖမ်းဆီးရခဲ့မိကြောင်း ရဲမှတ်တမ်းက ဆိုသည်။
ထိုသို့ ဆိုင်ကယ်ဆော့ကတ်ဖြုတ်၍ ထွက်ပြေးမောင်းနှင်သွားသူ ကိုသက်နိုင်ကို ပုဂံနယ်မြေ ရဲစခန်းမှ WY ဆေးပြား ၂၁ ပြား နှင့် ငှက်ကြီးထောင်ဓား တလက်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းနှင့် အတူ ပါသွားသည့် ခါးချိုး၍ရသော သေနတ် (၁) လက်မှာ ဖမ်းဆီးရရှိမှု မရှိဘဲ ၊ ယင်း သေနတ် အမျိုးစားမှာ နောက်ဆုံး စုံစမ်းရသည့် အခြေအနေမှာ လေသေနတ် ဖြစ်ကြောင်း ၊ ပုဂံနယ်မြေ ရဲစခန်းမှ ယင်းအမှုကို စစ်ဆေးရာတွင် ယင်းလက်နှက်ကိစ္စအား ထည့်၍ စစ်ဆေးမေးမြန်းရန် အကြောင်းကြားထားကြောင်း ဒုရဲမှူး အောင်ဇေယျာလင်းကပြောသည်။
“သူက ရှမ်းပြည်နယ် ကလောက။ ကားဘီးပေါက်ပြီး ကျန်ခဲ့တဲ့ ကားကိုတော့ လယ်ဝေး ရဲစန်းမှာပဲ။ သူ့ကို ပုဂံမှာ မိတာ ဖြစ်တဲ့ အတွက် ပုဂံမှာ အမှုရင်ဆိုင်ရမယ်။ ပုဂံမှာ စစ်ပြီးရင် လယ်ဝေးမှာစစ်မယ်။ အမှု က ၂ မှု ဖြစ်သွားတာပေါ့” ဟု ပြောသည်။
ပုဂံ နယ်မြေ ရဲစခန်းမှ တရားခံ ဦးသက်နိုင်ကို စစ်ဆေးမေးမြန်းရာတွင် ၎င်းနှင့် အတူ ပါသွားသည်ဟု သတင်းပေးချက်အရ သိရှိထားသည့် ခါးချိုး၍ရသော သေနတ် ၁ လက်ကို စစ်ဆေးမေးမြန်းရာတွင် လမ်းတွင် လွှင့်ပြစ်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဒုရဲမှူး အောင်ဇေယျာလင်းက ပြောသည်။
လက်နှက်နှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ ရဲစခန်းများမှ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ဆေးဆဲ ကာလ ဖြစ်သည်ဟု သိရသည်။
လက်နှက်၊ ကျည်ဆန်အခွံများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသူ ဦးသက်နိုင်ကို လယ်ဝေး မြို့မ ရဲစခန်းမှ စက်တင်ဘာ ၇ ရက်နေ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၆(ဂ)၂၂ ဖြင့် ဒုရဲအုပ်မျိုးသက်ဦးက တရားလို ပြုလုပ်၍ အမှုဖွင့်ထားပြီး၊ ပုဂံနယ်မြေ ရဲစခန်းတွင်လည်း မူးယစ်(ပ)၁/၂၀၁၈ ၁၆(ဂ)/၂၂(ခ)ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။