ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူ လူဦးရေ ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံသို့ စတင် လွှဲပြောင်း ပို့ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် စက်တင်ဘာလ ၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နေရပ်စွန့်ခွာသူများကို လွှဲပြောင်း လက်ခံမည့် အချိန်နှင့် အသေးစိတ်အခြေနေကိုတော့ ပြောကြားခြင်း မရှိပါ။
ဦးဇော်ဌေး က “ဒီနေ့ဆိုရင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက လူ ၃ ထောင်လောက် စပို့မယ်ဆိုတာ ဒါက အရမ်းကြိုဆိုဖို့ကောင်းတဲ့ကိစ္စ။ မူလကတည်းက ဒါကို ဖြစ်စေချင်လို့ လုပ်နေတာ” ဟု ပြောသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ကြိုးစားလုပ်ဆောင်နေခဲ့ကြောင်း၊ ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးဖြစ်စဉ်သည် မြန်ဆန်လာပြီး ရင်ဆိုင်နေရသည့် နိုင်ငံတကာဖိအားများ လျော့ကျသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
“ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်မှုက ဒီလိုမျိုးဖြစ်လာပြီဆိုရင် ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးက မြန်လာမယ်။ မြန်လာပြီဆိုရင် ကျန်တာတွေကတော့ သူ့ဟာနဲ့သူ ဆက်တိုက်ဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု ဦးဇော်ဌေး က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာမှုဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တင်ကာ အရေးယူနိုင်ရေး ဖိအားပေး တောင်းဆိုမှုများရှိနေပြီး နေရပ်စွန့်ခွာသူများ ပြန်လက်လက်ခံရေးနှင့် နေရာချထားရေးဖြစ်စဉ် နှေးကွေးနေမှုကြောင့် နိုင်ငံတကာဖိအားများမှာ လျော့ကျမှုမရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြန်လည်လက်ခံမည့်ကိစ္စမှာ တိုင်းရင်းသားများကို အကြမ်းဖက်၍ နိုင်ငံတော်ကို ပုန်ကန်ကာ တဘက်နိုင်ငံသို့ ထွက်ပြေးသူများကို နိုင်ငံတကာ ဖိအားများကြောင့် ပြန်လည်လက်ခံခြင်းဟု မြင်ပြီး ယင်းကဲ့သို့ မဖြစ်သင့်ကြောင်း ပြောသည်။
ဦးအောင်သောင်းရွှေ က “ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တဘက်က လူတွေ ထိပါးနေပြီး ဒီလိုပဲ အညံ့ခံ လိုက်လုပ်နေမယ့်အစား ဒေသခံ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဘာတွေလုပ်သင့်လဲဆိုတာကို ဆွေးနွေးပြီးမှ ဘာလုပ်သင့်လဲဆိုတဲ့ တုံ့ပြန်မှုတခု လုပ်ဖို့ ပြောချင်တယ်။ နိုင်ငံတကာဖိအားကို ကြောက်ပြီး ဒီလိုလုပ်နေတယ်ဆိုတာ ကျနော်တို့ အနာဂတ်အတွက် ကောင်းတယ်လို့ မထင်ဘူးဗျ” ဟု ပြောသည်။
“ဒီဟာတွေကို ဘယ်လောက် အကောင်အထည်ဖော်ပြီး လုပ်လုပ် နိုင်ငံတကာဖိအားကတော့ လုံးဝလျော့သွားမှာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်တယ်” ဟု ၎င်းက ဆက်၍ ပြောသည်။
ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးကိစ္စများနှင့်ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီအချက် အတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အောင်မြင်စွာအကောင် အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
ဦးဇော်ဌေးက “၉၃ သဘောတူညီချက်ကို အရင်တုန်းကလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာကို အခြေခံပြီး လုပ်ထားတာ ဖြစ်တယ်။ ဒါကလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီအတိုင်း အကောင်အထည်ဖော်မယ် ဆိုရင် မဖြစ်စရာ မရှိဘူး” ဟု ပြောသည်။
ယခု စတင်လက်ခံမည့် နေရပ်စွန့်ခွာသူ လူဦးရေ ၃၀၀၀ ကို ပြည်တွင်းသို့ အမှန်တကယ် အဆင်ပြေ ဂုဏ်သိက္ခာရှိစွာ ပြန်လာခွင့်ရပြီး ၎င်းတို့နေထိုင်ရန် လုံခြုံစိတ်ချရသည့် အနေအထားကို အစိုးရက ဖန်တီးပေးနိုင်မည်ဆိုပါက နိုင်ငံတကာဖိအား လျော့ကျလာမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် အစ္စလာမ်ဘာသာဝင်တဦးလည်းဖြစ်သည့် ဦးထွန်းကြည်က သုံးသပ်ပြောဆိုသည်။
ဦးထွန်းကြည်က “တာထွက်ကောင်းမယ်ဆိုရင် ဒေသတွင်းနဲ့ နိုင်ငံတကာမှာလည်း တို့အစိုးရကို အသိအမှတ်ပြုမယ်။ နံပါတ်၂အဆင့်ကတော့ ယုံကြည်ကိုးစားတဲ့ အဆင့်ပေါ့။ ပြန်ဝင်လာတဲ့သူတွေကလည်း ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ဝင်လာနိုင်မယ်။ ရောက်တဲ့အခါမှာလည်း လုံခြုံစိတ်ချရတဲ့ အနေအထားမျိုးကို ပေးထားတဲ့ကတိအတိုင်း၊ အခင်းအကျင်းအတိုင်း ဖန်တီးနိုင်မယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားက အတိုင်းအတာတခုအထိ လျော့သွားမယ်”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရက အကောင်အထည်ဖော်မည်ဟု ကတိကဝတ်ပြုထားသော ကိစ္စများဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR ၊UNDP တို့နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုး ထားသည် နားလည်မှုစာချွန်လွှာများ၊ ဒေါက်တာ ကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိမရှိကို တပ်မတော်နှင့် ရဲတပ်ဖွဲ့မှလည်း စုံခုံဖွဲ့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။
“အများစုကို အမြန်ဆုံး ဖော်ဆောင်မယ်လို့ ပြောထားတယ်။ ကိုဖီအာနန် အကြံပြုချက် ၈၈ ချက်မှာ ၈၁ ချက်လောက် လုပ်နေပြီ။ ကျနော်တို့ လုပ်ပါမယ်လို့ ပြောထားတဲ့ ကတိကဝတ်တွေကို ပြီးအောင် လုပ်ဖို့လိုတယ်။ အဲဒါမှ ကျနော်တို့ နိုင်ငံသည် တာဝန်သိ တာဝန်ယူတဲ့နိုင်ငံဖြစ်မယ်။ အလားတူပဲ အခု နိုင်ငံတကာကပြောနေတာသည် မြန်မာနိုင်ငံရဲ့ Accountability ကို ပြောတာ” ဟု ဦးဇော်ဌေးက ပြောသည်။
ရခိုင်ပြည်နယ်ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီမယ်နာလို ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၃၀ ရက်က ဖွဲ့စည်းတာဝန်ပေးထားပြီး ယင်းအဖွဲ့မှလည်း ရခိုင်ပြည်နယ်တွင် စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်အရ သတ်မှတ်ထားသော ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်က အဆင်သင့်ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်မည်ကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သူများဖြစ်ပြီး မိမိဆန္ဒအလျောက် ပြန်လာလိုသူများ၊ ပြစ်မှုကျူးလွန်းခဲ့ခြင်းမရှိသူများကို စိစစ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။