အရှုံးပေါ်နေသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုပုံစံများကို ပြန်လည်ဆန်းစစ်ပြီး ထိန်းကျောင်းရန် လိုအပ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်က စက်တင်ဘာလ ၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင် က “၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေစာရင်းအရ နိုင်ငံတော်ပိုင် အဖွဲ့အစည်း ၃၂ ခုရှိသည့်အနက် အမြတ်ရရှိသည့်အဖွဲ့အစည်း ၂၂ ခုရှိပြီး အဖွဲ့အစည်း ၁၀ ခုမှာ အရှုံးပေါ်လျှက်ရှိရာ စုစုပေါင်း ၈၃၃ ဒသမ ၃၈၇ ဘီလီယံရှိကြောင်း လေ့လာတွေ့ရှိရပြီး ပြည်ထောင်စုဘဏ္ဍာငွေမှ ကျခံသုံးစွဲနေရခြင်းကို ကုစားနိုင်ရန် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ ပိုင်ဆိုင်မှုပုံစံ၊ စီမံခန့်ခွဲမှု ပုံစံကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင် တင်သွင်းသည့် “မတူကွဲပြားသော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းကြီးများအား သဘာဝအားဖြင့်တူညီသော လုပ်ငန်းများအဖြစ်စုဖွဲ့ပြီး အုပ်စုတခုစီအလိုက် ဆီလျော်သော ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အားလုံးကို လွှမ်းခြုံနိုင်သည့် နိုင်ငံပိုင်လုပ်ငန်းပြုပြင်ပြောင်းလဲရေးစီမံချက်နှင့် မဟာဗျူဟာတရပ် ချမှတ်အကောင်အထည်ဖော်ပေးရန် အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင် က “နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လက်ရှိဖြစ်ပေါ်နေသော ပကတိ အခြေ အနေများအား ပြန်လည်သုံးသပ်ပြီး စီးပွားရေးအရ အောင်မြင်သော လုပ်ငန်းများဖြစ်စေရေးနှင့် နိုင်ငံတော်အတွက် ဘဏ္ဍာရန်ပုံငွေ ပံ့ပိုးထောက်ပံ့ပေးနိုင်သော အဖွဲ့အစည်းများ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ ထိထိရောက်ရောက် ထိန်းကြောင်းပေးရန် လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့ စီးပွားရေး လေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာအရ ပြီးခဲ့သည့် လေးနှစ်အတွင်း နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ ဝင်ငွေနှင့် အသုံးစားရိတ်စုစုပေါင်းသည် ဂျီဒီပီ၏ ၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအကြားရှိပြီး ယင်းလုပ်ငန်းများ၏ ရောင်းရငွေသည် ဂျီဒီပီ၏ ၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ယင်းလုပ်ငန်းများ၏ အကြမ်းအမြတ်နှင့် အသားတင်အမြတ်မှာလည်း ကဏ္ဍတိုင်းတွင် ကျဆင်းလာသည်ကို တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံပိုင်လုပ်ငန်းများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးကြသည်။
အမြတ်ရရှိသော နိုင်ငံတော်ပိုင်လုပ်ငန်းများအပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ အချို့သော ငွေလုံးငွေရင်း အသုံးစားရိတ်များအား သက်ဆိုင်ရာမိခင် ဝန်ကြီးဌာနများတဆင့် နိုင်ငံတော်မှ ဆက်လက်ကျခံပေးနေခြင်းကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်းလည်း ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
သို့ရာတွင် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများပေးနေသော မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ကုန်လမ်းပို့ဆောင်ရေး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများ၏ အရှုံးပေါ်နေမှုများအတွက်ကိုမူ ပြည်ထောင်စုရန်ပုံငွေမှ ဆက်လက်ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်က ပြောသည်။
ထို့အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေခြင်းကို ကုစားနိုင်ပြီး စီးပွားရေးတိုးတက်လာစေရန်အတွက် နိုင်ငံ့အခြေအနေနှင့် ကိုက်ညီသည့် နိုင်ငံပိုင်စီးပွားရေး ပိုင်ဆိုင်မှုပုံစံပြောင်းလဲရန်အတွက် သင့်လျော်သည့် Model ရွေးချယ်ဆောင်ရွက်နိုင်ရန်၊ ယင်း Model နှင့် သင့်တော်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများအား နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲသွားရန် လိုအပ်ကြောင်း ၎င်းက တင်ပြခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များ ဖွံဖြိုးတိုးတက်ရန်နှင့် စွမ်းဆောင်ရည်အကဲဖြတ်နိုင်စေရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံ ငွေတိုက်ဌာန၏ ကျွမ်းကျင်မှု၊ နည်းပညာထောက်ပံ့မှုဆိုင်ရာရုံးခွဲ မှ နည်းပညာ အကူအညီရယူ၍ လုပ်ငန်းစွမ်းဆောင်ရည် စောင့်ကြည့် ကြပ်မတ်မှု ညွှန်းကိန်းများ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းများ၊ အစိုးရထောက်ပံ့မှုမလိုအပ်ဘဲ ရပ်တည်နိုင်သော လုပ်ငန်းများ၊ အစိုးရထောက်ပံ့မှုဖြင့် ရပ်တည်နိုင်သော လုပ်ငန်းများ၊ ရပ်တည်နိုင်ခြင်းမရှိသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဟု အုပ်စုလေးခုခွဲကာ မူဘောင်အသစ်ဖြင့် ကျင့်သုံးရန်နှင့် စီးပွားရေးအဖွဲ့အစည်းတခုချင်းစီအတွက် လုပ်ငန်းသဘာဝအလိုက် နိုင်ငံတော်သို့ထည့်ဝင်ရသည့် အချိုးအစားကို သတ်မှတ်နိုင်ရန် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ အရအသုံးမှန်းခြေယာယီအမှန်စာရင်းအရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေ စုစုပေါင်း ကျပ် ၇၉၀၀ ဒသမ ၁၄၂ ဘီလီယံ၊ ယင်းတို့၏ ပြန်ထုတ်သုံးငွေ ၇၆၈၀ ဒသမ ၅၈၁ ဘီလီယံဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စု၏ စုပေါင်းရငွေတွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေပါဝင်မှု ၄၄ ဒသမ ၆၂ ရာခိုင်နှုန်း၊ ပြည်ထောင်စု၏ စုစုပေါင်းသုံးငွေတွင် ၃၈ ဒသမ ၇၉ ရာခိုင်နှုန်း၊ အဆိုပါသုံးငွေတွင် ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေပါဝင်မှု ၁၄ ဒသမ ၇၆ ရာခိုင်နှုန်းနှင့် ပြည်ထောင်စု၏ စုစုပေါင်းသုံးငွေတွင် ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ပါဝင်မှု ၅ ဒသမ ၇၃ ရာနှုန်းဖြစ်ကြောင်း သိရသည်။