မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ကျဆင်းနေသည်ကို အစိုးရအနေနှင့် လက်ခံပေးရန် လိုအပ်ပြီး အနာဂါတ်တွင် ခရီးသွားစီးပွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာစေရန် ဘဏ္ဍာငွေကြေးကို ချထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာ့ခရီးသွား စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အဖွဲ့ (MTE) မှ ဒေါ်စံပယ်အောင်က ပြောသည်။
ဒေါ်စံပယ်အောင်က “အခု ခရီးသွားစီးပွားရေးက တကယ်ကို ကျဆင်းနေတယ်။ နှေးကွေးလွန်းနေတယ် ဆိုတာ ကျမတို့ကို အစိုးရအနေနဲ့ လက်ခံပေးဖို့ နောက်ပြီး ကိန်းဂဏန်းတွေကိုပဲ ကြည်ပြီး စီးပွားရေးမကျဘူးဆိုတာကို တွက်ဆလိုမရတဲ့အကြောင်း ပြောချင်ပါတယ်။ ဒါကြောင့် နောင်လာမယ့် အနာဂါတ်ရဲ့ စီမံကိန်းတွေကို ကျမတို့ ခရီးသွားစီးပွားကို ကူညီပေးဖို့ ဘဏ္ဍာငွေကြေးတွေ ထောက်ပံ့ပေးဖို့ ဒီနေရာကနေ ကျမပြောချင်ပါတယ်” ဟု ပြောသည်။
ယင်းကို စက်တင်ဘာလ ၇ ရက်က International Business Center (IBC) တွင်ပြုလုပ်သော “မီးခိုးမဲ့စက်ရုံတို့၏ အနာဂတ် စကားဝိုင်း” ပွဲ၌ ၎င်းက ပြောခြင်းဖြစ်သည်။ အဆိုပါ ပွဲကို လုပ်ဆောင်ရသော ရည်ရွယ်ချက်မှာလည်း လက်ရှိ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ နှေးကွေး၊ ကျဆင်းနေသောကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒေါ်စံပယ်အောင်က “ကျမတို့က လက်ရှိအခြေအနေကို အပြစ်တင်နေမယ် ဆိုတာထက် အပြုသဘောနဲ့ နောင်လာမယ့် ဆယ်နှစ်မှာ မြန်မာနိုင်ငံရဲ့ ခရီးသွားအခြေအနေက ဘယ်လိုအခြေအနေမှာ ရှိနေမှာလည်း အဲဒါကို ကျမတို့မြန်မာအစိုးရက ဘယ်လိုမျိုး ပေါ်လစီတွေ ချမှတ်ရမှာလည်း၊ ဘယ်လိုခြေလှမ်းမျိုးလှမ်းရမှာလည်း၊ ဘာတွေကိုဆောင်ရမှာလည်း၊ ဘာတွေကိုရှောင်ရမှာလည်း ဘယ်လိုလူမှန်နေရာမှန်နဲ့ လုပ်ဆောင်ရမလဲ ဆိုတာ ကျမတို့က တင်ပြချင်ပါတယ်” ဟု ပြောသည်။
ထို့ကြောင့် ယခုလောလောဆယ်တွင် မြန်မာနိုင်ငံ ခရီးသွားလောကအခြေအနေများကို သိမ်မွေ့စွာနှင့် အစိုးရသို့ တင်ပြသွားမည် ဖြစ်သည်ဟု ၎င်းကပြောသည်။
ပထမတချက် အနေနှင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံ တခုဖြစ်သောကြောင့် အခြားနိုင်ငံများနည်းတူ ခြေလှမ်း မီအောင် လိုက်နိုင်မည့် နည်းလမ်းမှာ ဒီဂျစ်တယ်ဈေးကွက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဆိုင်သော ဝန်ကြီးဌာန၊ အစိုးရတို့က ရင်းနှီးမြှုပ်နှံမှုကို စနစ်တကျ လုပ်ပေးရန် လိုအပ်သည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သည့်နေရာတွင်လည်း ဝက်ဆိုဒ်ရေးဆွဲသည့် ကုမ္ပဏီကိုဒေါ်လာငွေ ပေါင်းများစွာ သုံးစွဲပြီး ဌားရမ်း ဒါမျိုးမဟုတ်ပဲ ကမ္ဘာအဆင့်မီ Digital marketing နှင့် ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင်များနှင့် ချိတ်ဆက်လုပ်ဆောင်သင့်ကြောင်း ထောက်ပြသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဆက်စပ်သော ကမ္ဘာကရှုံ့ချနေသည့် ပုံရိပ်ကို ပြန်လည်တည်ထောင်သင့်ပြီး တည်ထောင်ရာတွင်လည်း UN ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများကို သိမ်မွေ့ညင်သာစွာ ဖြေရှင်းနိုင်သော နည်းများကို လုပ်ဆောင်သင့်သည်ဟုဆိုသည်။
တဆက်တည်းမှာဘဲ မြန်မာနိုင်ငံ၏ ခရီးသွားစီးပွားရေးတွင် စီမံခန့်ခွဲမှုများကို ပြောင်းလဲသင့်ကြောင်း၊ မပြောင်းလဲဘဲနှင့် ခရီးသွားစီးပွားအရွှေ့ကိုမရောက်ရှိနိုင်ကြောင်းလည်း ထောက်ပြထားသည်။
“ဆိုလိုတာကတော့ အရင်လူဟောင်းတွေက အရင် ဥပဒေဟောင်းတွေနဲ့ ဈေးနှုန်းကြီးမြင့်မှု ပြဿနာတွေ ဝိသမ လောဘကြောင့် မြန်မာနိုင်ငံ ခရီးသွား နာမည် ပျက်ခဲ့ရတာတွေ နောက်လေကြောင်းလိုင်းတွေ ရပ်ဆိုင်းသွားရတာတွေ အမျိုးသားအကျိုးစီးပွား ကာကွယ်လွန်းတာတွေ စတာတွေ က လူဟောင်းတွေရဲ့ မူဟောင်းတွေ ဟောင်းနွမ်း ဆွေးမြေ့တယ်လို့ ယူဆပါတယ်”ဟု ဒေါ်စံပယ်အောင် က ပြောသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ခရီးသွား အောင်မြင်စေချင်သည် ဆိုလျှင် အသင်းအဖွဲ့များ၊ စုစည်းပြီး လုပ်ဆောင်တတ်သော နိုင်ငံတကာ အသိပညာရှင်၊ အတတ်ပညာရှင်များ အဖွဲ့လိုက်၊ အုပ်စုလိုက် လိုအပ်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ယခု “မီးခိုးမဲ့စက်ရုံတို့၏အနာဂတ်စကားဝိုင်း” ဆွေးနွေးပွဲမှ ရရှိလာသော ခရီးသွားဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သင့်သော အချက်များကို အနှစ်ချုပ်၍ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနများသို့ ရက်သတ္တတပတ်အတွင်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Tour De Myanmar ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်လှဒလီခင် က “ခရီးသွားအခြေအနေက အရမ်းကို ကျဆင်းနေပါတယ်။ ဒါပေမယ့် ဒါက အခုမှ ဖြစ်လာမယ်ဆိုပြီးတော့ သိတာတော့မဟုတ်ဘူး။ မနှစ်က ရခိုင်အရေးစပြီဆိုထဲက ကျဆင်းမယ်ဆိုတာ ကြိုတင်ခန့်မှန်းမှုတော့ ရှိပြီးသားပါ” ဟု ပြောသည်။
လက်ရှိ ခရီးသွားက Digital marketing ဘက်ကိုရွှေ့နေပြီဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့် ပြည်တွင်းမှ ပြည်ပသို့ သွားသည့် ခရီးသွား ဦးရေ၊ ပြည်ပမှ ပြည်တွင်းသို့ လာသော ခရီးသွားဦးရေတို့ကို ကြိုတင်မှန်းဆနိုင်သော အိုင်တီနည်းပညာများ လိုအပ်နေပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
သို့ဖြစ်၍ အစိုးရအနေနှင့်မည်သို့ အရွှေ့ဖြင့် လုပ်ကိုင်လာမည်လဲ ဆိုသည့် အချက်များကို လုပ်ငန်းရှင်များ အနေနှင့်မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
လက်ရှိအစိုးရအနေနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နေသော အချက်များကို ၎င်းအနေနှင့် အားမရကြောင်း ပြောသည်။
အနာဂါတ်ခရီးသွား စီးပွားတွင်ဖြစ်လာမည့် Digital marketing ရည်မှန်းပြီး နည်းပညာကျွမ်းကျင်သော လူသား အရင်းအမြစ်များ ပြင်ဆင်ထားသည့်အပြင် ယခုရှိနေသော နည်းပညာပိုင်းကိုလည်း အကောင်းဆုံး အသုံးချပြီး လုပ်ဆောင်သင့်ကြောင်း Digital marketing အပိုင်းကို အဓိထားဆွေးနွေးခဲ့သည့် Creating Treasured Memories မှ Chief Executive Officer ကိုမင်းသန်းထွဋ်က ပြောသည်။
မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိူင်လအထိ ဗီဇာဖြင့် လာရောက်သူပေါင်း ၇၇၇၃၉၃ နှင့် နယ်စပ်ဂိတ်ပေါက်မှ လာရောက်သူ စုစုပေါင်း ၁၁၉၂၆၂၀ ဦးရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မီးခိုးမထွက်တဲ့ စက်ရုံတွေ ဆက်လည်ပတ်နိုင်ပါ့မလား
ခရီးသွားလုပ်ငန်းက သတင်းဆိုးရော သတင်းကောင်းပါ သယ်ဆောင်လာသည်